သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

NLD လက်ထက် နိုင်ငံရေးလှုပ်ရှားမှု ဖမ်းဆီး နှိပ်ကွပ် အခြေအနေ


ပိတ်မိနေတဲ့ ပြည်သူတွေ လွှတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်ကြတဲ့ ခေါင်းဆောင် ၃ ဦးကို  ပြစ်ဒဏ် ချခဲ့တာကို ကန့်ကွက်ဆန္ဒပြ (Kachin Youth Movement)

NLD ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် တက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံပြည်သူတွေအပေါ် မတရား ဖမ်းဆီးအရေးယူ ထိန်းသိမ်းတာတွေ တော်တော်များများ ရှိနေသေးပြီး ထောင်ချအပြစ်ပေးနေတဲ့ တရားဥပဒေစီရင်ဆုံးဖြတ်မှုတွေဟာ ဒီမိုကရေစီအစိုးရတရပ်ရဲ့ လုပ်ရပ်နဲ့ဆန့်ကျင်ဘက်ဖြစ်နေလို့ အတော်လေးကို မေးခွန်းထုတ်စရာဖြစ်လာနေတယ်လို့ အကျဉ်းသားအရေးလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး ရှေ့နေတွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။ ၂၀၁၈နှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူတွေနဲ့ ထောင်တွင်း၊ ထောင်ပြင်ကနေ တရားရင်ဆိုင်နေရသူပေါင်း ၃၀၀ကျော် သွားပြီလို့လည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း အရပ်သားအစိုးရလက်ထက် နိုင်ငံရေး၊ အလုပ်သမား၊ လယ်သမားရေး တောင်းဆိုလှုပ်ရှားမှုတွေ၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်မှုတွေ၊ သတင်းမီဒီယာတွေမှာ သတင်းရေးသားဖော်ပြမှုတွေကြောင့် သတင်းသမားတွေအပါအဝင် အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဝင်တွေကိုပါ ဥပဒေပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်း အရေးယူမှုတွေ တော်တော်များများ ရှိလာနေတယ်လို့ နိုင်ငံရေးအကျဉ်းသားရေး လှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးရှေ့နေတွေက ထောက်ပြပြောဆိုပါတယ်။

နိုဝင်ဘာလကုန်အထိ စာရင်းအရဆိုရင်တော့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် နိုင်ငံရေးအကျဉ်းသား ၃၆ဦး အကျဉ်းကျခံနေရပြီး ထောင်တွင်းထည့် အထိန်းသိမ်းခံထားရသူ တက်ကြွလှုပ်ရှားသူပေါင်း ၅၃ဦးက တရားရင်ဆိုင်နေရပြီး ထောင်ပြင်ပကနေ တရားစွဲဆိုခံရသူပေါင်း ၂၁၆ဦး တရားရင်ဆိုင်နေကြရဆဲ အနေအထားဖြစ်နေတယ်လို့ AAPPB နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း( မြန်မာနိုင်ငံ) က ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။ ဒီမိုကရေစီဖော်ဆောင်နေတဲ့ NLD အရပ်သားအစိုးရလက်ထက်မှာတော့ တရားဥပဒေ စီရင်ဆုံးဖြတ်မှုတွေက မေးခွန်းထုတ်စရာဖြစ်လာနေပြီး ဒီလုပ်ရပ်တွေဟာ တည်ဆောက်နေဆဲ ယုံကြည်မှုတွေကို ပျက်ပြားစေတယ်လို့ AAPPB နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း( မြန်မာနိုင်ငံ) ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်က သုံးသပ်ပြောဆိုလိုက်ပါတယ်။

"ဒီမှာ ထူးထူးခြားခြားကတော့ စစ်ကြောင့်ပိတ်မိနေတဲ့ ပြည်သူတွေ လွှတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်ကြတဲ့အထဲက ခေါင်းဆောင် ၃ ဦးကို ပြစ်ဒဏ် ၆ လ ချခဲ့တာရှိတယ်။ နောက်တခါ အဲဒီနေ့မှာပဲ ဒီ ၃ ဦးကို ပြစ်ဒဏ် ချခဲ့တာကို ကန့်ကွက်ဆန္ဒပြတဲ့အတွက် နောက်ထပ် ၃ ဦးကို တရားစွဲဆိုထားတာရှိပါတယ် ။ အခုဆိုရင် ပြီးခဲ့တဲ့ ABSDF နောက်ပိုင်းတပ်ဖွဲ့ဝင် ၃ ဦးကို မှုးညှင်းမှာ ဖမ်းထားတာရှိပါတယ်။ အဲဒါတွေက ဒီလထဲမှာ ထူးထူးခြားခြား ဖြစ်တဲ့ကိစ္စတွေပေါ့လေ ဒါဟာ တကယ့်ကို တရားဥပဒေက မေးခွန်းထုတ်စရာတွေဖြစ်ပါတယ်။ အစိုးရက ၁ အချက်ကတော့ သူတို့ကိုယ်သူတို့ ကာကွယ်ချင်တဲ့စိတ်တွေက ပိုပြီးတော့ ပြင်းထန်နေတယ်လို့ အဲလိုတွက်ဆလို့ရပါတယ်။ ၂ အချက်ကတော့ အစိုးရကနေပြီးတော့ အာဏာအပြည့်အ၀ မပိုင်ထားတဲ့ကိစ္စလို့ ပြောလို့ရမှာပါ။"

အစိုးရနဲ့ တပ်မတော်ဘက်က အပြုသဘောဆောင်တဲ့ ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး ဖော်ဆောင်နိုင်ဖို့ဆိုရင်တော့ မတရားပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲဆိုနေတာတွေကို ပြန်ရုပ်သိမ်းပေးဖို့နဲ့ ထောင်တွင်းအကျဉ်းချထားတဲ့ ထိန်းသိမ်းထားသူတွေကို ခြွင်းချက်မရှိ၊ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်လို့ AAPP က တိုက်တွန်းပြောဆိုပါတယ်။

Reuters သတင်းထောက်နှစ်ဦးကို ထောင်ဒဏ်ချမှတ်တာ၊ ငြိမ်းချမ်းရေးလှုပ်ရှားသူ ကချင်တက်ကြွလှုပ်ရှားသူသုံးဦးကို ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်တာ၊ သူတို့လွတ်မြောက်ရေး ဆန္ဒပြသူတွေကိုလည်း အခုရက်ပိုင်းမှာကို တရားထပ်ပြီး စွဲဆိုနေတာနဲ့ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကျောင်းသားတပ်မတော်အဖွဲ့ဝင်တချို့ ကို ဖမ်းဆီးထိန်းသိမ်းတာအပါအဝင် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ကြိုးပမ်းသူတွေကို ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုနေတဲ့ အဖြစ်တွေကတော့ အရပ်သားအစိုးရလက်ထက် ပုံရိပ်မကောင်းတဲ့ ဖြစ်ရပ်တွေအဖြစ် ဝေဖန်ပြောဆိုနေကြတာပါ။ ဒါကတော့ တရားရေးမဏ္ဍိုင်မှာ တရားရုံးတွေရဲ့ တရားစီရင်ခွင့် အာဏာအပေါ် စစ်တပ်နဲ့ အာဏာပိုင်တွေဘက်က သြဇာလွှမ်းမိုး သက်ရောက်မှုရှိနေတဲ့ သဘောဖြစ်နေတယ်လို့ လူ့အခွင့်ရေးရှေ့နေ ဦးခွန်နောင်က သုံးသပ်ပြောဆိုလိုက်ပါတယ်။

"တရားရုံးတွေကလည်း တရားစီရင်ခွင့်အာဏာပေါ့လေ ဒါကို လွတ်လွတ်လပ်လပ်သုံးစွဲနိုင်ဖို့အတွက် ဘက်ပေါင်းစုံပေါ့နော် အစိုးရကနေလည်း ဒါကို ဖော်ဆောင်ပေးဖို့လိုတာပေါ့နော်။ နောက်တခုက အခုကျနော်တို့ဆီမှာ အားလုံးပြောနေတာရှိတယ်။ ၂၀၀၈ အခြေခံဥပဒေမှာ တပ်ကနေပြီးတော့မှ လုပ်ပိုင်ခွင့်တွေအများကြီးယူထားတာပေါ့ အဲဒီအချက်တွေက ဒီလိုတရားစွဲဆိုမှုတွေမှာ စွဲချင်လို စွဲလို့ရတယ်ပုံစံမျိုးဖြစ်နေတာပေါ့လေ။ ဖြစ်နေတဲ့အခါကျတော့ ကျနော်တို့က အစိုးရကို တောင်းဆိုချင်တာက ဒီတရားစီရင်ရေးတွေကို လွတ်လွတ်လပ်လပ် စီရင်ခွင့်ရနိုင်အောင် အစိုးရကနေထိထိရောက်ရောက်ဖော်ဆော်ပေးဖို့အတွက် တောင်းဆိုချင်တာပေါ့။"

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တို့ကြား စစ်ရေးပဋိပက္ခတွေဖြစ်ပွားရာ တိုင်းရင်းဒေသတွေက ဒေသခံပြည်သူတွေမှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းတာ၊ ခြိမ်းခြောက်အပြစ်ပေး အရေးယူခံနေရတာတွေဟာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတာကို ပြသနေတာဖြစ်ပြီး အစိုးရအနေနဲ့ နိုင်ငံသားနှင့် နိုင်ငံသားအခွင့်အရေးဆိုင်ရာ လွတ်လပ်ခွင့်နဲ့ လုံခြုံခွင့်တွေကွှိုအကာအကွယ်ပေးဖို့ အရေးတကြီးလိုအပ်နေပြီလို့လည်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG