သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက် မထက်ထက်ခိုင် ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်ခံရ


ဘီဘီစီသတင်းထောက် မထက်ထက်ခိုင်
ဘီဘီစီသတင်းထောက် မထက်ထက်ခိုင်

[[Zawgyi/Unicode]]

ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ BBC Media Action ရဲ့ “ခံစားကြည့်” အစီအစဉ်တင်ဆက်သူ မထက်ထက်ခိုင်အပေါ် စွဲဆိုထားတဲ့အမှုတွေထဲက နောက်တမှုဖြစ်တဲ့ မတရားအသင်းနဲ့ဆက်သွယ်မှုနဲ့ စွဲဆိုထားတဲ့အမှုအတွက် အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်နဲ့ ငွေဒဏ် ကျပ် ၁၀,၀၀၀ ကျခံဖို့ တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းရဲ့ ပင်တိုင်ဆောင်းပါးရှင်တဦးဖြစ်တဲ့ ဦးစည်သူအောင်မြင့်ကို စွဲဆိုထားတဲ့အမှု ၃ မှု ထဲက အမှု ၁ ခု ကိုတော့ မကြာခင် အပြီးသတ်အမိန့်ချမှတ်တော့မယ်လို့ တရားရေး သတင်းရပ်ကွက်က မျှော်လင့်ထားပါတယ်။ ရန်ကုန်ကသတင်းပေးပို့ချက်ကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ BBC Media Action ရဲ့ “ခံစားကြည့်” အစီအစဉ် တင်ဆက်သူ မထက်ထက်ခိုင်ကို မကြာသေးခင် သီတင်းပတ်တွေအတွင်းကပဲ တပ်မတော်အကြည်ညို ပျက်စေမှု ၅၀၅-ကအတွက် အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ထားပြီးဖြစ်ပါတယ်။ အခု မတရားအသင်း ဆက်သွယ် မှု ၁၇/ ၁ အတွက် ထပ်ပြီး အမိန့်ချလိုက်တဲ့အကြောင်း ရှေ့နေက အတည်ပြုပါတယ်။

“ထက်ထက် အမိန့်ချလိုက်ပြီ။ ၁၇/၁ နဲ့ ၃ နှစ်။ ၁၇/၁နဲ့ ၃ နှစ်အပြင် ဒဏ်ငွေ ၁၀,၀၀၀ ဆောင်ရတယ်။ အဲဒါ မဆောင်ရင် ထောင်ဒဏ် ၆ လ ကျခံရမယ်ဆိုပြီးလေ။ အဲဒီအမှုမှာ မတရားအသင်းနဲ့ ချိတ်ဆက်ပါတယ်လို့ ထည့်သွင်းပြနိုင်ခဲ့တာ မရှိဘူး။ သူတို့စွဲဆိုထားတဲ့ပုဒ်မမှာလည်း တိကျသေချာတဲ့ အကြောင်းအရာမရှိဘူး။ ဒီလူတွေကို အမိန့်ချရမယ့် ပုံစံနဲ့ပဲ သုံးသပ်အမိန့်ချတာပါ။”

မထက်ထက်ခိုင်ကို ပုဒ်မ ၂ ခုတပ်ပြီး စွဲထားတာမှာ ဗဟန်းမှာ တပ်မတော် အကြည်အညိုပျက်စေမှု ၅၀၅-က နဲ့ တမှု၊ မင်္ဂလာတောင်ညွှန့်မှာတော့ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ တမှုတို့နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ချမှတ်လိုက်တဲ့အမှုကတော့ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပေါ်လာတဲ့ ဖက်ဒရယ် FM ရေဒီယိုမှာ လုပ်အားပေးအယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့တဲ့အတွက်ဆိုပြီး မတရားအသင်းနဲ့ ဆက်သွယ်တဲ့ပုဒ်မ ၁၇/၁ နဲ့စွဲချက်တင်ပြီး အမိန့်ချမှတ်ခဲ့တာပါ။ အမှု ၂ ခု အတွက် ပေါင်း ၆ နှစ် ချမှတ်ထားပါတယ်။

ထက်ထက်ခိုင်ကို ဖမ်းဆီးထားတာက တနှစ်နီးပါး ရှိတော့မှာဖြစ်တဲ့အတွက် ဖမ်းဆီးထားတဲ့အချိန်ကို ပြစ်ဒဏ်ကနေ လျော့ပေါ့ပေးနိုင်ဖို့ မိသားစုဝင်တွေဘက်က အယူခံတင်သွားမယ့်အကြောင်း သူ့ရဲ့ ရှေ့နေက ပြောပါတယ်။

ထက်ထက်ခိုင်နဲ့အတူ တရက်တည်းဖမ်းဆီးခံရတဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ဆောင်းပါးရှင် ဦးစည်သူ အောင်မြင့် ကတော့ တပ်မတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့ ပုဇွန်တောင်မြို့နယ်နဲ့ ဗဟန်းမြို့နယ်မှာ အမှုဖွင့်ထားတာကြောင့် အမှု ၂ မှုအပြင် နိုင်ငံတော် အကြည်ညိုပျက်အောင် ပြုလုပ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) တို့နဲ့ တရားစွဲခံထားရပါတယ်။ ဒီအထဲက ပုဒ်မ ၅၀၅-က နဲ့ စွဲဆိုထားတဲ့အမှု တမှုကို မကြာခင်မှာ အပြီးသတ် အမိန့်ချမှတ်မယ်လို့ မျှော်လင့်တဲ့အကြောင်း သူ့ရှေ့နေက ပြောပါတယ်။

“ဆရာ့အမှုက ပုစွန်တောင်ရုံးမှာက ၇ ရက်နေ့ အမိန့်ချမယ်။ ကြာသပတေးနေ့ သဘက်ခါပေါ့။ ဗဟန်း တရား ရုံးမှာက အပြီးသတ်လျှောက်လဲချက်ပေါ့။ တင်မယ်။ အရှေ့ပိုင်းခရိုင်တရားရုံးဘက်ကတော့ ဆရာ့ ခံပြသက်သေစစ်ဖို့ရှိပါတယ်။ အဲအခြေအနေပေါ့ ဆရာကတော့ သူ့ရဲ့လုပ်သက် ၂၅ နှစ်ကျော်မှာ သတင်းစာဆရာကျင့်ဝတ်နဲ့အညီရေးတယ်။ မီဒီယာပြဌာန်းထားတာနဲ့အညီရေးတယ်ပေါ့။ ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဝေဖန် တာမရှိဘူး။ ခုလိုရေးတာတွေကလည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေချင်လို့ပေါ့။ ဒီလိုမျိုး ဆရာ့ထုချေချက်ကိုပဲ ကျမပြောလို့ရသေးတာပေါ့နော်။”

ဦးစည်သူအောင်မြင့်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း VOA သတင်းဌာနနဲ့ Frontier Myanmar သတင်းဌာနတွေကို တပ်မတော်နဲ့ အိမ်စောင့်အစိုးရအပေါ် မတရား ဝေဖန်ဆန့်ကျင်တိုက်ခိုက်တဲ့ သတင်းဆောင်းပါးတွေ ရေးသားပေးပို့တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကတော့ ဗွီအိုအေအတွက် ဦးစည်သူအောင်မြင့် ရေးသားပေးပို့တဲ့သတင်းဆောင်းပါးတွေဟာ အချက်အလက်အခြေခံ ရေးသားထားတာတွေပဲဖြစ်ပြီး ဗွီအိုအေကို သတင်းဆောင်းပါး ရေးသားပေးပို့လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းတယ်ဆိုရင်တော့ သတင်းသမားတယောက်ကို မတရားဖမ်းဆီးတာပဲ ဖြစ်တဲ့အကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ပြည်တွင်း မီဒီယာ ၁၀ ခုကျော်ကို တရားဝင် ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သလို သတင်းသမားတွေကို ဖမ်းဆီးတာ၊ တရားစွဲတာတွေ ပြုလုပ်ခဲ့ပါတယ်။ သတင်းသမား အယောက် ၁၀၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး နောက်ထပ် သတင်းသမားတချို့ပါ ထပ်မံ ဖမ်းဆီးအရေးယူခံနေရဆဲပဲလို့ သတင်းလွတ်လပ်ခွင့် ကာကွယ်ရေးအဖွဲ့တွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုထားပါတယ်။ စစ်ကောင်စီဘက်ကတော့ သတင်းသမားတွေ အဖမ်းခံရတဲ့ အရေအတွက်နဲ့ ပတ်သက်လို့ဝန်ခံတာ၊ အတြည်ပုချက် တစုံတရာပေးတာမျိုး မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]












XS
SM
MD
LG