သုံးရလွယ်ကူစေသည့် Link များ

ဘာလင်မြို့က လူစည်ကားတဲ့ ခရစ္စမတ်ဈေးတခုထဲကို တနင်္လာနေ့က ထရပ်ကားတစီးနဲ့ မောင်းဝင်တိုက်ခဲ့မှုနဲ့ ဆက်နွယ်ပတ်သက်နေသူ တူနီးရှန်း အမျိုးသားတယောက်ကို ဂျာမနီရဲတပ်ဖွဲ့က ရှာဖွေနေပါတယ်။

ဂါဇာမြို့မှာ မွေးဖွားသူ တူနီးရှားနိုင်ငံသား Anis Amri ဆိုသူကို ဖမ်းဆီဖို့အတွက် ၀ရမ်းကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပါတယ်။ ဖမ်းဆီးဖို့ ထုတ်ပြန်တဲ့ နို့တစ်စာထဲမှာ အဲဒီလူမှာ နာမည်ကွဲ (၆) မျိုးရှိပြီးနဲ့ နိုင်ငံသား (၃) မျိုး သုံးစွဲခဲ့ဖူးကြောင်းနဲ့ လက်နက်ကိုင်ဆောင်ထားပြီး အန္တရာယ်ရှိသူ တဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလူရဲ့ မျက်လုံးဟာ အညိုရောင် ရှိပြီး၊ ဆံပင်ကတော့ အမည်းရောင်ဖြစ်ပါတယ်။ ဂျာမနီအာဏာပိုင်တွေက သံသယရှိသူရဲ့ ဓာတ်ပုံ ၂ ပုံကို ဖြန့်ဝေထားပြီး ခန့်မှန်းခြေအရပ်အမြင့်နဲ့ ကိုယ်ခန္ဓာအလေးချိန်တွေကိုလည်း ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့က အဆိုပါလူကို ဂျာမနီနိုင်ငံအနှံ့အပြားနဲ့ ဥရောပတိုက်အတွင်း ရှန်ဂမ်း ဗီဇာကင်းလွတ်ခွင့် ပြုထားတဲ့ တိုင်းပြည်တွေမှာ ပိုက်စိတ်တိုက် လိုက်လံ ရှာဖွေနေပါတယ်။ သံသယရှိတဲ့အတွက် ဖမ်းဆီးထားသူ နောက်တဦးဖြစ်တဲ့ ပါကစ္စတန်နိုင်ငံသားကိုတော့ သက်သေ အထောက်အထား ခိုင်လုံမှု မရှိတဲ့အတွက် ပြန်လွှတ်ပေးလိုက်ပါတယ်။

လုံခြုံရေး အဖွဲ့အစည်းတွေက ဗုဒ္ဓဟူးနေ့မှာ သတင်းစာ ရှင်းလင်းမှုပြုလုပ်ပြီးတဲ့နောက် Amri ဟာ သံသယရှိသူ အသစ်ဖြစ်ကြောင်း ဂျာမနီ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ဒါပေမဲ့ အဲဒီလူကို သံသယရှိသူအဖြစ်သာ သတ်မှတ်ထားပြီး ကျူးလွန်သူအဖြစ် သေချာပေါက် ပြောဆိုတာမျိုး မဟုတ်သေးဘူးလို့ ဆိုပါတယ်။

မီဒီယာတွေမှာ ရေးသားထုတ်ပြန်နေကြသလို Amri ဟာ အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့တွေနဲ့ ဆက်နွယ်မှု ရှိနေတယ်ဆိုတဲ့ အချက်ကိုတော့ ပြည်ထဲရေးဝန်ကြီး က အတည်ပြုဖို့ ငြင်းဆိုပါတယ်။

XS
SM
MD
LG