သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ ပြည်သူတွေ ဘာကြောင့် စိတ်ဝင်စားမှု နည်းသလဲ


၂၀၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှ မဲဆန္ဒရှင်များ
၂၀၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှ မဲဆန္ဒရှင်များ

နိုင်ငံတော် ဘဏ္ဍာကနေ ကျပ်ငွေ ၁ ဒသမ ၆ ဘီလျံကျော် အကုန်အကျ ခံပြီး ကျင်းပပေးခဲ့တဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီးစီးသွားခဲ့ပါပြီ။ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် ၁၉ ယောက် ရွေးချယ်ပေးခဲ့တာမို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ အမတ် တစ်ယောက် ရွေးချယ်နိုင်ရေး အတွက် ကျပ်ငွေ ၈၄ သန်းကျော် သုံးစွဲခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲပြီးတဲ့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ အချက်အလက်တွေ အရရော၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရပါ အခုကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူတွေ စိတ်ဝင်စားမှုနည်းတယ်၊ ၁၉၉၀ ခုနှစ်က စ တွက်ရင် အရင် ရွေးကောက်ပွဲ ၄ ကြိမ်မှာ ထက် မဲပေးတဲ့သူ အရည်အတွက်နည်းတယ် စတဲ့ မှတ်ချက်တွေကို တွေ့ကြရပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကို ပြည်သူတွေ ဘာကြောင့် စိတ်ဝင်စားမှုနည်းရသလဲ၊ မဲပေးတဲ့သူ အရည်အတွက်လည်း ဘာကြောင့် နည်းရသလဲ၊ တဆက်တည်း မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ဘယ်လို ဖြစ်သင့်သလဲ ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ရွေးကောက်ပွဲ မတိုင်ခင် မီဒီယာတွေက ဖော်ပြခဲ့တဲ့ သတင်းတွေမှာရော၊ လေ့လာစောင့်ကြည့်သူတွေရဲ့ အစီရင်ခံစာမှာပါ ဒီ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူတွေ စိတ်ဝင်စားမှု နည်းတယ် ဆိုတဲ့ အချက် ပေါ်ထွက်ခဲ့ပါတယ်။ ပြည်သူတွေရဲ့ စိတ်ထဲမှာ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် ကိုယ့်နာမည် မဲစာရင်းတွေမှာ ပါမပါ သွားကြည့်ဖို့ထက်၊ မဲပေးခွင့် သက်သေခံ ကဒ်ပြားတွေ သွားထုတ်ဖို့ထက်၊ မဲသွားပေးဖို့ထက် နေ့တဓူ၀ စားဝတ်နေရေး ပြသနာကိုပဲ အာရုံစိုက်နေကြလို့ ရွေးကောက်ပွဲဘက် စိတ်မဝင်စားကြတာလို့ ဆိုပါတယ်။ တစ်နည်းပြောရရင် ပြည်သူတွေဟာ ငါတို့ မဲသွားပေးလည်း ဘာမှ ထူးထူးခြားခြား ဖြစ်လာမှာ မဟုတ်ဘူး၊ ငါတို့ ကြုံတွေ့နေရတဲ့ စီးပွားရေး အခက်အခဲ ပြသနာလည်း ပြေလည်သွားမှာ မဟုတ်ဘူးလို့ ယူဆနေကြတာ တွေ့ရပါတယ်။

တကယ်လည်း အဲဒီ လေ့လာ သတင်းဖော်ပြချက်တွေ အရပဲ တစ်ချို့နေရာတွေမှာ အံ့အားသင့်လောက်စရာ မဲပေးမှု နည်းတာ တွေ့ရပါတယ်။ မဲဆန္ဒနယ် အားလုံးကို ပျမ်းမျှ တွက်ချက်ရင် မဲလာပေးတဲ့သူ အရည်အတွက်ဟာ မဲပေးပိုင်ခွင့် ရှိသူရဲ့ ၃၇ ရာခိုင်နှုန်း နီးပါးပဲ ရှိတာ တွေ့ရပါတယ်။ အရင် ရွေးကောက်ပွဲတွေကို ပြန်ကြည့်ရင် ၁၉၉၀ တုန်းက ၇၂ ရာခိုင်နှုန်းကျော်၊ ၂၀၁၀ ရွေးကောက်ပွဲမှာ ၇၇ ရာခိုင်နှုန်းကျော်၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ၆၈ ရာခိုင်နှုန်းကျော်နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ၇၀ ရာခိုင်နှုန်း နီးပါး ရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက မဲပေးသူ ၃၆ ရာခိုင်နှုန်းကျော် ရှိခဲ့တဲ့ ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ်မှာတော့ အခု ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲမှာ မဲပေးသူ ၁၂ ရာခိုင်နှုန်းကျော်ပဲ ရှိပြီး သုံးပုံ နှစ်ပုံလောက်တောင် ကျဆင်းသွားတာတွေ့နိုင်ပါတယ်။ ဒီလို မဲပေးသူ နည်းသွားတဲ့ အချက်ဟာ ဖွဲ့စည်းပုံအရ ပြုလုပ်ရတဲ့ မြန်မာ့ရွေးကောက်ပွဲ စနစ်၊ နိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲ အပေါ် သဘောထား၊ ပြည်သူတွေရဲ့ အမတ်လောင်းတွေအပေါ် သဘောထား စတဲ့ အချက်တွေကြောင့် ဖြစ်မယ်လို့ ယူဆ နိုင်ပါတယ်။

မြန်မာ့ရွေးကောက်ပွဲ စနစ်ဟာ အမတ်လောင်းတွေထဲကနေ အမတ်တစ်ယောက်ကို ရွေးကောက် တင်မြှောက်ရတာ ဖြစ်ပါတယ်။ ပြည်ထောင်စု အဆင့် ဆိုရင် အဲဒီ အမတ်တွေကမှ တဆင့် သမ္မတ ကို ရွေးကောက်တင်မြှောက်ပြီး၊ သမ္မတ ကမှ ဝန်ကြီးတွေခန့် အစိုးရဖွဲ့တာမျိုးပါ။ ပြည်နယ်နဲ့ တိုင်း အဆင့် ဆိုရင်လည်း ရွေးချယ်ပေးလိုက်တဲ့ အမတ်တွေထဲက တစ်ယောက်ကို သမ္မတ က ဝန်ကြီးချုပ်အဖြစ် တိုက်ရိုက်ခန့်တာ ဖြစ်နေပြန်ပါတယ်။ နိုင်ငံ အများစုမှာ ကျင့်သုံးနေတဲ့ သမ္မတ တစ်ယောက်ကို တိုက်ရိုက် မဲပေး ရွေးချယ်တာမျိုး၊ တိုင်း သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေး အကြီးအကဲ ကို တိုက်ရိုက် ရွေးချယ်တာမျိုး၊ မြို့တော်ဝန်ကို တိုက်ရိုက်ရွေးချယ်တာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ်ရွေးချယ်လိုက်ရင် လွှတ်တော်ထဲ ရောက်သွား၊ လွှတ်တော်ထဲ ရောက်သွားပြီးရင် ဘာလုပ်တယ် မလုပ်ဘူး ဘာသတင်းအစအန မှ မကြားရတဲ့ အခြေအနေမျိုးမို့ လွှတ်တော်အမတ် ရွေးချယ်ပွဲ သက်သက်ကို စိတ်မဝင်စားကြတာမျိုးပါ။

၂၀၁၅ ခုနှစ်တုန်းက အုံးအုံးကြွက်ကြွက် မဲပေးခဲ့ကြတာက အဲဒီလို မဲထည့်ပေးလိုက်ရင် တိုင်းပြည်မှာ အစိုးရ အပြောင်းအလဲ ဖြစ်နိုင်တယ်၊ အဲဒီ အပြောင်းအလဲဟာ ကိုယ့်ဘ၀ ကိုပါ ပြောင်းလဲနိုင်တယ် ဆိုပြီး မျှော်လင့်ခဲ့ကြလို့ ဖြစ်ပါတယ်။ အခု ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ ကတော့ ပြည်သူတွေအနေနဲ့ ဘယ်အမတ်၊ ဘယ်ပါတီကိုပဲ မဲပေးရွေးချယ်သည်ဖြစ်စေ၊ အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်မှာ မဟုတ်ဘူး ဆိုတာကို သိထားတဲ့အတွက်လည်း မဲပေးဖို့ ဆန္ဒ မရှိကြတာ ဖြစ်နိုင်ပါတယ်။

နောက်ထပ် ပြသနာတစ်ခုက နိုင်ငံရေးပါတီတွေရဲ့ အနေအထားပါ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အဲဒီ ပါတီတွေရဲ့ ခံယူပုံကြောင့်၊ မဲဆွယ်စည်းရုံးမှုတွေ အားနည်း၊ အဲလို အားနည်းချက်ကနေ တဆင့် ပြည်သူတွေ စိတ်ဝင်စားမှု နည်းရတာလည်း ပါပါတယ်။ မြန်မာနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၉၀ ကျော်ထဲမှာ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ပါတီပေါင်း ၂၄ ပါတီနဲ့ တစ်သီးပုဂ္ဂလတွေ ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ အဲဒီအထဲကမှ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ရခိုင်အမျိုးသားပါတီ နဲ့ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) က အမတ်တွေ ရွေးကောက်တင်မြှောက် ခံရပါတယ်။ ကျန် နိုင်ငံရေးပါတီ ၁၉ ပါတီက အမတ်တွေ တစ်ယောက်မှ အရွေးချယ် မခံရပါဘူး။ တကယ့်တကယ်လည်း အဲဒီ ပါတီ ထဲက အများစုကြီးဟာ သူတို့ပါတီကို သူတို့ မယုံကြည်သလို၊ မဲပေးမယ့် ပြည်သူတွေကိုလည်း ယုံကြည်မှု မရှိကြပါဘူး။ ငါတို့ ဝင်အရွေးခံလည်း ငါတို့ကို မဲထည့်မယ့်သူ နည်းနည်းပါးပါးပဲ ရှိလိမ့်မယ်၊ ဆိုတဲ့ အတွေးမျိုးနဲ့ ရွေးကောက်ပွဲမှာ စိတ်ပါလက်ပါ မဲဆွယ်တာမျိုး မလုပ်ကြပါဘူး။ ပါတီ ရံပုံငွေကို အဲဒီ အမတ်လောင်း တစ်ယောက်ယောက်ရဲ့ မဲဆွယ်ပွဲမှာ အသုံးပြုဖို့ စိတ်မဝင်စားကြပါဘူး။ ဒီလိုနည်းနဲ့ ရွေးကောက်ပွဲကို ပြည်သူတွေ စိတ်ဝင်စားမှု အရှိန် မြင့်တက် မလာတာ ဖြစ်ပါတယ်။

နောက်ပြသနာ တစ်ခုက နိုင်ငံရေးပါတီ အများစုကြီးရဲ့ ဒီမိုကရေစီ စနစ်ကို မလေးနက်ခြင်း ကလည်း ရွေးကောက်ပွဲအပေါ် ပြည်သူတွေ စိတ်ဝင်စားမှု ကျဆင်းစေပါတယ်။ တကယ်တော့ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီ စနစ်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တာမို့၊ ပြည်သူတွေအကြား ဒီမိုကရေစီ စိတ်ဓာတ် ရှင်သန် အားကောင်းလာအောင်၊ ပြည်သူတွေရဲ့ ရွေးချယ်မှုကသာ အရာရာကို အပြောင်းအလဲ ဖြစ်စေတယ် ဆိုတာကို သိရှိနားလည်လာအောင်၊ ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားလာအောင် အနိုင်ရသည်ဖြစ်စေ၊ အနိုင်မရသည်ဖြစ်စေ ပြည်သူလူထုကို စည်းရုံးဆွဲဆောင်တဲ့ သဘော၊ ကိုယ့်ပါတီကို ထောက်ခံလာအောင် လုပ်တဲ့သဘောနဲ့ ကြိုးကြိုးစားစား ဝင်ရောက်ယှဉ်ပြိုင် မဲဆွယ် စည်းရုံးသင့်တာမျိုးပါ။ ဒါပေမယ့် ပါတီအများစုကြီးကတော့ အဲလို မလုပ်ခဲ့ပါဘူး။

နောက်ဆုံးပြသနာက နိုင်ငံရေးပါတီတွေရဲ့ လွှတ်တော်အမတ် တစ်ယောက်ရဲ့ လုပ်ငန်းတာဝန်ကို အပြည့်အ၀ နားမလည်ကြခြင်းပဲ ဖြစ်ပါတယ်။ အမတ်အဖြစ် ရွေးကောက်ခံပြီးရင် လွှတ်တော်ထဲသွား၊ လွှတ်တော် အလုပ်တွေပဲ လုပ်ရမယ်လို့ နားလည်ကြခြင်းပါ။ တကယ်တော့ အမတ်တွေဟာ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဝင်ရောက်စွက်ဖက်တာမျိုး မဟုတ်ပဲ ကိုယ့်မဲဆန္ဒနယ်မြေမှာ ရုံးခန်းတွေဖွင့်၊ ပြည်သူလူထု လိုအပ်ချက်ကို အကူအညီပေးတဲ့ ကိစ္စမျိုး အများကြီး လုပ်ပေးနိုင်ပါတယ်။ ဒီနည်းနဲ့ ပြည်သူတွေလေးစားတဲ့၊ ပြည်သူတွေအကြား ထင်ပေါ်ကျော်ကြားတဲ့ အမတ်တွေ ဖြစ်လာနိုင်ပါတယ်။ အဲလို အမတ်တွေ ပေါ်ပေါက်လာရင် တစ်ဖက်မှာလည်း ပြည်သူတွေက အမတ်ရွေးချယ်ပွဲကို သမန်ကာရှန်ကာ သဘောမထားပဲ အလေးအနက် မဲပေး ရွေးချယ်ဖို့ စိတ်အားထက်သန်နေမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG