စစ်ပွဲတွေရပ်တန့်ရေး ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ ကချင်ပြည်နယ်မှာ စစ်ဒဏ်သင့်ဒုက္ခသည်တွေ အရေးလှုပ်ရှားသူ သုံးဦးကို စစ်တပ် အသရေဖျက်မှုနဲ့ မြစ်ကြီးနား တရားရုံးက ပြစ်ဒဏ်ချလိုက်တာဟာ မြန်မာနိုင်ငံဦးတည် လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီစနစ်နဲ့ လုံးဝကွဲလွဲနေတယ်လို့ နိုင်ငံတကာသံတမန်အသိုက်အဝန်းက ဝေဖန် လိုက်ပါတယ်။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ကန့်သတ်ခံရတဲ့ ဒီကိစ္စအတွက် တရားရုံးအဆင့်ဆင့် ဆက် အယူခံ ဝင်သွားဖို့ပြင်ဆင်နေတယ်လို့ လူ့အခွင့်အရေးရှေ့နေတွေကပြောပါတယ်။ အပြည့်အစုံကို မဆုမွန် တင်ပြထားပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းကနေ တမြို့လုံးလှည့်လည်ပြီး ငြိမ်းချမ်းစွာ လမ်းလျောက်ဆန္ဒပြခဲ့ကြ တဲ့ ဒေသခံပြည်သူ ထောင်ချီပါဝင်တဲ့ လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်သုံးဦးဖြစ်တဲ့ ကို Lum Zawng ဦးဇော်ဂျတ်နဲ့ ဒေါ်နန်ပူတို့ကို တပ်မတော်ရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းအောင် ဆန္ဒပြခဲ့ကြတယ်ဆိုပြီး ကချင်ပြည်နယ် မြစ်ကြီးနားတရားရုံးကနေ ဒီဇင်ဘာလ ၇ ရက်နေ့က ထောင်ဒဏ် (၆) လနဲ့ ငွေဒဏ် ငါးသိန်းကျပ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။
အခုလို ထောင်ဒဏ်-ငွေဒဏ်ချမှတ်လိုက်တဲ့အပေါ် မြန်မာနိုင်ငံအခြေစိုက် အမေရိကန်သံရုံးက များစွာ စိတ် မကောင်းဖြစ်မိကြောင်း ဒီကနေ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီအရပ်ဘက်အဖွဲ့အစည်း တက်ကြွလှုပ် ရှားသူတွေဟာ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းစွာအဖြေရှာရေးနှင့် တိုက်ပွဲများအဆုံးသတ်ရေးအတွက် ဆောင်ရွက်နေသူများဖြစ်ကြပြီး ပဋိပက္ခကြောင့်ဒုက္ခရောက်နေကြသူများအတွက် လူသားချင်းစာနာမှု အကူ အညီများရရှိရေးမြှင့်တင် ဆောင်ရွက်နေကြသူများလည်းဖြစ်တဲ့အတွက် ဒီမိုကရေစီစနစ်မှာ ဒီလို လှုပ်ရှားမှု မျိုးဟာ ချီးမွမ်းထိုက်သော လုပ်ရပ်ဖြစ်ပြီး တရားစွဲရန်မဟုတ်တဲ့အတွက် ဒီဆုံးဖြတ်ချက်ကို ပြန်လည် စဉ်းစားသုံးသပ်ရန် တာဝန်ရှိသူများကို မိမိတို့ တိုက်တွန်းပါတယ်ဆိုပြီး အမေရိကန်သံရုံးက ထုတ်ပြန်တာပါ။
တပြိုင်နက်တည်းမှာပဲ ဒီလိုထောင်ဒဏ်အပြစ်ပေးလိုက်တာဟာ မြန်မာနိုင်ငံတွင်း အရပ်ဖက် လူ့အဖွဲ့ အစည်း အတွက် စိုးရိမ်ဖွယ်ရာ သတင်းတစ်ရပ်ဖြစ်တယ်ဆိုပြီး EU ဥရောပသမဂ္ဂဘက်ကလည်း သဘောထား ထုတ်ပြန်ပါတယ်။ ငြိမ်းချမ်းရေးနှင့် အကြမ်းဖက်မှု ပဋိပက္ခတွေမှာ ပိတ်မိနေသည့် ပြည်သူများအတွက် ဆန္ဒထုတ်ဖော်မှုများကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်သင့်ပါကြောင်းနဲ့ ဥရောပသမဂ္ဂသည် တရားရုံးရဲ့ဒီ ဆုံးဖြတ်ချက်အတွက် လွန်စွာ စိတ်မကောင်းဖြစ်ရပြီး သက်ဆိုင်ရာ အာဏာပိုင်များကို ပြစ်ဒဏ်ကို ပြန်လည် သုံးသပ်ပေးဖို့နဲ့ ဆန္ဒထုတ်ဖော်ခွင့် ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်များရရှိစေရန် တောင်းဆိုအပ်ပါသည် ဆိုပြီးလည်း EU က ထုတ်ပြန်ခဲ့ပါတယ်။
အလားတူ ဆွီဒင်သံရုံးဘက်ကလည်း ဒီလိုအမိန့်ချလိုက်တဲ့အပေါ် အထူးစိုးရိမ်မကင်းဖြစ်မိကြောင်းနဲ့ မြန်မာ အစိုးရနဲ့ စစ်တပ်အနေနဲ့ ပြည်သူတွေ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်နဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ကို လေးစားဖို့လိုအပ်ကြောင်း သဘောထားထုတ်ပြန်ပါတယ်။
ကချင်အမျိုးသားအစည်းအရုံး KNO ဘက်ကလည်း ဒီလိုငြိမ်းချမ်းစွာလှုပ်ရှားသူတွေကို ထောင်သွင်း အကျဉ်းချတဲ့ လုပ်ရပ်ဟာ မလုပ်သင့်မလုပ်အပ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော် ကလည်း သူ့သဘောထားကို ကချင်သတင်းမီဒီယာကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
“နံပါတ် ၁ က အရုပ်ဆိုးတယ်၊ ..ဆိုတော့-အဲဒါကို ပြောချင်တယ်။ ဒါကြောင့်မို့ လူထုရဲ့အရေးကို တောင်းဆိုပေးတဲ့ လူငယ်တွေ-ဒါက လူထုရဲ့ခေါင်းဆောင်တွေ ဖြစ်တယ်။ တနည်းအားဖြင့် ဒီလူငယ်သုံးဦးက သူရဲကောင်းတွေလည်း ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်လူမျိုးတွေ၊ ကိုယ့်တိုင်းရင်းသားတွေ၊ ကိုယ့်ရဲ့ရပ်ရွာက ပြည်သူလူထု ဒုက္ခဖြစ်နေတဲ့ကိစ္စကို ကယ်ဆယ်ရမယ်၊ လုံခြုံမှုပေးရမယ်ဆိုပြီးတော့ တောင်းဆိုတဲ့ ခေါင်းဆောင်တွေ ဖြစ်တဲ့အခါကျတော့ သူတို့ကိုတော့ ချီးမြှောက်ရမှာပဲဖြစ်တယ်။ သူတို့လုပ်တဲ့အလုပ်တွေက ဂုဏ်ရှိတယ်။ ဒါပေမယ့် အခု လက်ရှိ NLD အစိုးရနဲ့ စစ်အစိုးရက ဖွဲ့စည်းထားတဲ့ ဒီ မြို့နယ်တရားရုံးကနေပြီးတော့ အခုလို သူတို့ကို ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ၅ သိန်း ချလိုက်တဲ့ကိစ္စက အင်မတန့် အင်မတန် အရုပ်ဆိုးတယ်။ လုံးဝ မလုပ်သင့်တဲ့ကိစ္စကို လုပ်နေတယ်လို့ ပထမဆုံး ကျနော်တို့က ပြောချင်တယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စကို လုံးဝ ကန့်ကွက်တယ်။”
ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူတွေကို အခုဆိုရင် တရားရုံးကနေ တခါတည်း အချုပ်ကားနဲ့ ခေါ်ဆောင်သွားပြီး ထောင်သွင်းအကျဉ်းချလိုက်ပြီဖြစ်ပါတယ်။
သူတို့တွေရဲ့ အမှု တရားရုံးအဆင့်ဆင့် အယူခံဝင်သွားဖို့ မိသားစုနဲ့အတူ ရှေ့နေတွေ ဥပဒေအကြံပေး ပုဂ္ဂိုလ်တွေ ဘက်က တရားဥပဒေလမ်းကြောင်းအတိုင်း ဆောင်ရွက်သွားဖို့ စီစဉ်နေပြီလို့ ကချင်လူ့အခွင့်အရေးရှေ့နေ ဦးခွန်နောင်က ဗွီအိုအေကိုပြောပါတယ်။
“အခု ကျနော်တို့ ဥပဒေနဲ့အညီ အဆင့်ဆင့်ပေါ့နော်၊ အယူခံတက်ရောက်သွားဖို့ ကျနော်တို့ ပြင်ဆင်နေပါတယ်။ လောလောဆယ်ကတော့ ဥပဒေအရ ကျနော်တို့က တရားရုံးအဆင့်ဆင့်ကို အယူခံ၊ ပြင်ဆင်မှု တက်သွားဖို့ပဲ စီစဉ်နေပါတယ်။ ဒီရုံးဆိုတာကတော့ ကျနော်တို့ရဲ့အမြင်ကတော့လေ တပ်မတော်ကိုထိရင်တော့ ဒါမျိုးဖြစ်မယ် ဆိုပြီးတော့မှ ကျနော်တို့ ပြည်သူလူထုကို message ပေးတဲ့သဘောလို့ ကျနော်တို့ သုံးသပ်တာပေါ့လေ။ နောက်တခုက ဒီဥစ္စာက တော်တော်တော့ ထူးဆန်းတယ်ဗျ။ တရားစီရင်ရေးသမိုင်းမှာတော့ ဒီလိုအပြစ်ဒဏ်က တော့ တော်တော် အမြင့်ဆုံးကို ရောက်နေပြီ။ တရားစီရင်ရေးမှာ ပါဝင်ပတ်သက်နေတဲ့လူတွေအတွက်ကို မေးခွန်းထုတ်စရာတွေ အများကြီး ရှိလာတာပေါ့။”
ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူသုံးဦးကို တရားလိုလုပ်ပြီးတရားစွဲဆိုခဲ့သူကတော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးဖြစ်ပြီး သူတို့ကို ပုဒ်မ ၅၀၀ တပ်မတော် သိက္ခာ ညှိုးနွမ်းစေမှုပုဒ်မနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး မြစ်ကြီးနားတရားရုံးတရားသူကြီးဘက်က ထောင်ဒဏ်အပြစ်ပေးခဲ့တာဖြစ်ပါတယ်။