သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော် တရားစွဲဆိုမှုတွေကို ကန့်ကွက်တဲ့ အပြာရောင်တီရှပ်လှုပ်ရှားမှု


အပြာရောင်တီရှပ် လှုပ်ရှားသူများ
အပြာရောင်တီရှပ် လှုပ်ရှားသူများ

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအပေါ် တပ်မတော်က တရားစွဲဆိုတာတွေနဲ့ ပတ်သက်ပြီး ရပ်တန့်ဖို့အတွက် အပြာရောင်တီရှပ် လှုပ်ရှားမှုကိုအရှိန်မြှင့်ပြီး၊ နောက်တဆင့်အနေနဲ့ တပ်မတော်ဘက်ကို သတိပေးစာ ပေးပို့ သွားမယ်လို့ လှုပ်ရှားသူတွေက ဆိုပါတယ်။ တရားစီရင်ရေးမှာလည်း တရားရုံးချုပ်တရားသူကြီးက စစ်ဘက်ကနေလာသူဖြစ်တာကြောင့် တပ်မတော်က တရားစွဲရင် လက်ခံနေတာသာဖြစ်တယ်လို့ တရားရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုတာတွေအပေါ် တပ်မတော်က တရားစွဲဆိုတာတွေ ရပ်တန့်ဖို့ အရပ်ဖက် အဖွဲ့စည်း ၂၀ ကျော်က အခုလ ၁၄ ရက်နေ့က အိတ်ဖွင့်ပေးစာ တစောင်ပေးပို့ခဲ့ပြီး တပ်မတော်က တရားစွဲဆို ထားတဲ့ ရုံးချိန်းတွေမှာ အပြာရောင် တီရှပ် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အပြာရောင်တီရှပ်လှုပ်ရှားမှုကိုလည်း အရှိန်မြှင့်တင်သွားမှာဖြစ်သလို သတိပေးစာ ပေးပို့သွားမယ်လို့ အသံအဖွဲ့က မောင်ဆောင်းခက ပြောပါတယ်။

"တပ်မတော်ကို သတိပေးစာပေးပို့သွားဖို့ရှိတယ်။ လက်ရှိဟာတွေနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ ၁၄ ရက်နေ့က အိတ်ဖွင့်ပေးစာသဘောမျိုး ပေးခဲ့တာမျိုးရှိတယ်။ ပြီးကျရင်တော့ တပ်မတော်ကို ဒါတွေကို ချက်ချင်း ရုပ်သိမ်း ပေးဖို့ ၊ ဒီအမှုတွေရုပ်သိမ်းပေးဖို့ ပတ်သက်ပြီးတော့ သတိပေးစာ ပုံစံမျိုး ပြန်ရေးသွားမယ်။ ပြီးတော့ ဒီကမ်ပိန်း တွေကိုလည်း ဆက်အရှိန်မြင့်သွားမယ်။ ပြီးရင်တော့ လူအားလုံးပါတဲ့ လူထု လှုပ်ရှားမှု ပုံစံမျိုးနဲ့ ထပ်သွားဖို့ ရှိတယ်။ တဆင့်ချင်း ကျွန်တော်တို့ စဉ်းစားတာပေါ့။"

လက်ရှိမှာတော့ တပ်မတော်က မန္တလေးက ဆရာတော် ဦးသောဘိတ ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီး ဟောင်းနေမျိုးဇင် ၊ ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို ပုဒ်မ ၅၀၅(က)၊ ၆၆(ဃ) တွေနဲ့ တရားစွဲဆို ထားပါတယ်။

အခုလို တပ်မတော်က တရားစွဲဆိုတာနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က အခုလို မှတ်ချက် ပြုပါတယ်။

"သူ့ကိုထိလာမယ်ဆိုရင် အစိုးရတရပ်ပုံစံနဲ့ သူကတရားစွဲတော့တာပဲ အမှန်က သူက တရားစွဲမယ်ဆိုရင် တရားဝင် အစိုးရဆီက လမ်းကြောင်းတွေနဲ့ ဥပဒေရုံးကနေတဆင့် သွားရမှာ။မဟုတ်ဘူး သူက တရားရုံးကို ဦးတိုက်တွေလျှောက်တယ်။ အဲ့ဒါမျိုးတွေနဲ့ သကလုပ်တယ်။ တရားရုံးတွေကဘာဖြစ်လည်းဆိုတော့ တရားရုံးချုပ်ရဲ့ တရားသူကြီးက စစ်ဗိုလ်ဗျ။ ဒုတိယဗိုလ်မှူးကြီး အဲ့တော့ တရားရုံးချုပ်ရဲ့ တရားသူကြီးက စစ်ဗိုလ်ဖြစ်နေတဲ့အခါမှာ တပ်မတော်က ဦးတိုက်လျှောက်လာတာ မှန်သမျှ အကုန်လက်ခံမယ် ပြီးတော့ အမြင့်ဆုံး ပြစ်ဒဏ်ကို အကုန်ပေးတာပဲ"

ပြီးခဲ့တဲ့လစကပြီး လူမှုကွန်ယက်မှာ တပ်မတော်အပေါ် ဝေဖန်ရေးသားသူတွေကို တရားစွဲသလို ရခိုင်မှာဖြစ်ပွားနေတဲ့ သတင်းတွေ ဖော်ပြတာနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က RFA၊ ဧရာဝတီနဲ့ Development Media Group တို့ကိုလည်း တရားစွဲဆိုထားပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG