သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Biden ရွေးကောက်ပွဲ မဲဆွယ်မှုစတင်


U.S. President Joe Biden delivers a speech to mark the third anniversary of the January 6, 2021 attacks on the U.S Capitol in Blue Bell, Pennsylvania
U.S. President Joe Biden delivers a speech to mark the third anniversary of the January 6, 2021 attacks on the U.S Capitol in Blue Bell, Pennsylvania

အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၄ သမ္မတ ရွေးကောက်ပွဲ ပြန်ဝင်ဖို့ကြိုးစားနေတဲ့ Donald Trump ဟာ အမေရိကန် ဒီမိုကရေစီအတွက် အန္တရာယ်ဖြစ်တယ်လို့ သမ္မတ Joe Biden က ပြောကြားလိုက်ပါတယ်။ အမေရိကန် လွှတ်တော်အဆောက်အဦး တိုက်ခိုက်ခံရမှု ၃ နှစ်ပြည့်ဖို့ ၁ ရက်အလိုမှာ ရွေးကောက်ပွဲ စည်းရုံးလှုပ်ရှားမှု စတင်လိုက်တဲ့ သမ္မတ Biden က အခုလို မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီမိုကရေစီ၊ လွတ်လပ်မှုကို ရွေးချယ်ရမယ့် ရွေးကောက်ပွဲဖြစ်တယ်ဆိုတာ မဲဆန္ဒရှင်တွေအနေနဲ့ ရှင်းရှင်းလင်းလင်းသိထားရမယ်လို့ သမ္မတ Biden ကပြောကြားခဲ့တာဖြစ်ပါတယ်။ Trump ကိုထောက်ခံသူတွေ လွှတ်တော်အဆောက်အဦးထဲ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု အလေးထားတဲ့ စံတန်ဖိုးတွေ ပျောက်ဆုံးလုဖြစ်ခဲ့တယ်လို့ သမ္မတ Biden ထောက်ပြပြီး၊ Trump ဟာ အမေရိကန် ဒီမိုကရေစီကို ခြိမ်းခြောက်နေသူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက်ဟာ အာဏာရှင်စနစ် ဖြစ်တယ်လို့ Pennsylvania ပြည်နယ် Valley Forge မြို့နားမှာ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ ပထမဆုံး စည်းရုံးမဲဆွယ်ပွဲမှာ သမ္မတ Biden က ပြောကြားခဲ့ပါတယ်။ သမ္မတဟောင်း Trump ကလည်း သောကြာနေ့က Iowa ပြည်နယ်မှာ လုပ်ခဲ့တဲ့ မဲဆွယ်ပွဲအတွင်း ၂၀၂၄ ရွေးကောက်ပွဲဟာ အမေရိကန်ကို ကယ်တင်ဖို့ နောက်ဆုံးအခွင့်အရေးပဲလို့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

Republican ပါတီဘက်က သမ္မတလောင်းဝင်ရွေးဖို့ ကြိုးစားနေကြသူတွေထဲမှာတော့ Trump ကရှေ့ပြေးနေပါတယ်။ တချိန်ထဲမှာပဲ Colorado ပြည်နယ်မှာ ပြုလုပ်မယ့် Republican ပါတီတွင်း သမ္မတလောင်း ပဏာမရွေးချယ်ပွဲတွေကျရင် Trump နာမည်ကို မဲပြားတွေပေါ် မထည့်ရလို့ ပြည်နယ်တရားရုံးချုပ်က ဆုံးဖြတ်ထားတာနဲ့ပတ်သက်လို့ ပြည်ထောင်စုတရားရုံးချုပ်က နောက်ဆုံး အဆုံးအဖြတ်ပေးမယ်လို့ သောကြာနေ့က ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်ကို ကာကွယ်မယ်လို့ ကျမ်းသစ္စာကျိန်ဆိုထားသူ ဘယ်သူမဆို နိုင်ငံတော် ပုံကန်မှုမှာ ပါဝင်ပတ်သက်ခဲ့ဖူးရင် အစိုးရရာထူးနေရာ ယူခွင့်မရှိဘူးဆိုတဲ့ အမေရိကန်ဖွဲ့စည်းပုံ ပြင်ဆင်ချက် ၁၄ အရ Colorado တရားရုံးချုပ်က ဆုံးဖြတ်တဲ့အပေါ် Trump မဲဆွယ်ရေးအဖွဲ့က အယူခံတင်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG