သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် မူးယစ်နှိမ်နင်းရေး အတိုက်အခံ ဝေဖန်


မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်ဖြင့် မသကာၤသူ တဦးကို ဖမ်းဆီးစဉ်
မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်ဖြင့် မသကာၤသူ တဦးကို ဖမ်းဆီးစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လက်ရှိ အပြင်းအထန် လုပ်ဆောင်နေတဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်မှာ အတိုက်အခံတွေအပေါ် တိုက်ခိုက်တာအပါအဝင် ဥပဒေမဲ့ သတ်ဖြတ်တာတွေ ကျူးလွန်ထားတယ်လို့ လူ့အခွင့်အရေး လှုပ်ရှား သူတွေကပြောပါတယ်။ မူးယစ်နှိမ်နင်းရေး တပ်ဖွဲ့တွေကတော့ သေဆုံးသူတွေဟာ မူးယစ်မှောင်ခိုတွေသာဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှုတွေမှာ သေဆုံးတာလို့ ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးစီမံချက် ဘယ်အခြေ အနေမှာ ရောက်နေပါသလဲ၊ ဝေဖန်သူတွေကရော ဘယ်အချက်တွေကို ထောက်ပြ ပြောဆိုနေကြတာပါလဲ၊ Maaz Hussain ရဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို နှစ်စဉ်ခိုးသွင်းနေတဲ့ ယာဘားလို့ခေါ်တဲ့ စိတ်ကြွဆေးပြားအရေအတွက်ဟာ သန်း ၃၀၀ ရှိပြီး ဆေးစွဲသူ ခန့်မှန်းအရေအတွက် ၇ သန်းက အဲဒီဆေးပြားတွေကို သုံးစွဲနေကြတယ်လို့ ဘင်္ဂလားဒေ့ရှ်၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဌာန DNC က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့နဲ့ Rapid Action Battalion (RAB) လို့ခေါ်တဲ့ အထူးတပ်ဖွဲ့တွေသုံးပြီး မူးယစ်ဆေးဝါး အပြီးတိုင်ချုပ်ငြိမ်း ရေး စီမံချက်ကို လွန်ခဲ့တဲ့သီတင်းနှစ်ပတ်မှာ စလုပ်နေပါတယ်။

မူးယစ်အန္တရာယ် ချုပ်ငြိမ်းသွားစေဖို့အတွက် “အဆုံးတိုင်နှိမ်နင်းရေး” နည်းလမ်းကို အစိုးရက ချမှတ်ထားတယ်လို့ စီမံချက်စတင် တဲ့နေ့မှာ ဝန်ကြီးချုပ် Sheikh Hasina ကပြောပါတယ်။

“အကြမ်းဖက်ဝါဒကို ကျမတို့ နှိမ်နင်းခဲ့ပြီး အဲဒီလုပ်ငန်း အောင်မြင်မှုရထားပါတယ်။ အလားတူပဲ တိုင်းပြည်မှာ မူးယစ်ဆေးဝါး ကင်းရှင်းသွားအောင်လုပ်ဖို့ ကျမတို့ ဆုံးဖြတ်ထားပါတယ်။ မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေ၊ ရောင်းဝယ်သူတွေနဲ့ အသုံးပြုသူတွေကို ကျမတို့အစိုးရက အပြင်းအထန် အရေးယူ နှိမ်နင်းသွားပါမယ်။”

စီမံချက်စတင်တဲ့ မေလ ၁၅ ရက်နေ့ကတည်းကဆိုရင် အပြန်အလှန်ပစ်ခတ်မှုတွေမှာ လူပေါင်း ၁၂၄ ယောက်ထက်မနည်း သေဆုံးရပြီးပြီလို့ ဒါကားမြို့တော်အခြေစိုက် Odhikar လူ့အခွင့်အရေးအဖွဲ့ကပြောပါတယ်။ သေဆုံးသူအများစုဟာ မူးယစ်ဆေး မှောင်ခိုတွေလို့ဆိုပါတယ်။ ဒါ့အပြင် မူးယစ်မှောင်ခိုလို့ သံသယရှိသူပေါင်း ၁၁,၀၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ အာဏာပိုင် တွေကပြောသလို ရွေ့လျား တရားရုံးတွေကနေ လူပေါင်း ၃,၅၀၀ ကျော်ကို ထောင်ချ ဒဏ်ငွေရိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။

စီးနင်းတိုက်ခိုက်မှု အများစုကို အခြေအတင် အငြင်းပွားဖွယ်ဖြစ်နေတဲ့ RAB တပ်ဖွဲ့က လုပ်ဆောင်နေတာပါ။ ဒီတပ်ဖွဲ့ဟာ လက်စ ဖျောက်ပစ်တာနဲ့ တရားလက်လွတ် သတ်ဖြတ်တာတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထပ်ခါတလဲလဲ စွပ်စွဲထားပါတယ်။

မူးယစ်ဂိုဏ်းသားတွေနဲ့ ထိပ်တိုက်တွေ့ချိန်မှာ လုံခြုံရေးတပ်ဖွဲတွေကို စ ပစ်တာကြောင့် အပြန်အလှန်ပစ်ခတ်ပြီး မူးယစ်မှောင်ခိုလို့ စွပ်စွဲခံရသူတွေ သေဆုံးကြတာဖြစ်တယ်လို့ RAB နဲ့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ဒါပေမဲ့လည်း သေဆုံးသူတွေရဲ့ မိသားစုဝင်အများ အပြား ပြောတာက လုံခြုံရေးတပ်ဖွဲ့တွေပြောတာနဲ့ ကွာခြားနေပါတယ်။

စစ်တကောင်းမြို့က အသက် ၄၂ နှစ်အရွယ် Habibur Rahman ရဲ့ဖြစ်ရပ်မှာဆိုရင် သူပုန်းနေတဲ့နေရာကို မေလ ၁၈ ရက်နေ့မှာ RAB တပ်ဖွဲ့ကဝင်စီးတာမှာ မူးယစ်ဂိုဏ်းသားတွေနဲ့ အပြန်အလှန်ပစ်ခတ်ရင်း သေဆုံးသွားတာလို့ အာဏာပိုင်တွေပြောပါတယ်။ သူဟာ မူးယစ်မှု ၁၂ မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ယာဘားရောင်းသူအဖြစ် သိထားကြသူ ဖြစ်တယ်လို့လည်းဆိုပါတယ်။

ဒါပေမဲ့လည်း Rahman ရဲ့သမီးဖြစ်သူ Sanjida Rahman Eva ကတော့ အရပ်ဝတ် လုံခြုံရေးအရာရှိတွေလို့ သူတို့ယူဆသူတွေ က မေလ ၁၇ ရက်နေ့မှာ သူ့ဖခင်ကို ဖမ်းသွားပြီး နာရီအတော်ကြာပြီးတဲ့နောက် ပစ်သတ်လိုက်တာလို့ ပြောပါတယ်။

“ကျမတို့အိမ်နားက ပလီမှာ အဖေဝတ်ပြုပြီးလို့ ထွက်လာတဲ့အချိန်မှာ သူ့ကိုခေါ်သွားကြတာပါ။ သူ့ကိုခေါ်သွားပြီးတဲ့ နောက် ပစ်သတ်လိုက်တာပါပဲ။ သူတို့က အဖေ့ကို ဖမ်းထားတာလေ။”

ဖခင်ဖြစ်သူဟာ မူးယစ်ဆေးဝါး အရောင်းအဝယ်မှာ ပတ်သက်နေတယ်လို့ RAB တပ်ဖွဲ့ကပြောတာကို Rahman Eva က အခြေအမြစ်မရှိဘူးလို့ ငြင်းပါတယ်။ သူဟာ နိုင်ငံရေးအတိုက်အခံတဦးဖြစ်တာကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်သယောင် အစိုးရက လုပ်ကြံအကွက်ဆင်ပြီး သတ်ပစ်လိုက်တာလို့ဆိုပါတယ်။

မူးယစ်နှိမ်နင်းရေးစီမံချက်မှာ သေဆုံးသူ ၁၀ ယောက်ထက်မနည်းဟာ အဓိကအတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးဝါဒီပါတီ BNP ရဲ့ တက်ကြွလှုပ်ရှားသူတွေဖြစ်ပြီးတော့ သူတို့ကို မူးယစ်မှောင်ခိုတွေအဖြစ် လုပ်ကြံသတ်မှတ်တာသာဖြစ်တယ်လို့ ပါတီရဲ့ နိုင်ငံတကာရေးရာ အတွင်းရေးမှူး Humaiun Kobir ကပြောပါတယ်။

“ဒီသတ်ဖြတ်မှုတွေရဲ့ နောက်ကွယ်က တကယ့်အကြောင်းရင်းကတော့ ဒီနှစ်နှောင်းပိုင်းမှာလုပ်ဖို့ရှိတဲ့ အထွေထွေ ရွေးကောက်ပွဲတွေမတိုင်ခင် အတိုက်အခံ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ ကြောက်ရွံ့ပြီး ဦးကျိုးသွားအောင်လုပ်ဖို့ဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”

သေဆုံးသူတွေရဲ့ မိသားစုဝင်တွေဟာ တိုင်တန်းရမှာကို သိပ်ကြောက်ရွံ့နေကြတဲ့အတွက် သတ်ဖြတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့က ခက်ခဲလိမ့်မယ်လို့ ဟောင်ကောင်အခြေစိုက် အာရှ ဥပဒေရေးရာ ထောက်ကူပြုဌာန ALRC ကပြောပါတယ်။

သူတို့အနေနဲ့ တိုင်တန်းမှုတခုခုလုပ်ဖို့ ဒါမှမဟုတ် ဥပဒေနဲ့အညီဖြစ်စေဖို့ ကြိးစားတာမျိုး လုပ်မှာမဟုတ်ဘူးဆိုတာ မိသားစု အများအပြားက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG