သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းသားစိစစ်ရေးကော်မတီ ဖွဲ့ဖို့ AAPP အကြံပြု


သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်သင့်လွှတ်ထိုက်သူတွေကို လွှတ်ပေးတယ်ဆိုရင် အကျဉ်းသားစိစစ်ရေးကော်မတီလိုမျိုး ဖွဲ့စည်းပြီး လူ့အဖွဲ့အစည်းကို အန္တရာယ်မပြုနိုင်သူတွေကို သေချာစိစစ် လွှတ်ပေးသင့်တယ်လို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ အကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် အခွင့်အရေးလှုပ်ရှားမှုတွေကြောင့် မတရား ထောင်ချခဲ့ရသူတွေအတွက်ကိုလည်း သမ္မတအနေနဲ့ သေချာစဉ်းစားပြီး လွှတ်ပေးသင့်တယ်လို့လည်း လက်ရှိ သမ္မတ လွတ်ငြိမ်းသက်သာခွင့်နဲ့လွတ်လာတဲ့ ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူ က တောင်းဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် ဆက်ပြောပြပါမယ်။

မြန်မာနှစ်သစ်ကူးကာလမှာ ပြည်သူလူထု အေးချမ်းစေဖို့ လူသားချင်းစာနာမှုကို ထောက်ထား အလေးထားသောအားဖြင့် နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင် အကျဉ်းစခန်းတွေကနေ ပြီးခဲ့တဲ့ ဧပြီလ ၁၇ရက်နေ့က အကျဉ်းသား ကိုးထောင့်ငါးရာကျော်ကို ပထမအကြိမ် လွှတ်ပေးလိုက်သလို ဒုတိယအကြိမ်မြောက်အဖြစ် ဧပြီလ ၂၆ရက်နေ့မှာ အကျဉ်းသား ခုနှစ်ထောင်ကျော်ကိုလည်း လွှတ်ပေးခဲ့ပါတယ်။ မကြာခင်မှာတော့ သမ္မတအမိန့်နဲ့ လွှတ်သင့်လွှတ်ထိုက်သူတွေကို တတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့် ထပ်ပေးဖို့ရှိတယ်လို့လည်း နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကပြောဆိုထားပါတယ်။

ဒါပေမဲ့လို့ နိုင်ငံရေး၊ စစ်ပွဲရပ်တန့်ရေး ငြိမ်းချမ်းရေးလှုပ်ရှားသူ အပါအဝင် နိုင်ငံရေးအကျဉ်းသား-ငါးဦးသာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသေးတာမို့ တကယ်ပဲ လွှတ်သင့်လွှတ်ထိုက်သူတွေကို လွှတ်ပေးဖို့ဆိုရင်တော့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက် တခုတည်းမဟုတ်ပဲ အကျဉ်းသားစိစစ်ရေးကော်မတီဖွဲ့ စိစစ်လွှတ်ပေးသင့်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPPB တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

“၅ ယောက်ပဲ ကျနော်တို့ စာရင်းရထားပါတယ်။ ကျောန်တို့စာရင်းအရ ၅ ယောက်ပဲပါပါတယ်။ မန္တလေးထောင်ကတယောက် မြင်းခြံထောင်က တယောက် နောက် မြစ်ကြီးနားထောင်က ၃ ယောက် တကယ်တမ်းကျတော့ အကျဉ်းထောင်ကနေပြီးတော့ လွှတ်ရက်မစေ့ပဲနဲ့ လွတ်မယ်ဆိုရင် ကျနော်တို့ စိစစ်မှုတွေ သေချာလုပ်ရမယ်။ အဲဒီ စိစစ်မှုတွေ လုပ်တဲ့အခါမှာ လူထုအဖွဲ့အစည်းကို အန္တရာယ်မပြုမယ့်သူတွေကို ရွေးချယ်ရတာပေါ့။ အဲလို လူ့အဖွဲ့အစည်းကို အန္တရာယ်မပြုနိုင်မယ့်သူတွေကို ရွေးလွတ်မယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကို ထိပ်ဆုံးက လွှတ်ပေးသင့်တယ်။ အဲလိုပဲ တခြားအကျဉ်းသားတွေကို မလွှတ်ပေးရဘူးဆိုတာ မဟုတ်ဘူး ၊ ပြစ်မှုနဲ့ ပြစ်ဒဏ်နဲ့ မမျှတတဲ့ အကျဉ်းသားတွေကလည်း အများကြီးရှိတယ်။ ဒါက တရားဥပဒေ စိုးမိုးမှုအားနည်းတာကြောင့် ဖြစ်တာတွေရှိတယ်။ ဒါကြောင့် သေသေချာချာ စိစစ်ပြီးတော့ လွှတ်ဖို့လိုတယ်။ စိစစ်တဲ့အခါမှာ ပြည်ထဲရေးဝန်ကြီးဌာနကပဲ စိစစ်နေတာထက်စာရင် အကျဉ်းသားစိစစ်ရေးကော်မတီလိုမျိုး ဖွဲ့ပြီးတော့ စိစစ် မယ်ဆိုရင် ပိုပြီးတော့ ပွင့်လင်းမြင်သာမှုရမယ်။ ပိုပြီး ယုံကြည်မှုရမယ် အဲလိုပုံစံမျိုးနဲ့ လုပ်သင့်တယ်လို့ ကျနော်တို့ အကြံပေးချင်ပါတယ်။ အခုဒီ လွှတ်ပေးတယ်ဆိုတာကလည်း အကျဉ်းထောင်လူဦးရေ လျော့ဖို့အတွက် လွှတ်ပေးနေတယ်လို့ ကျနော်တို့ ယူဆရတယ်။ ဒါပေမယ့်အဲလိုမျိုး ယူဆတဲ့အထဲမှာပဲ နိုင်ငံရေးအကျဥ်းသားတွေကို လွှတ်ပေးဖို့ လိုအပ်ပါတယ်။”

တိုက်ပွဲတွေရပ်တန့်ရေးနဲ့ စစ်ပွဲရပ်ရေး ငြိမ်းချမ်းစွာဆန္ဒပြရင်း တပ်မတော်အကြည်ညိုပျက်စေမှုနဲ့ ထောင်ကျခဲ့တဲ့ ကချင်ငြိမ်းချမ်းရေး လှုပ်ရှားသူ ဦးဇော်ဂျတ်ကတော့ ပြီးခဲ့တဲ့ ဧပြီလ ၂၆ရက်နေ့ သမ္မတလွတ်ငြိမ်းချမ်းခွင့်နဲ့ လွတ်မြောက်လာသူဖြစ်ပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်က လွတ်မြောက်လာသူ ဦးဇော်ဂျတ်ကတော့ ထောင်ထဲမှာ အပြစ်မရှိပဲ မတရားစွဲချက်တင် ထောင်ကျခံနေရသူတွေ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက်ခြင်းမပြုပဲ ပြန်လွှတ်ပေးသင့်တယ်လို့ အကြံပြုပါတယ်။

“ကျနော်ပြောချင်တာက တရားမျှတမျှ လုံးဝမရှိဘူး သူတို့ လွှတ်ငြိမ်းချမ်းသာခွင့်ပေးတာက ကျနော်တို့ ဒီ ၁၇ ရက်နေ့ ကျနော်တို့ အကျဉ်းထောင်ထဲရှိတဲ့အချိန်မှာ ပုဒ်မ ၁၆ (ဂ) ဆိုတဲ့ တလုံးတည်းကိုပဲ ပေးသွားတာ မြစ်ကြီးနားအကျဉ်းထောင်ထဲမှာပေါ့နော် အကုန်လုံး အကျဉ်းသူ၊ အကျဉ်းသား ၇၈၀ လွှတ်ပေးလိုက်တယ်။ ပြီးတော့ တခြားပုဒ်မ ဘာမှ မပါဘူး ၁၇ (၁) မပါဘူး။ ကျန်တဲ့ ပုဒ်မတွေဘာမှ မပါဘူး။ ပြီးတော့ သမ္မတရဲ့ အမိန်ကြေညာစာအမှတ်မှာလည်း နောက်လွှတ်ဖို့ ကျနော်တို့ စိစစ်ဆောင်ရွက်နေပါတယ်ဆိုတဲ့ နောက်ဆက်တွဲတော့ပါလာတယ်။ ဒါလုပ်ခြင်းအားဖြင့် သူတို့ နိုင်ငံရေးအမြတ်ထုတ်တယ်၊ ပြီးတော့ ၂၀၂၀ အတွက် သူတို့ တခုခု မျှားတာလားလို့ သုံးသပ်တယ်ခင်ဗျ။ ကျနော်တို့ အကျဉ်းကျနေတဲ့အချိန်မှာ အကျဉ်းထောင်မှာရှိတဲ့အချိန်မှာတောင်မှ ကျနော်တို့ကို ဝန်းရံတဲ့ ထောင်ဝင်စာတွေ ထောင်ဂဏန်းနီးပါးလောက် ကျနော်တု့ိကို လာတွေ့တာပေါ့နော်။ ပြည်သူအနေနဲ့ ဝန်းရံတယ် အဲဒါကြောင့် ကျနော်တို့လည်း ခွန်အားအများကြီးရတာပေါ့။”

ထောင်ကျခံထားရတဲ့ အကျဉ်းသားတွေအပြင် ဆက်ပြီးတော့ တရားရင်ဆိုင်ဆဲ နိုင်ငံရေးအကျဉ်းသားတွေ၊ ဖမ်းဆီးချုပ်နှောင်ထားဆဲ တက်ကြွလှုပ်ရှားသူတွေကို ပြန်လွှတ်ပေးဖို့ကိုလည်း တိုက်တွန်းလိုပါတယ်လို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆောင်ရွက်နေသူတဦးလည်းဖြစ်တဲ့ ကိုဘိုကြည်ကပြောပါတယ်။

“ကျနော်တို့ကတော့ နိုင်ငံရေးအကျဥ်းသားတွေ အမြန်ဆုံး လွှတ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးအကျဉ်းသားကိစ္စက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့လည်း တိုက်ရိုက် ပတ်သက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားကိစ္စက နိုင်ငံတကာ အခင်းအကျင်းတွေနဲ့လည်း အများကြီးသက်ဆိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာက အခုအချိန်မှာ မြန်မာနိုင်ငံကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ စွပ်စွဲထားတာတွေရှိတယ်။ နောက်လွတ်လပ်ခွင့် လွတ်လပ်မှုတွေနဲ့ ပတ်သက်ပြီးတော့ မေးခွန်းထုတ်နေတာတွေလည်းရှိတယ်။ အဲဒါတွေကို ဖြေရှင်းဖို့အတွက်ကို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာက တစုံတရာဖြစ်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ လွတ်ငြိမ်းသက်သာခွင့်နှစ်ခုစလုံးမှာ နှစ်ဆန်းတရက်နေ့က လွတ်ငြိမ်းထဲမှာတော့ နိုင်ငံရေးအကျဉ်းသား ၂ ဦးသာ ပါဝင်ပြီး ဒုတိယအကြိမ် လွတ်ငြိမ်းထဲမှာ နိုင်ငံရေးအကျဉ်းသား ၃ ဦး ပါဝင်ပါတယ်။ ထောင်ချီလွတ်မြောက်လာသူတွေထဲ အများစုကတော့ မူးယစ်ဆေးဝါးမှုတွေနဲ့ ထောင်ချခံထားရသူတွေ ပါဝင်ခဲ့တယ်ဆိုပြီး ဝေဖန်မှုတွေရှိခဲ့ပါတယ်။ မကြာခင်မှာလည်း လွှတ်သင့်လွှတ်ထိုက်သူတွေကို တတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့် ထပ်ပေးဖို့ရှိတယ်လို့လည်း နိုင်ငံတော်သမ္မတရုံးက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG