သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရပ်ဆဲလ်ဘူတာရုံ ဗုံးခွဲတိုက်ခိုက်မှုဆက်နွယ်သူ ၄ ဦးကို ဖမ်းဆီး


ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့က ဘူတာရုံ ဗုံးခွဲတိုက်ခိုက်မှုအပေါ် စုံစမ်းစစ်ဆေးမှုနဲ့ ဆက်နွယ်ပြီး ရဲတပ်ဖွဲ့က လူ ၄ ဦးကို ဖမ်းဆီးလိုက်ကြောင်း အာဏာပိုင်တွေက ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။

Molenbeek အရပ် အပါအဝင် ဘရပ်ဆဲလ်မြို့က စီးနင်းရှာဖွေမှုတွေအတွင်း ဖမ်းဆီးလိုက်တာလို့လည်း အစိုးရရှေ့နေရုံးက ပြောဆိုခဲ့တာပါ။ ဖမ်းဆီးလိုက်သူ ၄ ဦး ဟာ တိုက်ခိုက်မှုနဲ့ ဘယ်လိုဆက်နွယ်နေသလဲ ဆိုတာကိုတော့ အသေးစိတ် မသိရပါဘူး။

အစိုးရရှေ့နေရုံး ပြောခွင့်ရသူ Eric Van der Sypt ကတော့ အင်္ဂါနေ့တုန်းက တိုက်ခိုက်မှုကို ကျုးလွန်သူအဖြစ် သံသယရှိသူဟာ အသက် ၃၆ နှစ်အရွယ် မော်ရိုကိုနွယ်ဖွား၊ အတိုကောက်အမည် O.Z ဆိုသူဖြစ်ပြီး၊ IS အစ္စလာမ်စစ်သွေးကြွအဖွဲ့ကို ထောက်ခံသူ ဖြစ်ကောင်းဖြစ်နိုင်ကြောင်း အစောပိုင်းမှာ ပြောဆိုထားပါတယ်။ အကြမ်းဖက်ဝါဒနဲ့ ဆက်နွယ်မှုရှိတဲ့ နောက်ကြောင်းရာဇဝင် မတွေ့ရပေမဲ့၊ IS အစွန်းရောက်အဖွဲ့ကို လိုလားတဲ့ သဘောထားတွေကို စုံစမ်းစစ်ဆေးသူတွေ တွေ့ရှိခဲ့ကြောင်းလည်း အစိုးရရှေ့နေရုံး ပြောခွင့်ရက ပြောဆိုခဲ့တာပါ။ သံသယရှိသူရဲ့အိမ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ လုပ်နိုင်တဲ့ ဓာတုဓာတ်တွေနဲ့ တခြားပစ္စည်းတွေကိုလည်း တွေ့ရှိခဲ့ရပြီး၊ ဗုံးကို ကိုယ်တိုင်လုပ်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

လက်ကိုင်အိတ်အတွင်း ထည့်ယူလာတဲ့ ဗုံးကတော့ အပြည့်အ၀ ပေါက်ကွဲမှု မရှိခဲ့တဲ့အတွက်၊ ထိခိုက်ဒဏ်ရာရသူလည်း မရှိခဲ့ပါဘူး။ တိုက်ခိုက်ဖို့ ကြံစည်သူကိုတော့ စစ်သားတယောက်က ပစ်ခတ်ခဲ့ရာက ပွဲချင်းပြီး သေဆုံးသွားပါတယ်။ ၂၀၁၅ နိုဝင်ဘာလတုန်းက ဘရပ်ဆဲလ်အခြေစိုက် အစ္စလာမ်အစွန်းရောက် ဝါဒီတွေက ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ လူပေါင်း ၁၃၀ လောက် သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုတွေ ကျုးလွန်ခဲ့တဲ့ အချိန်ကစလို့ ဘယ်လ်ဂျီယံမှာ လုံခြုံရေးအတွက် အထူးသတိထား စောင့်ကြပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လ ၂၂ ရက်နေ့တုန်းက ဘရပ်ဆဲလ်လေဆိပ်နဲ့ ဘူတာရုံတွေက တိုက်ခိုက်မှုတွေမှာလည်း လူပေါင်း ၃၂ ယောက် သေဆုံးခဲ့တာပါ။ ဘရပ်ဆဲလ် လေဆိပ်မှာ အသေခံဗုံးခွဲသမား ၂ ဦးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၆ ယောက် သေဆုံးခဲ့ပြီး၊ သိပ်မကြာခင်မှာပဲ Maelbeek မြေအောက်ရထား ဘူတာရုံက အသေခံဗုံးခွဲတိုက်ခိုက်မှုမှာ နောက်ထပ် လူ ၁၆ ယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG