သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ် အကြမ်းဖက် တိုက်ခိုက်မှု ၈၀ ကျော် သေဆုံး


ပြင်သစ်နိုင်ငံ၊ Nice မြို့မှာ ကြာသပတေးနေ့ညက Bastille Day လို့ခေါ်တဲ့ အမျိုးသားနေ့ ပွဲတော်အတွင်း ထရပ်ကားတစီးကို မောင်းလာတဲ့လူတယောက်က လူအုပ်ထဲကို အရှိန်နဲ့ ဝင်တိုက်တာကြောင့် လူပေါင်း ၈၄ ယောက်သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာ ရသွားပါတယ်။

တိုက်ခိုက်သူဟာ လူသွားလမ်းတခုပေါ်က လူအုပ်ထဲကို တမိုင်ကျော်လောက် အထိ မောင်း ဝင်တိုက်ပြီးတဲ့နောက် ရဲတပ်ဖွဲ့က ပစ်ခတ်လို့ သေသွားတော့မှပဲ ကားရပ်သွားတာပါ။

သေဆုံးသူတွေထဲမှာ အမေရိကန်နိုင်ငံသားနှစ်ယောက် ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက အတည်ပြုပါတယ်။ သေဆုံး သူတွေထဲမှာ ကလေးငယ် ၁၀ ယောက်ပါသလို ရဲတပ်ဖွဲ့ဝင်အများအပြားလည်း ပါတယ်လို့ Nice မြို့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိ သူတွေကပြောပါတယ်။ ဒဏ်ရာရသူတွေထဲက ၁၈ ယောက်ထက်မနည်းဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ တိုက်ခိုက်သူဟာ Nice မြို့မှာနေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ် တူနီးရှားနိုင်ငံဖွား ပြင်သစ်နိုင်ငံသား ဖြစ်တယ် လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ သူဟာ ရာဇဝတ်မှု ကျူးလွန်ဖူးသူအဖြစ် ဒေသခံရဲတပ်ဖွဲ့ကသိထားပေမဲ့ အစွန်းရောက်ဝါဒီ ဒါမှမဟုတ် အကြမ်းဖက်ဝါဒီတွေနဲ့ အဆက်အစပ်ရှိသူတဦးအဖြစ် အမျိုးသားလုံခြုံရေး အဖွဲ့အစည်းတွေက သံသယရှိထားသူတဦးတော့ မဟုတ်ပါဘူး။

ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်ဝါဒီ တိုက်ခိုက်မှုတခုရဲ့ လက်စလက်နတွေ အားလုံး ပါတယ် လို့ ပြင်သစ်သမ္မတ ဖရွန်ဆွာ အော်လန်းဒ်ကပြောပါတယ်။ ကြာသပတေးနေ့ညက တိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဆိုရင် ပြင်သစ်နိုင်ငံမှာ တတိယမြောက် ကြီးမားတဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလက Charlie Hebdo မဂ္ဂဇင်းတိုက် ကိုတိုက်ခိုက်မှုမှာ လူ ၁၇ ဦးသေဆုံးပြီး နိုဝင်ဘာလက ပါရီမြို့တော်ကို တိုက်ခိုက်ခံရတာမှာ လူပေါင်း ၁၃၀ ထက်မနည်း သေဆုံး ခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG