သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MH 17 လေယာဉ် Black Boxes ယူကရိန်းသူပုန်က မလေးရှားအာဏာပိုင်လက် အပ်


ကယ်ဆယ်ရေးအလုပ်သမားတစ်ဦး ပျက်ကျလေယာဉ်က Data recorder ကို သယ်ဆောင်လာစဉ်။
ကယ်ဆယ်ရေးအလုပ်သမားတစ်ဦး ပျက်ကျလေယာဉ်က Data recorder ကို သယ်ဆောင်လာစဉ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ ရုရှားကိုလိုလားသူ ခွဲထွက်ရေးသူပုန်တွေက ပျက်ကျသွားတဲ့ မလေးရှားလေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ black box ကို မလေးရှားကျွမ်းကျင်သူတွေ လက်ကို လွှဲပေးလိုက်ပါတယ်။

တနင်္လာနေ့နှောင်းပိုင်း ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donetask ဒွန်းနပ်စ်မြို့မှာ လွှဲပြောင်းပေးလိုက်တာပါ။ မလေးရှားဝန်ကြီးချုပ် Najib Razak နဲ့ သူပုန်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ Alexander Borodai တို့အကြား တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောဆိုခဲ့ကြပြီးတဲ့နောက် နာရီပိုင်းအတွင်းမှာ အခုလို လွှဲပြောင်း ပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ပြန်လည်လွှဲပြောင်းပေးတဲ့ ပျံသန်းမှုမှတ်တမ်းတင် ကိရိယာမှာ ထိခိုက်ပျက်စီးမှုတွေရှိကြောင်း မလေးရှား ဗိုလ်မှူးကြီး Mohamed Sakri ကပြောပါတယ်။ ဒါပေမဲ့ လက်ရာမပျက် ရှိပြီး အခြေအနေကောင်းမွန်ပါတယ်လို့ ပြောပါတယ်။ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၉၈ ယောက်တင်ဆောင်လာတဲ့ မလေးရှား နိုင်ငံပိုင် ခရီးသည်တင်လေယာဉ်ကို ပစ်ချခဲ့မှုနဲ့ပတ်သက်ပြီး ပစ်တင်ရှုတ်ချကြောင်း ဆုံးဖြတ်ချက်ကို တနင်္လာနေ့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ တညီတညွတ်တည်း ချမှတ်လိုက်ပါတယ်။

ဒါ့အပြင် လေယာဉ်ပျက်ရှိရာနေရာကို ထိန်းချုပ်ထားတဲ့ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေအနေနဲ့ အဲဒီနေရာ တဝိုက်ကို စုံစမ်းစစ်ဆေးသူတွေအနေနဲ့ အတားဆီးမရှိ ဝင်ထွက်နိုင်ခွင့်ပြုဖို့ တောင်းဆိုလိုက်ပါတယ်။ အခုလို တညီတညွတ်တည်း မဲပေးဆုံးဖြတ်ချက်ချနိုင်ခဲ့တဲ့အပေါ် သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop က ကြိုဆိုလိုက်ပါတယ်။ ဒါဟာ မနှစ်မြို့ဖွယ်ကောင်းတဲ့ လုပ်ရပ်အပေါ် ပြတ်ပြတ်သားသား တုံ့ပြန်လိုက်တာဖြစ်တယ်လို့ Ms. Bishop ကပြောပါတယ်။

လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူတွေထဲမှာ သြစတေးလျနိုင်ငံသား ၃၇ ယောက် ပါဝင်ပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ကောင်းကင်ယံမှာ ပျံသန်းနေတဲ့ လေယာဉ်ဟာ မြေပြင်ကနေ ဝေဟင်ပစ်ခတ်တဲ့ မစ်ဇိုင်း ဒုံးကျည် ထိမှန်ပြီး ပျက်ကျခဲ့ရတာဖြစ်တယ်လို့ ယူကရိန်း၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က အစိုးရတာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေအနေနဲ့ နိုင်ငံတကာက စုံစမ်းစစ်ဆေးသူတွေကို လေယာဉ်ပျက်ရှိရာကို သွားရောက်နိုင်ရေးအတွက် ခွင့်ပြုအောင် ရုရှားနိုင်ငံက သူ့ရဲ့သြဇာအရှိန်အဝါကို အသုံးပြုဖို့ အမေရိကန် သမ္မတ ဘရက်အိုဘားမားက တနင်္လာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

XS
SM
MD
LG