သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်လည်လက်ခံရေးစခန်း ဘင်္ဂလားဝန်ကြီး သွားရောက်


ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်နေရာပြန်လည်ချထားရေး အကွက်များသို့ သွားရောက်ကြည့်ရှုစဉ်။ (ဓာတ်ပုံ- MOI)
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်နေရာပြန်လည်ချထားရေး အကွက်များသို့ သွားရောက်ကြည့်ရှုစဉ်။ (ဓာတ်ပုံ- MOI)

မြန်မာနိုင်ငံမှာ လေးရက်ကြာခရီးစဉ်နဲ့ ရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood Ali ဟာ စနေနေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားပြီး မြန်မာ အစိုးရ က တည်ဆောက်နေတဲ့ ဒုက္ခသည် ပြန်လည်လက်ခံရေးစခန်းနဲ့ ကြားစခန်းတွေကို ကြည့်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ မောင်တောနယ်စပ်၊ တောင်ပြိုလက်ဝဲ လက်ခံရေးစခန်း၊ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး နှစ်ခုအကြား မြန်မာပိုင်နက်ပေါ်မှာ အဆောက် အအုံတွေ ဆောက်လုပ်နေထိုင်နေတဲ့ အခြေအနေ၊ ငါးခူရ လက်ခံရေးစခန်း၊ လှဖိုးခေါင် ကြားစခန်း၊ ရွှေဇားကျေးရွာအုပ်စု အောင်ဗလကျေးရွာ၊ ပန်းတောပြင်၊ ကိုင်းကြီး (မြို) ကျေးရွာတွေကို သွားရောက် ကြည့်ရှုတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

သြဂုတ်လ ၁၀ ရက်နေ့တုန်းကတော့ ဝန်ကြီး Ali ဦးဆောင်တဲ့အဖွဲ့နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ရုံးဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင် တဲ့အဖွဲ့တို့ နေပြည်တော်မှာ ဆွေးနွေးကြပြီး အချက် ၈ ချက်ပါ သဘောတူညီချက်တရပ် ရတဲ့အကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီအချက်တွေထဲမှာ နေရပ်စွန့်ခွာသွားသူတွေ ကိုယ့်သဘောဆန္ဒအလျောက် လုံခြုံ စိတ်ချစွာနဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးဆောင်ရွက်ဖို့နဲ့ နှစ်နိုင်ငံဝန်ကြီးတွေအကြား တိုက်ရိုက် ဆက်သွယ်နိုင်တဲ့ HOTLINE တခု ထူထောင်ထားတဲ့ အချက်လည်း ပါဝင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေထိုင်နေတဲ့ မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့ ဒုက္ခသည် တွေကို မူရင်းနေရာတွေဆီ ပြန်လည် ရွှေ့ပြောင်းပို့ဆောင်ရေးလုပ်ငန်းကို နှစ်နှစ်အတွင်း ပြီးအောင်လုပ်ဖို့ ဒီနှစ်ဆန်းပိုင်းက နှစ်နိုင်ငံအကြား သဘောတူထားပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ် (UNDP) နဲ့ မြန်မာအစိုးရကြားမှာလည်း နားလည်မှုစာချွန်လွှာ (MoU) တရပ်ကို လက်မှတ်ရေးထိုးထားပါသေးတယ်။

ဒါပေမဲ့လည်း အခုချိန်ထိ မြန်မာနိုင်ငံကိုပြန်လာတဲ့ ဒုက္ခသည်အရေအတွက်မဆို စလောက်ပဲရှိသေးပြီး မြန်မာနိုင်ငံက လက်တွေ့ အခြေအနေတွေဟာလည်း ဒုက္ခသည်တွေ ပြန်ဖို့ သင့်တင့်လျောက်ပတ်တဲ့ အခြေအနေ မရှိသေးဘူးလို့ ကုလသမဂ္ဂက မကြာခန ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG