သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Brussels ဘူတာရုံကြီးမှာ ဖောက်ခွဲဖို့ ကြိုးပမ်းခဲ့သူကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပစ်သတ်


ဘယ်လ်ဂျီယံ ရထားဘူတာရုံ အနီး ပေါက်ကွဲမှုဖြစ်။
ဘယ်လ်ဂျီယံ ရထားဘူတာရုံ အနီး ပေါက်ကွဲမှုဖြစ်။

ဘလ်ဂျီယံနိုင်ငံ Brussels မြို့တော်မှာ အသေးစားပေါက်ကွဲမှုတခု အင်္ဂါနေ့က ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် လူတဦးသေဆုံး ခဲ့တဲ့အတွက် အကြမ်းဖက် တိုက်ခိုက်မှုကြီး တခု မဖြစ်ရအောင် ကြိုတင် ဟန့်တားနိုင်ခဲ့တယ်လို့ ဘယ်လ်ဂျီယံ အာဏာပိုင်တွေက ပြောပါတယ်။

ဒီအဖြစ်အပျက်ကို အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုအဖြစ် သဘောထားတယ်လို့ ဘယ်လ်ဂျီယံ ဗဟိုအစိုးရရှေ့နေရုံးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

မနေ့ညက ဘယ်လ်ဂျီယံ အချိန် ၉ နာရီလောက်မှာ Brussels မြို့တော်ရဲ့ ဘူတာရုံကြီး အတွင်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ချက်ချင်း စစ်သားတွေက ဖောက်ခွဲသူလို့ ယူဆရသူကို ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ သေဆုံးသူဟာ ကျောပိုးအိတ်တလုံး လွယ်ထားပြီး ဖောက်ခွဲရေး ခါးပတ်တခုလည်း ပတ်ထားတယ်လို့ လည်းဆိုပါတယ်။

မျက်မြင်သက်သေတဦး ကတော့ ပေါက်ကွဲမှုမဖြစ်ခင်မှာ ဖောက်ခွဲသူက Allahu Akbar ဘုရားသခင်က မြင့်မြတ်တယ်လို့ အော်ဟစ်တာကို ကြားခဲ့တယ်လို့ ဆိုပေမဲ့ ဒီပြောဆိုချက် ဟုတ်မဟုတ်ဆိုတာ မှတ်ချက်ပေးဖို့ကိုတော့ အစိုးရရှေ့နေရုံး ပြောခွင့်ရပုဂ္ဂိုလ်က ငြင်းပါတယ်။

လူမှုကွန်ယက်မှာ မြင်ရတဲ့ ဓာတ်ပုံတွေမှာတော့ ဘူတာရုံအတွင်း မီးအနည်းငယ် လောင်နေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတုန်းက Brussels အခြေစိုက် IS စစ်သွေးကြွ အဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပြင်သစ်မှာ လူ ၁၃၀ သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လတုန်းကလည်း ဘရပ်ဆဲလ်စ် လေဆိပ်နဲ့ ရထားဘူတာရုံမှာ တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး လူ ၃၂ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေ ပြီးကတည်းက ဘယ်လ်ဂျီယံနိုင်ငံမှာ အထူးသတိ ထားမှုတွေ ရှိနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG