သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာလင်တိုက်ခိုက်မှု အကြမ်းဖက်လုပ်ရပ်ဟု ဂျာမန်ဝန်ကြီးချုပ် ပြောဆို


ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ မနေ့တုန်းက ထရပ်ကားတိုက်မှုဟာ ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်မှုဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူးလို့ ဂျာမန်ပြည်ထဲရေးဝန်ကြီး Thomas de Maiziere ကပြောဆိုလိုက်ပါတယ်။

ဂျာမနီနိုင်ငံမှာ ခိုလှုံခွင့်ရဖို့ လျှောက်ထားဖူးတဲ့ ပါကစ္စတန် နိုင်ငံသားတဦးအဖြစ် အာဏာပိုင်တွေက ပြောဆိုထားတဲ့ ကားမောင်းသူဟာ လူတွေအပြည့်နဲ့ စည်ကားနေတဲ့ ခရစ္စမတ်ဈေးထဲကို ခိုးလာတဲ့ ထရပ်ကားတစင်းနဲ့ တမင်သက်သက် ဝင်တိုက်ခဲ့ရာက လူ ၁၂ ယောက် သေဆုံးပြီး၊ ၅၀ နီးပါး ဒဏ်ရာရခဲ့တာပါ။ တိုက်ခိုက်မှုအပြီး ထွက်ပြေးသွားတဲ့ ကားသမားကိုတော့ ရဲတပ်ဖွဲ့က ၂ ကီလိုမီတာလောက် အကွာမှာ ဖမ်းဆီးမိခဲ့ပါတယ်။

ဂျာမန်ဝန်ကြီးချူပ် Angela Merkel ကတော့ ထရပ်ကားတိုက်မှုဟာ အကြမ်းဖက်လုပ်ရပ်အဖြစ် အာဏာပိုင်တွေက တိုက်ခိုက်မှု ကျုးလွန်သူဟာ ခိုလှုံခွင့်နဲ့ အကာအကွယ်ရဖို့ ကြိုးစားသူတဦးဖြစ်တယ်ဆိုရင်၊ ဂျာမနီနိုင်ငံသား အားလုံးအတွက် ပိုပြီးခံရခက်လိမ့်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

အထူးသဖြင့် ဒုက္ခသည်တွေအတွက် နေ့မအား ညမအား တက်တက်ကြွကြွ ကူညီနေတဲ့ ဂျာမန်နိုင်ငံသားတွေ၊ ကာကွယ်စောင့်ရှောက်မှုတွေ အမှန်တကယ် လိုအပ်နေသူတွေနဲ့ ဂျာမနီနိုင်ငံမှာ နေသားတကျဖြစ်ဖို့ ကြိုးစားနေသူတွေအတွက် စက်ဆုပ်စရာ လုပ်ရပ်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ တိုက်ခိုက်မှု ကြုံခဲ့ရပြီးနောက် ဘာလင်မြို့တော်မှာ လုံခြုံရေးတိုးမြှင့်ဖို့နဲ့ တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးသူတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ခရစ္စမတ်ဈေးတွေကို တနေ့တာပိတ်ထားဖို့လည်း စီစဉ်သူတွေကို မြို့တာဝန်ရှိသူတွေက တိုက်တွန်းခဲ့ပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော်ကလည်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်နိုင်တဲ့ အဖြစ်အပျက်အတွက် ဝမ်းနည်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ အစောပိုင်းမှာလည်း ဥရောပတလွှားမှာရှိတဲ့ ဈေးတွေ၊ အများပြည်သူ သွားလာရာ နေရာတွေမှာ သတိနဲ့သွားလာကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထားတာပါ။

အားလပ်ရက်ကာလနဲ့ တခြားဆက်စပ်တဲ့ အခန်းအနားတွေကို အစွန်းရောက်ဝါဒီတွေ အာရုံစိုက်နေတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ခရီးသွားသတိပေးချက်မှာ နှိုးဆော်ထားပါတယ်။ တနာရီကို ကီလိုမီတာ ၆၀ ကျော်လောက် အရှိန်နှုန်းနဲ့ မောင်းလာတယ်လို့ ယူဆရတဲ့ ထရပ်ကားနဲ့ ဘာလင်မြို့က နာမည်ကျော် ခရစ္စမတ်ဈေးကို ဝင်တိုက်ခဲ့တဲ့အချိန်က၊ ဈေးထဲမှာ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ဒေသခံတွေ အပြည့်ရှိနေတယ်လို့လည်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG