အမေရိကန်သမ္မတဟောင်းကတော် Barbara Bush ရဲ့ ဈာပနကို Episcopal ဘုရားကျောင်းမှာ ဒီကနေ့ကျင်းပရာမှာ ဧည့်ပရိတ်သတ် ၁၅၀၀ လောက် တက်ရောက်ကြမှာပါ။ Texas ပြည်နယ် Houston မြို့မှာကျင်းပတဲ့ ဒီဈာပနအခမ်းအနားကို သမ္မတ ကတော် Malania Trump၊ သမ္မတဟောင်း Bill Clinton နဲ့ ဇနီး Hillary Clinton၊ သမ္မတဟောင်း Barack Obama နဲ့ ဇနီး Michelle Obama တို့လည်း တက်ရောက်မယ်လို့ ဆိုပါတယ်။
အဲဒီနောက်တော့ Houston မြို့ အနောက်မြောက်အရပ် မိုင် ၁၀၀ အကွာမှာရှိတဲ့ Texas A&M တက္ကသိုလ်မှာရှိတဲ့ Bush စာကြည့်တိုက်မှာ Barbara Bush ရဲ့ ရုပ်ကလာပ်ကို မြေမြှပ်သဂြိုလ်မှာပါ။ စမ်းချောင်းအနီးမှာရှိပြီး သစ်ပင်တွေနဲ့ ၀န်းရံထားတဲ့ နေရာမှာ မြေမြှပ်သဂြိင်္ုလ်မှာပါ။ အဲဒီနေရာမှာ ၁၉၅၃ ခုနှစ်က သွေးကင်ဆာရောဂါနဲ့ အသက် ၃ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ သမီးငယ်ကိုလည်း မြှပ်နှံထားပါတယ်။
သောကြာနေ့က ထုတ်ပြန်တဲ့ Bush မိသားစုရဲ့ ကြေညာချက်မှာ ဈပနအခအခမ်းအနားအတွင်း အမှတ်တရ စကားပြောကြားဖို့ လူ ၃ ဦးကို Barbara Bush က ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။ သားဖြစ်သူ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Jeb Bush၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း James A. Baker III ရဲ့ ဇနီးဖြစ်သူ မိတ်ဆွေ Susan Backer နဲ့ ၂၀၁၅ ခုနှစ်က ခင်ပွန်းဖြစ်သူ George H.W. Bush ရဲ့ ကိုယ်ရေးအထ္တုပတ္တိကို ရေးသားသူ သမိုင်းပညာရှင် Jon Meacham တို့ကို ရွေးချယ်ခဲ့တာပါ။ သောကြာနေ့တုန်းကတော့ ၄၁ ယောက်မြောက် အမေရိကန်သမ္မတကတော်နဲ့ ၄၃ ယောက်မြောက် အမေရိကန်သမ္မတရဲ့ မိခင်ဖြစ်သူ Barbara Bush ရဲ့ ရုပ်ကလာပ်ကို လူထောင်နဲ့ချီပြီး လာရောက် ဂါရ၀ပြုခဲ့ကြပါတယ်။ Barbara Bush ဟာ အင်္ဂါနေ့က အသက် ၉၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတာပါ။