သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

BIMSTEC အဖွဲ့ဝင် ၇ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ဖို့ အခိုင်အမာဆုံးဖြတ်


BIMSTEC အဖွဲ့ဝင် ၇ နိုင်ငံမှ ခေါင်းဆောင်များ
BIMSTEC အဖွဲ့ဝင် ၇ နိုင်ငံမှ ခေါင်းဆောင်များ
ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍစုံ နည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ BIMSTEC ထိပ်သီးအစည်းအဝေးကို နေပြည်တော်မှာ ဒီကနေ့ ကျင်းပပြီးစီးခဲ့ပြီး၊ သဘောတူညီချက်စာချုပ် သုံးရပ် လက်မှတ်ထိုးခဲ့ကြပါတယ်။

BIMSTEC လွတ်လပ်တဲ့ ကုန်သွယ်မှုဇုန်တည်ဆောက်ရေး ရည်မှန်းချက်အရ ဒီနှစ်ကုန်ပိုင်းမှာ ကုန်ပစ္စည်း ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်တရပ် ရဖို့ လုပ်သွားမယ်လို့ BIMSTEC အဖွဲ့ဝင် ၇ နိုင်ငံအကြီးအကဲတွေ သဘောတူခဲ့ကြပါတယ်။ BIMSTEC ထိပ်သီးအစည်းအဝေးမှာ ကိုယ်တိုင်သတင်းယူနေတဲ့ ဗွီအိုအေသတင်းထောက် ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

၂၀၀၉ ခုနှစ်ကတည်းက BIMSTEC ရဲ့ အလှည့်ကျ ဥက္ကဌအဖြစ်နဲ့ မြန်မာနိုင်ငံ တာဝန်ယူခဲ့ပေမဲ့လို့ ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ဖို့ ၅ ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ဘဲ အခု ၂၀၁၄ ခုနှစ်ကျမှ အလှည့်ကျဥက္ကဌအနေနဲ့ မြန်မာနိုင်ငံမှာ ထိပ်သီး အစည်းအဝေးကို ကျင်းပနိုင်ခဲ့တာပါ။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကိစ္စတွေကြောင့် ထိပ်သီးအစည်းအဝေး မခေါ်နိုင်ခဲ့တာဖြစ်တယ်လို့ မြန်မာသမ္မတ ဦးသိန်းစိန်က အစည်းအဝေးအပြီး သတင်းထောက်တွေကို ရှင်းလင်းရာမှာ ပြောဆိုပါတယ်။

BIMSTEC အနေနဲ့ ရုံးပုံစံထားပြီး မလည်ပတ်နိုင်တာကြောင့် ပြီးခဲ့တဲ့ကာလအတွင်း ပူးပေါင်းဆောင်ရွက်မှုတွေမှာ အကန့်အသတ် ရှိတယ်ဆိုတာကို သမ္မတ ဦးသိန်းစိန်က ဝန်ခံပြောပြီး၊ အခု ဒီအစည်းအဝေးမှာ ပထမဆုံး အတွင်းရေးမှူးချုပ်ကို ခန့်အပ်လိုက်ပြီး မကြာခင် အတွင်းရေးမှူးချုပ်ရုံးလည်း ဖွင့်လှစ်နိုင်တောမှာမို့ အဖွဲ့ဝင်နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးလာလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဦးသိန်းစိန်က သတင်းထောက်တွေကို ပြောပါတယ်။

“အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုမှာ အရေးပါတဲ့ သဘောတူညီချက် ၃ ရပ်ကို ဒီကနေ့ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ BIMSTEC နိုင်ငံတကာ အတွင်းရေးမှူးချုပ်ရုံးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ တည်ထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ၊ နောက် BIMSTEC အဖွဲ့ဝင်နိုင်ငံများရဲ့ ယဉ်ကျေးမှုလုပ်ငန်းများကော်မရှင်နဲ့ ယဉ်ကျေးမှုလုပ်ငန်းများ လေ့လာစရာများကို ဘူတန်နိုင်ငံ Thimphu မြို့မှာ တည်ထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ၊ BIMSTEC အဖွဲ့ဝင်နိုင်ငံများရဲ့ မိုးလေဝသနဲ့ ရာသီဥတု ဗဟိုဌာနကို အိန္ဒိယနိုင်ငံမှာ တည်ထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာတို့ပဲ ဖြစ်ပါတယ်။ BIMSTEC အဖွဲ့အစည်းမှာ အာဆီယံအဖွဲ့ကြီးလို အတွင်းရေးမှူးချုပ် ယခင်က မရှိသေးတဲ့အတွက်ကြောင့်မို့ နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်ရေးမှာ အကန့်အသတ်ရှိခဲ့ပါတယ်။ အခုဆိုရင် အတွင်းရေးမှူးချုပ်ရုံး စတင် ထူထောင်နိုင်မည်ဖြစ်တဲ့အတွက် လုပ်ငန်းဆောင်တာများကို ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။”

တတိယအကြိမ် BIMSTEC ထိပ်သီးအစည်းအဝေး ကြေညာစာတမ်းကိုလည်း ထုတ်ပြန်လိုက်ပြီး၊ အဲဒီထဲမှာ ကဏ္ဍ ၁၄ ခုမှာ အဖွဲ့ဝင်နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မူဝါဒသဘော ချမှတ်ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီကဏ္ဍအသီးသီးမှာလည်း ဦးဆောင်နိုင်ငံတွေဆိုပြီး သဘောတူ သတ်မှတ်ရာမှာ မြန်မာနိုင်ငံကတော့ စွမ်းအင်နဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ဦးဆောင်နိုင်ငံအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မြန်မာသမ္မတ ဦးသိန်းစိန်က သတင်းထောက်တွေကို ပြောပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ စွမ်းအင်နဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိနေပါတယ်။ ဒီကဏ္ဍတွေအတွက် ဖော်ထုတ်ထားတဲ့ စီမံကိန်းလုပ်ငန်းတွေကို အောင်မြင်ဖို့အတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပါတယ်။”

BIMSTEC နိုင်ငံတွေအကြား လွတ်လပ်တဲ့ ကုန်သွယ်မှုဇုန်ထားရှိရေး ရည်မှန်းချက် အစိတ်အပိုင်းတရပ် အနေနဲ့ကတော့၊ အခု ၂၀၁၄ ခုနှစ်အကုန်ပိုင်းမှာ ကုန်ပစ္စည်း ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်တရပ် ထွက်လာဖို့ နိုင်ငံခေါင်းဆောင်တွေအကြား သဘောတူခဲ့ပြီး၊ အဲဒီကနေ ဝန်ဆောင်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက် ထွက်လာဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဖွဲ့ဝင်နိုင်ငံ ၇ နိုင်ငံရဲ့ ပြည်သူအချင်းချင်းကြား နားလည်မှုနဲ့ ခင်မင်ရင်းနှီးမှုတွေ ဖြစ်လာအောင် အစီအစဉ်တွေလည်း ဆောင်ရွက်ဖို့ ရှိတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောခဲ့ပါတယ်။

“BIMSTEC အဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူများကြား နားလည်မှုနဲ့ ချစ်ကြည်ရင်းနှီးမှုတွေ တိုးပွားရေးတို့အတွက် ဦးစားပေး ဆောင်ရွက်နေတဲ့ ကဏ္ဍတရပ်ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်နဲ့ပတ်သက်၍ ရုပ်ရှင်ပွဲတော်များ စီစဉ်ကျင်းပပြီး၊ ကျောင်းသားများ အချင်းချင်းကြား အပြန်အလှန် လေ့လာရေးခရီးစဉ်များ ဆောင်ရွက်၍ နှီးနှောဖလှယ်ပွဲများ စတင် တိုးတက် ပြုလုပ်သွားကြရမှာဖြစ်ပါတယ်။”

BIMSTEC အဖွဲ့ဟာ တကယ်တော့ တောင်အာရှဒေသနဲ့ အရှေ့တောင်အာရှဒေသကို ချိတ်ဆက်ထားတဲ့ ဒေသတွင်း အဖွဲ့အစည်းတရပ် ဖြစ်ပါတယ်။ အရင်အချိန်တွေတုန်းကတော့ အလှည့်ကျဥက္ကဌဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေအရရော အခြားနိုင်ငံတွေရဲ့ နိုင်ငံတွင်း ပြဿနာတွေကြောင့်ပါ ပူးပေါင်းဆောင်ရွက်ရေးမှာ ရပ်တန့်သလို ဖြစ်ခဲ့ရတာပါ။

အခု တတိယအကြိမ် ထိပ်သီးအစည်းအဝေး ခေါ်ယူပြီးတဲ့နောက်ပိုင်းမှာတော့ ဒေသအဖွဲ့အစည်းတရပ်ရယ်လို့ ပီပီပြင်ပြင်ရှိလာဖို့ လမ်းစတွေ့လာပြီလို့ မျှော်လင့်ရပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ထိပ်သီးအစည်အးဝေး ဖွင့်ပွဲမိန့်ခွန်းမှာတော့ ဒီနေ့ ကမ္ဘာ့ပေါင်းစည်းမှု အနေအထားအရ ယဉ်ကျေးမှုနဲ့ ရည်မှန်းချက်တူတဲ့ နိုင်ငံတွေအကြား ဒေသအစုအဖွဲ့တွေ ဖြစ်လာတာဟာ ရွေးချယ်မှုကြောင့်မဟုတ်ဘဲ အချိန်ရဲ့လိုအပ်ချက်ကြောင့် ဖြစ်တယ်ဆိုပြီး ပြောဆိုမှတ်ချက်ပေးခဲ့ပါတယ်။

ဒါ့အပြင် ပုံမှန်မဟုတ်တဲ့ ခြိမ်းခြောက်မှုသစ်တွေကို BIMSTEC ရဲ့ခေါင်းစဉ်အောက်မှာ အခြားနိုင်ငံတကာအဖွဲ့တွေနဲ့ လက်တွဲပြီး ဖြေရှင်းဆောင်ရွက်သွားရမယ်လို့ သမ္မတဦးသိန်းစိန်က ပြောခဲ့ပါတယ်။

BIMSTEC အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရ်ှ၊ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ဘူတန်၊ နီပေါလ် ၇ နိုင်ငံ စုစုပေါင်းဟာ ကမ္ဘာ့လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းကျော်ရှိပြီး၊ ပြည်တွင်းထုတ်လုပ်မှု တန်ဖိုးဟာဆိုရင်လည်း ဒေါ်လာ ၂ ဒဿမ ၅ ထရီလီယံ ရှိတယ်လို့ ခန့်မှန်းတွက်ချက်ထားကြပါတယ်။
XS
SM
MD
LG