သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲရလဒ် ငြင်းပယ်ရင် ကန် ရပ်တည်ချက် ပြန်လည် ဆန်းစစ်မည်


အမေရိကန်ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Ben Rhodes ။
အမေရိကန်ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Ben Rhodes ။

ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့ရင် ဒီမိုကရေစီအသွင် ကူးပြောင်းရာ ကနေ နောက်ကြောင်းပြန် တယ်လို့ ယူဆပြီး အမေရိကန်ရဲ့ ရပ်တည်ချက် ကို ပြန်လည် ဆန်းစစ်ရပါလိမ့်မယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ဒုတိယ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Ben Rhodes က ပြောဆိုလိုက်ပါတယ်။ သမ္မတအိုဘားမားရဲ့ တာဝန်ပေးချက်အရ သမ္မတအိုဘာမားရဲ့ တာဝန်ပေးချက် အရ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး တိုက်တွန်းအားပေးဖို့နဲ့ NCA တနိုင်ငံလုံးအပစ်ရပ်ရေး သဘောတူစာချုပ် နဲ့ပတ်သက်တဲ့ ဖြစ်ထွန်းမှုတွေ ကို လေ့လာဖို့ရောက်ရှိနေ တာလည်းဖြစ်ပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပါမယ်။

အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့ရင် ဒီမိုကရေစီအသွင် ကူးပြောင်းရာကနေ နောက်ပြန်လှည့်တယ်လို့ ယူဆပြီး အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ သဘောထားကို ပြန်လည် ဆန်းစစ်သွားမယ်လို့ အမေရိကန်ဒုတိယအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Ben Rhodes က ပြောဆိုလိုက်ပါတယ်။

“ဘယ်လိုပုံစံနဲ့ ဖြစ်နိုင်မယ် ခန့်မှန်းမပြောနိုင်ပေမယ့် တကယ်လို့များ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုခဲ့ဘူးဆိုရင် ဒါဟာ နောက်ကြောင်းပြန်တဲ့ သဘောပါပဲ။ ဒါကြောင့် ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒအရ ကျနော်တို့ရဲ့ ရပ်တည်ချက်ကို ပြန်လည်ဆန်းစစ်ရပါလိမ့်မယ်။ ဒီမိုကရေစီအရ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုခဲ့ရင် သင့်တော်တဲ့အချိန်မှာ သင့်တော်သလို တုံ့ပြန်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်လိ့မ်မယ်လို့တော့ မျှော်လင့်မထားပါဘူး။”

ဒါ့အပြင် ရွေးကောက်ပွဲပြီးသွားလို့ အစိုးရဖွဲ့တဲ့အခါမှာ လည်း နိုင်ငံရေးပါတီတွေ က ခေါင်းဆောင်တွေ မျှမျှတတ ပါဝင်တဲ့ အစိုးရမျိုးဖြစ်စေချင်တယ်လို့ ပြောပါတယ်။

တဆက်တည်းမှာဘဲ လတ်တလောရေးထိုးခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံး မပါဝင်ခဲ့ပေမယ့်လည်း တစ်ချိန်မှာ အားလုံး ပါဝင်နိုင်ရေး အတွက် ဆောင်ရွက်ဖို့ Ben Rhodes က အကြံပြုပါတယ်။

“အစိုးရရဲ့ အဓိက ပန်းတိုင်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ထိုးနိုင်ဖို့ပါ။ အခု လက်မှတ်ရေးထိုးရာမှာ မပါဝင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖက်ကလည်း NCA မှာပါဝင်ဖို့ စိတ်ဝင်တစားရှိကြတာတွေ့ရပါတယ်။ ဒါကြောင့်နှစ်ဖက်လုံးက ဒီ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်ဖို့ဆိုတဲ့ ပန်းတိုင်ကို ရောက်ဖို့ ကြိုးစားကြရပါမယ်။ ဒီအချက်ကို ကျွန်တော်တို့ အစိုးရကို တင်ပြခဲ့တာပါ။ ဒါမှလည်း NCA စာချုပ်ထဲက ကတိပြုချက်အတိုင်းဖြစ်မြောက်မှာပါ။ လက်မှတ်ထိုးပြီးသား အဖွဲ့တွေအနေနဲ့လည်း ဒါဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကတိကဝတ်ပြုထားတယ်ဆိုတာကို မှတ်ယူကြရပါမယ်။ ဒီစာချုပ်ဟာ လက်မှတ်ထိုးပြီးသား တိုင်းရင်းသား ဒေသတွေမှာ ပိုကောင်းတဲ့ လူနေမှုဘဝတွေ ဖြစ်ထွန်းလာစေမှာဖြစ်ပြီး လက်မှတ် မထိုးရသေးတဲ့ ဒေသတွေ အတွက်လည်း အခွင့်အရေးရှိသေးတယ်ဆိုတာလည်း သိကြဖို့ လိုအပ်ပါတယ်။”

တစ်ဆက်တည်းမှာပဲ အစွန်းရောက်တဲ့ စကား အသုံးအနှုံးတွေဟာ ရွေးကောက်ပွဲ အပေါ် ဆိုးကျိုးသက်ရောက်နိုင်ပြီး ဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲခြားဖို့ လိုအပ်တယ်လို့ အခုလို သုံးသပ်လိုက်ပါတယ်။

“လူနည်းစု ဘာသာဝင်တွေအပေါ် သုံးနှုန်းတဲ့ တချို့စကားတွေဟာ အစွန်းရောက် တာကို တွေ့ရပါတယ်။ ဒါတွေကြောင့် မတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေဖြစ် သွားနိုင်ပါတယ်။ ကျွန်တော်တို့ အစိုးရနဲ့ရော အဖွဲ့အစည်းမျိုးစုံနဲ့ ဒီကနေ့ တွေ့ပြီး လူနည်းစုဘာသာဝင်တွေအပေါ် အစွန်းရောက်တဲ့ စကား အသုံးပြုတာတွေကို တရားဥပဒေအရ အရေးယူတာတွေ လုပ်ဖို့ဟာ နံပါတ် ၁ အရေးကြီးကြောင်း ပြောခဲ့ ပါတယ်။ မြန်မာနိုင်ငံ က အခြေခံဥပဒေမှာ ပါဝင်တဲ့အတိုင်း ဘာသာရေးနဲ့ နိုင်ငံရေး ကွဲကွဲပြားပြားရှိရမယ် ဆိုတဲ့အတိုင်း ဒီအစွန်းရောက်တဲ့ ဘာသာစကား အသုံးပြုသူတွေကိုလည်း အရေးယူရမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ လည်း နိုင်ငံရေး ရေချိန် ဘယ်လောက်ပဲ မြင့်နေပါစေ၊ ထိန်းချုပ်မှုရှိရမယ် ဆိုတာကို နားလည်သဘောပေါက်ရပါမယ်။ အထူးသဖြင့် ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်နိုင်တယ်ဆို ပိုပြီး ထိန်းချုပ်ရပါမယ်။”

ဒါ့အပြင် သူ့အနေနဲ့ အရင် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရခဲ့ပြီး အခုတော့ မဲပေးခွင့်မရှိတော့တဲ့ လူနည်းစုတွေအတွက်လည်း စိုးရိမ်ကြောင်းပြောဆိုခဲ့ပါတယ်။

အမေရိကန်ဒုတိယအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Ben Rhodes ဟာ ဒီခရီးစဉ် အတွင်း နေပြည်တော်မှာ သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ UEC ဥက္ကဋ္ဌ ဦးတင်အေး၊ နိုင်ငံတကာရွေးကောက်ပွဲ အကဲခတ်အဖွဲ့တွေနဲ့ တွေ့ဆုံပြီး ရန်ကုန်မြို့မှာတော့ YSEALI အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ အဖွဲ့ဝင်တွေ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် Ben Rhodes ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နေအိမ်မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG