သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် အစ္စလာမ်ခေါင်းဆောင် စစ်ရာဇ၀တ်မှုနဲ့ တသက်တကျွန်းကျ


bangladesh war crime
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပါကစ္စတန် လက်အောက်ကနေ လွတ်လပ်ရေး ရဖို့ ဆင်နွှဲခဲ့တဲ့ ၁၉၇၁ ခုနှစ် စစ်ပွဲအတွင်း ပြစ်မှု ကျူးလွန်ခဲ့မှုနဲ့ ထိပ်တန်း အစ္စလာမ် အတိုက်အခံ အက်ဗ်ဒူ ကာဒါ မိုလာ (Abdul Quader Molla) ကို ဘင်္ဂလားဒေ့ရှ် အထူးတရားရုံးကနေ အင်္ဂါနေ့မှာ ထောင်ဒဏ် တသက် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

မစ္စတာ မိုလာ ဟာ ဂျမားလ် အီ အစ္စလာမ်မစ်ပါတီကဖြစ်ပြီး စစ်ပွဲအတွင်း လူအစုလိုက် အပြုံလိုက်ကို သတ်ဖြတ်ခဲ့မှုနဲ့ လူမဆန်တဲ့ ရာဇ၀တ်ပြစ်မှု အပါအ၀င် ပြစ်မှု အများအပြားကို ကျူးလွန်ခဲ့ကြောင်း ဒက်ကာ (Dhaka) အခြေစိုက် နိုင်ငံတကာ ရာဇ၀တ်ပြစ်မှု ခုံရုံးက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

၉ လတာ စစ်ပွဲအတွင်း လူပေါင်း ၃ သန်းလောက် သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတဲ့ အငြင်းပွားဖွယ် ခုံရုံးကနေ နိုင်ငံရေးသမားတဦးကို ပထမဆုံး အပြစ်ပေး ခဲ့တာ ဖြစ်ပါတယ်။

အာဏာပိုင်တွေကတော့ မစ္စတာ မိုလာဟာ စစ်ပွဲအတွင်း ပါကစ္စတန်စစ်တပ်နဲ့ ပူးပေါင်းပြီး ဒီပြစ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီခုံရုံးရဲ့ လုပ်နည်းလုပ်ဟန်တွေဟာ နိုင်ငံတကာ စံချိန် မမှီဘူးလို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ တွေက ပြောပါတယ်။ အစ္စလာမ် အစွန်းရောက်တွေကတော့ ဒီခုံရုံးဟာ အစိုးရအတိုက်အခံတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ဖွဲ့ထားတာလို့ ဆိုပါတယ်။
XS
SM
MD
LG