သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ပဋိပက္ခ Ethnic Cleansing အဖြစ် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးရှုမြင်


အမေရိကန်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Mohammad Ziauddin
အမေရိကန်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Mohammad Ziauddin

မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်းကျော် အရေးနဲ့ ပတ်သက်ပြီး အမေရိကန်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကလည်း ဒါဟာ (Ethnic Cleansing) လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု ဖြစ်တယ်လို့ ပြောကြားလိုက်ပြီး ဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေးအတွက် အရေးယူ ဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

VOA သတင်းထောက် Nike Ching နဲ့ မနေ့က သီးခြားတွေ့ဆုံမေးမြန်းခန်းအတွင်း သံအမတ်ကြီးက အခုလို တိုက်တွန်း လိုက်တာ ဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်းခန်းရဲ့ အဓိက အချက်တွေကို မအင်ကြင်းနိုင် က တင်ပြပေးပါလိမ့်မယ်။

သြဂုတ်လ နှောင်ပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က မြန်မာလုံခြုံရေးတပ်စခန်း ၃၀ ကို အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ပြီး မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ရိုဟင်ဂျာမွတ်စလင်တွေ သိန်းနဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတာနဲ့ ပတ်သက်လို့ အမေရိကန်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Mohammad Ziauddin က ဒါဟာ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုဖြစ်တယ်လို့ ဗွီအိုအေ သတင်းထောက် Nike Ching ရဲ့ အမေးကို အခုလိုဖြေကြားပါတယ်။

“ဒါဟာ လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှု အမှန်တကယ်ဖြစ်ပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု အစီအစဉ်ဟာ အတိုင်းထက်အလွန်ကြီးမားပြီး တကယ်ဆို လူမျိုးတုန်းသတ်ဖြတ်မှု အသွင်ဆောင်ပါတယ်။ လူ့သမိုင်းမှာ အမှောင်အကျဆုံး ကဏ္ဍတရပ်ဖြစ်နိုင်ပါတယ်။”

ရိုဟင်ဂျာ ဒုက္ခသည် ၆၀၀,၀၀၀ ကျော် နှစ်လအတွင်း ရောက်ရှိလာတဲ့အတွက် ဘင်္ဂလားဒေ့ရှ်က တာဝန်ယူ စောင့်ရှောက်ထားရာမှာ နိုင်ငံတကာရဲ့ အကူအညီတွေကို ရရှိခဲ့တယ်လို့ သံအမတ်ကြီးကဆိုပါတယ်။ အဲဒီအထဲမှာ အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၁၀၄ သန်းနဲ့ အများဆုံးထည့်ဝင်တဲ့ နိုင်ငံတွေအနက် ပါဝင်ခဲ့ပြီး နောက်လည်း ထပ်မံထည့်ဝင်မှာဖြစ်တယ်လို့ သူယုံကြည်တဲ့အကြောင်း သံအမတ်ကြီးက ပြောပါတယ်။

ဒုက္ခသည်တွေကို Cox’s Bazaar ရှိ Kutupalong မှာ ထားရှိပြီး အစိုးရအနေနဲ့ လမ်းသစ် ၁၀လမ်းဖောက်လုပ်ပေးပြီး ရွက်ဖျင်တဲအလုံးပေါင်း ၂၀,၀၀၀ ခန့်ကိုလည်း ဆောက်လုပ်ပေးဖို့ရှိပြီး မြန်မာဘက်ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည် အားလုံးကို မှတ်ပုံတင်ဖို့ လုပ်ဆောင်နေကြောင်း သံအမတ်ကြီးကပြောပါတယ်။

“မှတ်ပုံတင်စာရင်းကောက်ခံတဲ့ ရုံပေါင်း ၈၅နေရာကို ဖွင့်လှစ်ပေးထားပြီး မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို နေ့စဉ် ၁၃,၀၀၀နှုန်းနဲ့ မှတ်ပုံတင်ပေးလျှက်ရှိပါတယ်။ အခု မှတ်ပုံတင်ထားတာ ၃၀၀,၀၀၀ ကျော်သာရှိပေမယ့် အားလုံးကို မှတ်ပုံတင်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်အတွက် သိပ်ကိုကြီးမားတဲ့ တာဝန်ကြီးဖြစ်ပြီး ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့မှာ ထမ်းဆောင်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့အကူအညီကြောင့်သာ အခုလို လုပ်နိုင်ခဲ့ပါတယ်။”

ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်ပို့တဲ့အခါ အခုလို ကောက်ခံထားတဲ့ ဒုက္ခသည် မှတ်ပုံတင်စာရင်းအပြည့်အစုံကို မြန်မာအစိုးရဘက်ကို လွှဲပြောင်း ပေးနိုင်မှာဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ဒါအပြင် ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ သူတို့နေရပ်ရင်းကို ပြန်သင့်ကြပြီး မြန်မာနိုင်ငံအနေနဲ့လည်း ဒါကိုလက်ခံလိမ့်မယ်လို့ ယုံကြည်ကြောင်း သံအမတ်ကြီးက ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ဆက်ဆံရေးကောင်းမွန်ပါတယ်။ ကျနော်တို့ ဒီပြသနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ မြန်မာအစိုးရကလည်း ဒီဒုက္ခသည်တွေကို ပြန်လက်ခံဖို့ နားလည်သဘောပေါက်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဒီလူတွေဟာ သူတို့ နေရပ်ရင်းကို ပြန်သင့်ပါတယ်။ သူတို့နေရပ်ရင်းဟာ သူတို့ကို ပျူငှာစွာလက်ခံမယ်ဆိုရင် သူတို့လည်း ပြန်ကြမှာပါ။”

ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Mr. Asaduzzaman ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဟာ ပြီးခဲ့တဲ့ သတင်းပတ်က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးခဲ့ရာက ရလာဒ်နဲ့ ပတ်သက်လို့သံအမတ်ကြီး Mohammad Ziauddin က အခုလိုပြောပါတယ်။

“ဒီဆွေးနွေးပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်လက်ခံဖို့ ကတိပေးခဲ့ပါတယ်။”

ဒါအပြင် ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ပြစ်တင်ရှုံချတဲ့အကြောင်း သူက အခုလိုပြောပါတယ်။

“အစွန်းရောက်အကြမ်းဖက်မှုကို ဘင်္ဂလားဒေ့ရှ်က အားမပေးပါဘူး။ အကြမ်းဖက်လုပ်ရပ်၊ ခြိမ်းခြောက်ခံရတဲ့ ဘယ်နိုင်ငံနဲ့မဆို ဘင်္ဂလားဒေ့ရှ်က ရပ်တည်ပါတယ်။ အကြမ်းဖက်မှုအပေါ် လုံး၀ သည်းမခံတဲ့ မူဝါဒကို ကျင့်သုံးပြီး မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုတွေဟာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်ခဲ့ရင် သူတို့ကို ပြစ်တင်ရှုံချပါတယ်။ အကြမ်းဖက်သမားတွေကို ဘယ်နိုင်ငံကမှ လက်မခံသင့်ပါဘူး။”

ဘင်္ဂလားဒေ့ရှ်မှာလက်ရှိ တရားမဝင်အစွန်းရောက်အဖွဲ့အစည်း ၈ ဖွဲ့ရှိနေပြီး လွန်ခဲ့တဲ့ တနှစ်ခွဲအတွင်း ဒီအကြမ်းဖက်အုပ်စုတွေဟာ ဘင်္ဂလားဒေ့ရှ်အစိုးရကို မကြာခဏဒုက္ခပေးခဲ့တာ ရှိပေမယ့် ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဒီပြသနာကို ထိန်းချုပ်နိုင်စွမ်းရှိခဲ့တဲ့အကြောင်း၊ တကယ်လို့သာ ဒီအကြမ်းဖက် အဖွဲ့အစည်းတွေဟာ လက်ရှိ ဒုက္ခသည်တွေဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အရဲတင့်ကာ အကြမ်းဖက်မှုတွေ လုပ်ဆောင်နိုင်စွမ်းရှိတဲ့အတွက် ရိုဟင်ဂျာပြဿနာကို အမြန်ဆုံးဖြေရှင်းသင့်တဲ့အကြောင်း သံအမတ်ကြီး Mohammad Ziauddin က ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သတိပေးပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာ ပဋိပက္ခ Ethnic Cleansing အဖြစ် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးရှုမြင်
please wait

No media source currently available

0:00 0:04:58 0:00
တိုက်ရိုက် လင့်ခ်
ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးနဲ့ VOA တွေ့ဆုံမေးမြန်းခန်း
please wait

No media source currently available

0:00 0:04:36 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG