သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲမှာ ဘာသာရေးအသုံးချမှု ကန်စိုးရိမ်


အမေရိကန်ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Ben Rhodes ။
အမေရိကန်ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Ben Rhodes ။

နိုင်ငံရေးမှာ ဘာသာရေးကို အသုံးချပြောဆိုမှုတွေဟာ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်ပြီး၊ ရွေးကောက်ပွဲကို ထိခိုက်မှာ စိုးရိမ်မကင်းရှိတယ်လို့ အမေရိကန်သမ္မတ အိုဘားမားရဲ့ အမျိုးသားလုံခြုံရေး ဒုအကြံပေး Ben Rhodes က ပြောပါတယ်။ ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ ဘာသာရေး လူမျိုးရေး တင်းမာမှုတွေ ဖြစ်လာမှာကို စိုးရိမ်မှုတွေ တိုးနေချိန်မှာ၊ အမေရိကန်အစိုးရ အကြီးတန်းအရာရှိတဦးက အခုလို ထပ်မံ သတိပေးခဲ့တာပါ။ ကိုသားညွန့်ဦးက တင်ဆက်ပေးပါလိ်မ့်မယ်။

လွန်ခဲ့တဲ့နှစ်တွေအတွင်း ဘာသာရေးနဲ့လူမျိုးရေးကို အခြေခံတဲ့ အမုန်းတရားတွေနဲ့ အကြမ်းဖက်မှုတွေဖြစ်ခဲ့တာကြောင့်၊ အခု ရွေးကောက်ပွဲနီးလာတာနဲ့အမျှ မြန်မာနိုင်ငံတွင်း ဒီလိုအခြေအနေမျိုးတွေ ပြန်ဖြစ်လာမှာကို နိုင်ငံတကာရော လူ့အခွင့်အရေးအဖွဲ့တွေကပါ စိုးရိမ်မကင်းရှိနေကြတာပါ။ ရွေးကောက်ပွဲလုပ်ဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ တင်သွင်းစဉ်မှာလည်း၊ မွတ်ဆလင်အမတ်လောင်းအတော်များများ ပယ်ချခံရတာကြောင့် ရွေးကောက်ပွဲမှာ ဘာသာရေး လူမျိုးရေး အခြေခံ ခွဲခြားမှုတွေဖြစ်လာမှာကို စိုးရိမ်မကင်းကြောင့် အမေရိကန်အပါအဝင် နိုင်ငံတကာက ထုတ်ပြန်ပြောခဲ့ကြပါတယ်။ မြန်မာနိုင်ငံကို နှစ်ရက်ကြာ ရောက်ရှိခဲ့တဲ့ သမ္မတအိုဘားမားရဲ့ အမျိုးသားလုံခြုံရေး ဒုအကြံပေး Ben Rhodes ကလည်း ဒီ စိုးရိမ်ချက်ကို မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံစဉ်မှာ ထောက်ပြပြောဆိုခဲ့တယ်လို့ သူ့ခရီးစဉ်အဆုံးသတ်နေ့ မနေ့က ရန်ကုန် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

“ဘာသာရေးအရ လူနည်းစုတွေအတွက် အန္တရာယ်ရှိစေတဲ့ ဘာသာရေးအရ ပြောဆိုမှုတွေ တွေ့နေရပါတယ်။ ဒါဟာ နိုင်ငံရေးနဲ့ ဘာသာရေးကို ခွဲခြားထားတဲ့ မြန်မာ့ဖွဲ့စည်းပုံနဲ့ မကိုက်ညီပါဘူး။”

လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာဘာသာရေးရဲ့ အခန်းကဏ္ဍကို မြင်နေရတာကြောင့် ဒီလိုအခြေအနေမျိုးဟာ စိုးရိမ်စရာကောင်းတယ်လို့ Ben Rhodes က ပြောပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးလမ်းကြောင်းအတွက် စိန်ခေါ်ချက်တွေဖြစ်တယ်လို့လည်း Ben Rhodes က ပြောပါတယ်။

“ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဟာ အင်မတန် ရှုပ်ထွေးသိမ်မွေ့တယ်ဆိုတာကို ကျနော်တို့ နားလည်ပါတယ်။ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဖွင့်လှစ်ပြီဆိုကလည်းကလည်း မြန်မာနိုင်ငံတွင်း စိန်ခေါ်ချက်တွေ ရှိမယ်ဆိုတာ သမ္မတအိုဘားမားကိုယ်တိုင်ကလည်း သဘောပေါက်ထားပါတယ်။ အခုဆို အပြုသဘောဆောင် တိုးတက်မှုတွေ အများအပြားတွေ့ရပါတယ်။ နိုင်ငံရေးပါတီတွေရော တသီးပုဂ္ဂလတွေပါ၊ ရွေးကောက်ပွဲစည်းရုံးမှုတွေ လုပ်နေကြပါပြီ။ ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် အားကြိုးမာန်တက်လုပ်နေကြတာတွေ့ရပါတယ်။ သတင်းမီဒီယာတွေမှာ ပြောဆိုနေကြတာလည်း တွေ့ရပါတယ်။ တချိန်တည်းမှာပဲ စိန်ခေါ်အကဲစမ်းချက်တွေလည်း တွေ့နေရပါတယ်။နိုင်ငံရေးထဲမှာ ဘာသာရေးကို အသုံးချလာတာတွေတွေ့ရပြီး၊ ဒါဟာ မတည်မငြိမ်ဖြစ်စေပြီး၊ လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်တွေကိုပါ ထိခိုက်လာနိုင်ပါတယ်။”

Mr. Ben Rhodes ဟာ နှစ်ရက်ကြာ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ ဒီမိုကရေစီခေါင်းဆာင်ဒေါ်အောင်ဆန်းစုကြည် စတဲ့ ထိပ်တန်းခေါင်းဆေတာင်တွေနဲ့ တွေ့ခဲ့သလို၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ ရွေးကောက်ပွဲအာဏာပိုင်တွေကိုလည်း တွေ့ဆုံခဲ့ပါတယ်။ သူ့ဒီခရီးစဉ်ဟာ လာမယ့် ရွေးကောက်ပွဲ လွတ်လပ်မျှတဖို့နဲ့ အောင်မြင်စွာကျင်းပနိုင်ရေးဖို့ လာရောက်အားပေးမှုတရပ်လည်းဖြစ်တယ်လို့ ပြောသွားပါတယ်။

XS
SM
MD
LG