သုံးရလွယ်ကူစေသည့် Link များ

ပါလက်စတိုင်းတို့ အုပ်ချုပ်တဲ့ Bethlehem မှာတော့ ခရစ္စမတ်ပွဲတော်တွေ ကျင်းပနေပါတယ်။ ဒါပေမယ့်လည်း ဂျေရုဆလင်ကို အစ္စရေးနိုင်ငံမြို့တော်အဖြစ် အမေရိကန်သမ္မတ Donald Trump က လွန်ခဲ့တဲ့ သီတင်းသုံးပတ်တုန်းက ကြေညာသတ်မှတ်လိုက်တာကြောင့်၊ ခရစ်စမတ်ပွဲတော်ဟာ ပျော်ရွှင်ဖွယ် ဖြစ်သင့်သလောက် မဖြစ်ခဲ့ရဘူးလို့ Jasusemen Oni သတင်းရေးသားပေးပို့ထားတာကို ကိုသားညွန့်ဦးက ပြောပြမှာပါ။

တနင်္ဂနွေနေ့မှာပဲ ခရစ်တော်ဖွားမြင်ရာနေရာအပြင်ဖက်မှာ ပါလက်စတိုင်းလူငယ်အဖွဲ့တွေ ချီတက်ခဲ့ကြပြီး၊ ခရစ်တော် ဖွားမြင့်ရာလို့ အစဉ်အလာအားဖြင့် သိထားကြတဲ့ Bethlehem မြို့ဟောင်းရဲ့ ခရစ္စမတ်ပွဲတော်ကို စတင်လိုက်ကြပါတယ်။ နှစ်စဉ်လုပ်နေကြတဲ့ ဒီ ချီတက်လမ်းလျှောက်ပွဲကို လူ ရာနဲ့ချီ တတ်ရောက်တယ်ဆိုပေမယ့်လည်း၊ ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်က ကြေညာခဲ့တဲ့အပေါ် တင်းမာမှုကြီးက ရှိနေဆဲဖြစ်တာမို့ ပါလက်စတိုင်းတွေ ကမ္ဘာလှည့်ခရီးသည်တွေ အရင်ကလို သိပ်များများစားစား မရှိလှပါဘူး။ ပါလက်စတိုင်း အမျိုးသမီးဖြစ်တဲ့ Naheel Banoura ကတော့ ဒီအခြေအနေကြောင့် ပွဲတော်ဟာ အရင်လို သိပ်ကြီးကြီးကျယ်ကျယ်ဖြစ်မလာဘူးလို့ ပြောပါတယ်။

“ ဂျေရုဆလင်ကို သံရုံးပြောင်းမယ်ဆိုတဲ့ Trump ဆုံးဖြတ်ချက်ကြောင့် စိတ်ညစ်ညူးစရာဖြစ်ရပြီး၊ ပွဲတော်က သိပ်ကြီးကြီးကျယ်ကျယ်ဖြစ်မလာပါဘူး။ အစ္စရေးကျူးကျော်မှုကနေ နောက်ထပ် အမေရိကန်ကျူးကျော်မှုတရပ် ဖြစ်လာသလိုပါပဲ။”

ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ်သတ်မှတ်လိုက်တဲ့ အမေရိကန်သမ္မတ Donald Trump ရဲ့ ဆုံးဖြတ်ချက်ကြောင့် အရှေ့ဂျေရုဆလင်ကို ပါလက်စတိုင်းမြို့တော်အဖြစ်လိုလားတဲ့ ပါလက်စတိုင်းအဖို့ ဒေါသတကြီးဖြစ်ကြရပါတယ်။ အဲဒီကနေ Bethlehem မှာရော ဂါဇာအနောက်ဖက်ကမ်း နေရာအချို့မှာပါ အကြမ်းဖက်ထိပ်တိုက်တွေ့မှုတွေဖြစ်ခဲ့ရပါတယ်။

Trump ရဲ့ ဒီကြေညာချက်ကို အောင်ပွဲခံခဲ့တဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကတော့ လာမယ့် ခရစ္စမတ်မှာ မြင့်မြတ်တဲ့ဒီနယ်မြေကို လာကြမယ့်သူတွေအတွက် တနင်းနွေနေ့ညတုန်းက ဗီဒီယိုမိန့်ခွန်းတရပ် ထုတ်လွှင့် ပြောခဲ့ပါတယ်။

“ အစ္စရေး တိုင်းပြည်ဟာ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ရုံတင်မကပဲ လူလူချင်းအကြား မိတ်ဆွေအဖြစ် ချစ်ကြည်ရင်းနှီးမှုကို ယုံကြည်ကြသူတွေဖြစ်တယ်ဆိုတာကို ကျနော် ဂုဏ်ယူပြောလိုပါတယ်။ အခု ကျနော့်နောက်မှာရှိတဲ့ မြင့်မြတ်တဲ့ ဘုရားကျောင်းကို လာရောက်ဝတ်ပြုကြသူ ဘယ်သူ့ကိုမဆို ကျနော်တို့ အကာအကွယ်ပေးသွားမှာပါ။”

ပါလက်စတိုင်းတို့အုပ်ချုပ်တဲ့ Bethlehem မှာတော့ Manger ရင်ပြင်ထဲ ခရစ်စမတ်သစ်ပင်တွေနဲ့အတူ ကြေညာစာတမ်းတွေကပ်ထားတာကိုလည်း တွေ့ရပြီး၊ ဒါဟာ အမေရိကန်သမတရဲ့ ကြေညာချက်ကို လက်မခံကြောင်း ပြတာလို့ Bethlehem မြို့တော်ဝန် Anton Salman က ပြောပါတယ်။

“ Trump ရဲ့ ကြေညာချက်ကိုရော၊ အသိမ်းပိုက်ခံနယ်မြေအတွင်း ထပ်မံ သိမ်းပိုက်ကျူးကျော်မှုတွေကိုပါ ကျနော်တို့တွေ လက်မခံဘူးဆိုတာကို ပြတဲ့ စာသား သင်္ကေတတွေပါ။ လွတ်မြောက်မှုနဲ့ လူ့ဂုဏ်သိက္ခာကို ကျနော်တို့ လိုလားကြတာပါ။”

ဂျေရုဆလင်ကို အစ္စရေးမြို့တော်ကြေညာတဲ့ အမေရိကန်လုပ်ရပ်ကိုလက်မခံကြောင်း ပြောခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး Francis က ဗာတီကန်က ခရစ်စမတ်အကြို လူထုစုဝေးဆုတောင်းပွဲမှာ မိန့်ခွန်းတရပ်ပြောပါတယ်။ သူတို့ရဲ့နယ်မြေမှာ ငြိမ်ချမ်းမှုကိုလိုလားမျှော်လင့်နေကြတဲ့ ပါလက်စတိုင်းတွေအပါအ၀င် ကမ္ဘာပေါ်က ခရစ်ယာန်တွေအားလုံးအတွက် ခရစ္စမတ်ဆုမွန်သတင်းစကား ပြောခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG