သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်/ကျဉ်း လွတ်မြောက်ရေး စုဖွဲ့လှုပ်ရှား


BlueShirtCampaign
BlueShirtCampaign

ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေကို ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး အတွက်ဆိုပြီး ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေ စတင်ပြီး စုစည်းလှုပ်ရှားလာပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တချိန်တုန်းက အကျယ်ချုပ်ခံနေရစဉ် လှုပ်ရှားမှုမျိုး လှုပ်ရှား ဆောင်ရွက် သွားမှာဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

NLD အရပ်သားအစိုးရလက်ထက် သတင်းမီဒီယာသမားတွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ပြည်တွင်းစစ် ရပ်တန့်ရေး ငြိမ်းချမ်းရေးလှုပ်ရှားသူတွေ စတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ပုဒ်မအမျိုးမျိုးနဲ့ ပြစ်ဒဏ်စီရင်ထောင်ချခံရသလို၊ အများအပြား ဟာလည်း စွဲချက်အမျိုးမျိုးနဲ့ တရားရင်ဆိုင်နေရဆဲဖြစ်တာမို့ ဒီလူတွေလွတ်မြောက်ရေး တောင်းဆိုလှုပ်ရှားမှုတရပ် စတင်လှုပ်ရှားနေကြ တာဖြစ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တချိန်တုန်းက နေအိမ်အကျယ်ချုပ်ကာလ ကျခံနေရစဉ် သူမအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် တောင်းဆိုလှုပ်ရှားမှုမျိုး ပြန်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒီလှုပ်ရှားမှု ကမ်ပိန်းမှာ ပါဝင်တဲ့အဖွဲ့တဖွဲ့ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်-အသံကပြောပါတယ်။ ဒီလှုပ်ရှားမှုရဲ့ အဓိကတောင်းဆိုချက်တွေကို အသံအဖွဲ့က ကိုရဲဝေဖြိုးအောင်က အခုလိုပြောပါတယ်။

“Message က ကျနော်တို့ အဓိက ၃ ဆင့် ကျနော်တို့ပေးချင်ပါတယ်။ နံပတ်၁ ကတော့ လက်ရှိ ထောင်ကျပြီးသား နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ ၊ နောက်တခုကတော့ လက်ရှိမှာ အကျဉ်းတော့ မကျသေးဘူး၊ တချို့တွေက အချုပ်ခံနေရတယ်။ တချို့တွေက အာမခံနဲ့ တရားရင်ဆိုင်နေရတဲ့ နိုင်ငံရေးနဲ့ ပတ်သက်သောသူအားလုံးကို အမှုတွေ ရုပ်သိမ်းပေးဖို့ ဒါကတော့ ကျနော်တို့ နံပတ် ၂ အနေနဲ့ တောင်းဆိုတာပါ။ နံပတ် ၃ အနေနဲ့ကတော့ အစိုးရတွေ ပြီးတဲ့အခါမှာ အာဏာရပါတီတွေ လွှတ်တော်ကိုယ်စားလှယ်တွေ ပြီးတဲ့အခါမှာ တပ်မတော်အနေနဲ့ နောက်ထပ် နိုင်ငံရေးအရ တရားစွဲဆိုမှုတွေ မပြုလုပ်ဖို့ပေါ့နော် အခုက အမှန်ဆိုရင် ဒီမိုကရေစီ စနစ်လက်ထက်မှာ စိတ်ရှည်သည်းခံပြီးတော့ ပြည်သူရဲ့ဆန္ဒကိုလိုက်တာ ဖြစ်ရမယ် ၊ အဲလိုမဟုတ်ပဲနဲ့ ပြည်သူက တခုခု ဝေဖန်ထောက်ပြတာတွေ ဖြစ်ခဲ့ရင် အထိမခံပဲနဲ့ တရားစွဲဆိုတာတွေလုံးဝမလုပ်ပဲနဲ့ ပြည်သူကို တရားပြန်စွဲတာတွေ ရပ်တန့်ဖို့ပေါ့နော် အဓိက အဲဒီ ၃ ခုကိုတော့ ကျနော်တောင်းဆိုချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံရေးအကျဉ်းသားတဦးတယောက်မှ မရှိစေရလို့ တချိန်တုန်းက ပြောဆိုခဲ့ဖူးတာမို့ နိုင်ငံ့ ဒီမိုကရေစီ အပြောင်းအလဲ မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ကိုလည်း သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့ သက်ဆိုင်သူတွေအားလုံးကို တောင်းဆိုကြတာဖြစ်တယ်လို့ အသံအဖွဲ့ က ကိုရဲဝေဖြိုးအောင်ကပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက်ပိုင်းမှာ အင်တာဗျူးတခုမှာ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တာက အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား တယောက်ပဲ ရှိနေခဲ့ရင်တောင်မှ ဒါက တိုင်းပြည်ဒီမိုကရေစီမရှိဘူးဆိုတာ ဖော်ပြနေတယ်ဆိုပြီးပြောခဲ့တာ ရှိတယ်ပေါ့နော်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အစိုးရဖြစ်လာတဲ့ အာဏာပါဝါရရှိလာတဲ့ အစိုးရ သက်တမ်းလက်ထက်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေက တော်တော်များများထောင်ထဲမှာရှိနေတယ်ပေါ့နော် ။ဒါကြောင့် ကျနော်တို့တွေက ဒါကြောင့် ဒီ Campaign ကို အသက်သွင်းပြီးတော့ ပြန်လုပ်ရတာဖြစ်ပါတယ်။”

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး သူကိုယ်တိုင် အကျဉ်းသားဝတ်စုံ ဝတ်ဆင်ပြီး ဦးဆောင်ကြိုးပမ်းခဲ့တဲ့ ဟံသာဝတီဦးဝင်းတင်ကိုလည်း ဂုဏ်ပြုသောအားဖြင့် အကျဉ်းသားလွတ်မြောက်ရေး # BlueShirtCampaign ကမ်ပိန်းမှာ အပြာရောင်အကျဉ်းသားဝတ်စုံတွေ ဝတ်ဆင်ပြီး မိမိတို့လွတ်စေလိုတဲ့ နိုင်ငံရေးအကျဉ်းသား အမည်ကို လက်ဖဝါးမှာ ရေးထိုး တောင်းဆိုကြဖို့ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့လည်း တိုက်တွန်းပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အပါဝအ၀င် အထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဘယ်လိုလွတ်မြောက်အောင် Campaign တွေလုပ်မလဲ advocacy တွေလုပ်မလဲဆိုတာ စဉ်းစားတဲ့အခါမှာ ကိုယ့်လက်ဝါးမှာ ရေးတဲ့ Campaignတွေပေါ်လာတယ်ပေါ့နော်။ အဲဒီမှာမှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အခါမှာ အခြားသော နိုင်ငံရေးအကျဉ်းသားတွေလည်း ဆက်ကျန်နေသေးတယ်ပေါ့နော်။ အဲဒီမှာ တပြိုက်နက်တည်းမှာပဲ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကနေပြီးတော့ သူ့ခံယူချက်နဲ့ ထောင်အကျဉ်းသားဝတ်စုံ အပြာရောင်ကို ဝတ်တယ်။ အဲဒီ ်အကျဉ်းသားဝတ်စုံ အပြာရောင်နဲ့ လက်ဖဝါးမှာ ဒေါ်အောင်ဆန်းစုကြည် လို့ရေးပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်စေချင်တဲ့အကြောင်း Campaign တွေလုပ်ခဲ့တာတွေလည်း ရှိတယ်။ ကျနော်တို့က အဲဒီ Blue Shirt Campaign ကို အသက်ပြန်သွင်းတဲ့သဘောပေါ့နော် ။ အခုဆိုရင်လည်း နိုင်ငံရေးအကျဉ်းသားတွေအများကြီး ထောင်ထဲမှာ ကျန်နေသေးတဲ့အခါမှာ ကျနော်တို့ လုပ်လည်းလုပ်သင့်တယ်၊ လုပ်လည်းလုပ်ရမယ့် အရာလို့ မြင်တယ်ပေါ့နော်။”

အကျဉ်းထောင်တွေထဲ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ဃ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ရာဇသတ်ကြီးပုဒ်မ ၅၀၀၊ ၅၀၅တို့နဲ့ ပြစ်ဒစ်ကျခံနေရဆဲ အကျဉ်းသားတွေ၊ အမှုရင်ဆိုင်နေရဆဲဖြစ်တဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ နောက် တရားစွဲဆိုခံထားရတဲ့ သတင်းသမားတွေဖြစ်တဲ့ ကိုဆွေဝင်း၊ ကိုရဲနီစတဲ့ သတင်းသမားတွေအပါအဝင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို တရားရင်ဆိုင်နေရတာ အကျဉ်းကျခံနေရတာတွေ အမြန်ဆုံး လွတ်ပေးဖို့ကိုလည်း ဒီအပြာရောင်ဝတ်စုံကမ်ပိန်းက တောင်းဆိုတာဖြစ်ပါတယ်။

ဒီအပြာရောင်လှုပ်ရှားမှုကို အသံအဖွဲ့၊ Coexist Myanmar ၊ ACDD၊ PCMP အပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေ ပူးပေါင်းပြီး ဒို့အရေးအဖွဲ့အဖြစ်နဲ့ ဧပြီလ ၂၃ရက်နေ့က စတင်ဖွဲ့စည်းလှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။ အရပ်သားအစိုးရလက်ထက် လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့် အခြေခံလူ့အခွင့်အရေးရပိုင်ခွင့်တွေ ပိုပြီးတော့မှ ဆိုးဝါးလာနေတဲ့အခြေအနေတွေကို ဆန့်ကျင်ဆန္ဒ ထုတ်ဖော်တဲ့အနေနဲ့ ဒီလှုပ်ရှားမှုမှာ ပြည်သူတွေကို ပူးပေါင်းပါဝင်ကြဖို့ လှုပ်ရှားသူတွေက ဖိတ်ခေါ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG