သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်လေဆိပ် လက်နက်လုသူကို အသေဖမ်းဆီး


ပစ်ခတ်ဖမ်းဆီးမှုအပြီး ပဲရစ် လေဆိပ်
ပစ်ခတ်ဖမ်းဆီးမှုအပြီး ပဲရစ် လေဆိပ်

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်က လေဆိပ်မှာ လုံခြုံရေးတာဝန်ယူထားတဲ့ စစ်သားတဦးထံက ရိုင်ဖယ်သေနတ်ကို လုယူဖို့ ကြိုးစားသူ တဦးကို အသေပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောဆိုခဲ့ကြပါတယ်။ လုံခြုံရေးယူထားတဲ့ အမျိုးသမီး စစ်သည်ကို တွန်းလှဲပြီး ရိုင်ဖယ်သေနတ်ကို လုယူဖို့ ကြိုးစားချိန်မှာ၊ နောက်ထပ် စစ်သား ၂ ယောက်က ပစ်သတ်ခဲ့တာလို့ ပြင်သစ်ကာကွယ်ရေးဝန်ကြီး Jean-Yves Le Drian က ပြောပါတယ်။ ဒေသစံတော်ချိန် မနက် ၈ နာရီခွဲလောက်က ဖြစ်ရပ်အတွင်း ထိခိုက်သူတော့ တယောက်မှ မရှိခဲ့ပါဘူး။

တိုက်ခိုက်သူဟာ ရဲနဲ့ထောက်လှမ်းရေး အသိုင်းအဝိုင်းက သိရှိထားသူတဦးဖြစ်ပြီး၊ စနေနေ့အစောပိုင်းမှာ ရဲအရာရှိတဦးကို ပစ်ခတ်မှုအတွက် သံသယရှိသူဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Bruno Le Roux ကပြောပါတယ်။ ပဲရစ်မြို့တော် ဆင်ခြေဖုံးအရပ်က မီးပွိုင့်တခုမှာ ရဲအရာရှိ တဦးရဲ့ မျက်နှာကို ပြောင်းချောသေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့လည်း ဆိုပါတယ်။ ဒီနောက်မှာတော့ အနားမှာရှိနေတဲ့ ဘားဆိုင်ထဲက လူတွေကို ခြိမ်းခြောက်ပြီး၊ ကားတစင်းကို သေနတ်နဲ့ချိန်လုယူပြီးOrly လေဆိပ်ကို မောင်းသွားခဲ့တာပါ။ သေနတ်နဲ့အပစ်ခံခဲ့ရတဲ့ ရဲအရာရှိကတော့ အနည်းအကျဉ်းသာ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

လေဆိပ်မှာ လုံခြုံရေးတာဝန်ယူထားတဲ့ စစ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က ဘာမှမပြောပေမဲ့၊ တိုက်ခိုက်မှုကို အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ဌာနက ကိုင်တွယ်နေတယ်လို့ ပြင်သစ်အစိုးရရှေ့နေရုံးက ပြောပါတယ်။ လက်နက်အလုခံရတဲ့ အစောင့်စစ်သားဟာ၊ ပြင်သစ်နိုင်ငံမှာ အစ္စလာမ်အစွန်းရောက် ဝါဒီတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ကြုံခဲ့ရပြီးနောက် အချက်အခြာကျတဲ့ နေရာတွေမှာ လုံခြုံရေးတာဝန်ပေးထားတဲ့ ပြင်သစ် Sentinel အထူးတပ်ဖွဲ့ဝင် တဦးလည်းဖြစ်ပါတယ်။ လက်နက်လုယက်မှုဖြစ်ပြီးနောက် ရဲတပ်ဖွဲ့က လေဆိပ်ကို ပိတ်ဆို့ရှာဖွေမှုတွေ လုပ်ခဲ့ပေမဲ့ ဖောက်ခွဲရေးပစ္စည်း တစုံတရာတော့ မတွေ့ခဲ့ကြပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG