သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအတွက် ၂၀၁၈ အတွင်း ဒေါ်လာသန်းတထောင် လိုအပ်


ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi

ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာဒုက္ခသည်ပေါင်း တသန်းအတွက် ၂၀၁၈ခုနှစ်အကုန်ထိ ဆက်လက်ကူညီနိုင်ဖို့ နောက်ထပ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး လိုအပ်နေကြောင်း ကုလသမဂ္ဂ ထိပ်တန်းခေါင်းဆောင်ပိုင်းက မနေ့သောကြာနေ့က ပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက်ခြမ်း ပြန်ပို့ရေး လက်ရှိဆောင်ရွက်နေတဲ့အစီအစဉ်ဟာ အားရစရာလုံးဝမရှိကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့ သောကြာနေ့က အထူးသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ မအင်ကြင်းနိုင်က အသေးစိတ်ကို ဆက်ပြီး ပြောပြမှာပါ။

အဲဒီ အထူးသတင်းစာရှင်းလင်းပွဲမှာ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အတွက် လိုအပ်နေတဲ့ အရေးပေါ် ရန်ပုံငွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က အခုလိုပြောသွားပါတယ်။

"ဒီနှစ်အကုန်ပိုင်းထိ ဆက်လက်ကူညီသွားနိုင်ဖို့ လိုအပ်နေတဲ့ နောက်ထပ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ နီးပါးလောက်အတွက် ဒီနေ့ နေ့လည်ပိုင်းမှာ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းခံဖို့ရှိပါတယ်။ အတိအကျပြောရရင် ဒေါ်လာ ၉၅၁ သန်းပါ။ ဒါဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက တောင်းခံခဲ့တဲ့ ရန်ပုံငွေအပြင် နောက်ထပ်လိုအပ်နေတဲ့ ငွေကြေးပမာဏဖြစ်ပါတယ်။"

IOM နိုင်ငံတကာရွှေ့ပြောင်း အခြေချနေထိုင်သူများ အကူအညီပေးရေးအဖွဲ့ အမှုဆောင် ညွန်ကြားရေးမှူးချုပ် William Swing ကလည်း ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ၊ အသက်အရွယ်ကြီးသူ တွေအတွက် လိုအပ်နေတဲ့ အကူအညီဟာ အလွန်ကြီးမားနေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

"ဘင်္ဂလားဒေ့ရှ်ဘက်မှာရှိနေတဲ့ အကာအကွယ်မဲ့နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အကူအညီတွေဟာ အဆမတန်လိုအပ်နေပါတယ်။ အရင်ကလည်း ကျနော်တို့ ပြောထားပြီပါပြီး။ ဒုက္ခသည် ၅၂% ဟာ အမျိုးသမီးနဲ့ မိန်းကလေးတွေဖြစ်ပြီး၊ နောက် လင်ယောကျ်ားတွေ အသတ်ခံရတဲ့အတွက် မုဆိုးမဖြစ်နေတဲ့ အမျိုးသမီးအရေအတွက် ၁၆%ရှိပါတယ်။ ကလေးငယ်အရေအတွက် အလွန်ကို များပြားပြီး မွေးကင်းစအရွယ်ကနေ အသက် ၁၇ နှစ်အထိ အရွယ်ပေါင်းစုံရှိနေသလို၊ သူတို့တွေထဲမှာ နေရပ်ကထွက်ပြေးရင်းနဲ့ မိဘတွေနဲ့ တကွဲတပြားဖြစ်နေကြသူတွေလည်း ရှိပါတယ်။"

ဒါအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံဖို့ အသစ်တိုးချဲ့ထားတဲ့ ဒုက္ခသည်စခန်းတခုဟာဆိုရင် ကမ္ဘာမှာ အကြီးဆုံး ဒုက္ခသည်စခန်း တခုဖြစ်ကြောင်း William Swing ကပြောပါတယ်။

ကုလသမဂ္ဂဘက်က လက်တလောစိုးရိမ်မကင်းဖြစ်နေတဲ့ ကိစ္စကတော့ မုတ်သုန်ရာသီနီးကပ်လာတာနဲ့အမျှ မြေပြိုကျနိုင်ပြီး ရေနစ်မြှုပ်နိုင်တဲ့ နေရာတွေမှာ သောင်းနဲ့ချီနေထိုင်နေတဲ့ ဒုက္ခသည်တွေအတွက် အသက်ကယ်ဆယ်ရေး ဘယ်လိုစီစဉ်ပေးနိုင်မလဲဆိုတာပဲဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဒုက္ခသည်တွေ နေရပ်ရင်းပြန်ပို့ရေး မြန်မြန်ဆန်ဆန်သဘောတူညီထားတဲ့ ကိစ္စဟာ လည်း လက်တွေ့မှာ အလုပ်မဖြစ်ကြောင်း Filippo Grandi ကပြောပါတယ်။ ဒုက္ခသည်တွ နေရပ်ပြန်ရေး အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ သဘောထားကိုလည်း အခုလို Grandi ကပြောသွားပါတယ်။

"ဒုက္ခသည်တွေနေရပ်ပြန်ရေး အချိန်အတော်ကြာလိမ့်မယ်ဆိုတဲ့ အချက်ကို ကျနော်တို့ အလွန်ပဲ သတိပြုမိပါတယ်။ ဒါကြောင့်လည်း ဒီကိစ္စအတွက် အစီအစဉ်ချမှတ်ဖို့ ကျနော်တို့ လိုအပ်ပါတယ်။ ဒါပေမဲ့လည်း အချိန်ဘယ်လောက်ကြာမလဲဆိုတာကို အတိအကျ ပြောဖို့ ကျနော်တို့အတွက် အခက်အခဲတွေရှိပါတယ်။"

ဒုက္ခသည်တွေနေရပ်ဖြစ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို အခုချိန် ပြန်မယ်ဆိုရင် သူတို့အတွက် လုံခြုံစိတ်ချရမှုရှိတယ်ဆိုတဲ့ သက်သေအထောက်အထားတွေလည်း မရှိသေးဘူးလို့ Filippo Grandi က ပြောပါတယ်။ ဒီလို အခက်အခဲ စိန်ခေါ်မှုတွေ အများကြီးရှိနေပေမယ့် နေရပ်ကိုပြန်ချင်တဲ့ ဒုက္ခသည်တွေအတွက် လုံလုံခြုံခြုံနဲ့ ကိုယ့်ရဲ့အိမ်၊ ရွာတွေကိုပြန်နိုင်ဖို့ ကုသလမဂ္ဂအနေနဲ့ ဆက်လက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

"ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ ကျနော်တို့အနေနဲ့ ဆက်လက်ပြီးပြောသွားမှာပါ။ ဒါပေမယ့်လည်း ဒီလိုပြန်နိုင်ဖို့ဆိုတဲ့နေရာမှာ သူတို့ရွာတွေကိုပြန်တည်ဆောက်နေတာဟာ သူတို့အတွက်ပဲဖြစ်ရမှာဖြစ်ပြီး အခြားသူတွေအတွက် မဟုတ်ဘူးဆိုတဲ့ အချက်အပါအဝင် သေချာတဲ့ အခြေအနေတွေ ရှိရမယ်ဆိုတာကတော့ ရှင်းပါတယ်။"

ဒုက္ခသည်တွေ နေရာပြန်လည်ချထားရေးမှာ UNHCR ပါဝင်ကူညီဖို့ မြန်မာအစိုးရဘက်က အခုချိန်ထိ သဘောတူညီမှု မရသေးပါဘူး။ ဒါကြောင့် ကုလသမဂ္ဂရဲ့ပါဝင်မှုအခန်းကဏ္ဍ အရေးကြီးနေကြောင်း Grandi က အခုလိုပြောသွားပါတယ်။

"ဒုက္ခသည်တွေနေရပ်ပြန်ပို့ရေးကိစ္စမှာ ကျနော်တို့ UNHCR ပါဝင်ဖို့ဟာ မဖြစ်မနေလိုအပ်သလို၊ အရေးလည်းကြီးပါတယ်။ အားလုံးလည်းသိကြတဲ့အတိုင်း ဘင်္ဂလားဒေ့ရှ်ဘက်က အစဦးပိုင်းကတည်းက ဒါကို သဘောတူထားတာပါ။ ဒါပေမယ့် မြန်မာနဲ့တော့ အခုချိန်ထိ သဘောတူညီမှု မရသေးပေမယ့် ကျနော်တို့ ဆက်လက်ပြီးတော့ ဆွေးနွေးညှိုနှိုင်းသွားမှာပါ။"

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းပြုလုပ်ခဲ့တဲ့ မြန်မာအစိုးရဘက်က ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ပြီးလက်ခံနေတဲ့အစီအစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ပထမဦးဆုံး အသုတ်အဖြစ် ဒုက္ခသည် ၃၇၄ ဦးကို စိစစ်လက်ခံထားပြီပြီးဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါအပြင် UNHCR၊ UNDP စတဲ့ ကုလသမဂ္ဂအေဂျင်စီတွေကိုလည်း ပြန်လည်နေရာချထားရေးအစီအစဉ်မှာ ပါဝင်ကူညီဖို့ အတွက် ဖိတ်ခေါ်ဖို့ မြန်မာအစိုးရက စဉ်းစာနေပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG