သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ကချင်တက်ကြွလှုပ်ရှားသူ ၃ ဦး လွတ်မြောက်ရေး မြစ်ကြီးနားမှာ ဆန္ဒပြ


ဖမ်းဆီးခံ ကချင်တက်ကြွလှုပ်ရှားသူ ၃ ဦး လွတ်မြောက်ရေး မြစ်ကြီးနားမှာ ဆန္ဒပြ (Kachin Youth Movement)
ဖမ်းဆီးခံ ကချင်တက်ကြွလှုပ်ရှားသူ ၃ ဦး လွတ်မြောက်ရေး မြစ်ကြီးနားမှာ ဆန္ဒပြ (Kachin Youth Movement)

ထောင်ဒဏ်နဲ့ ငွေဒဏ် ချမှတ်ခံထားရတဲ့ ကချင်တက်ကြွလှုပ်ရှားသူသုံးဦးကို ပြန်လွှတ်ပေးဖို့ ဒီကနေ့ မြစ်ကြီးနားမြို့ မှာ စုဝေးပြီးဆန္ဒပြတောင်းဆိုကြပါတယ်။ ကြိုတင်အကြောင်းကြားပြီးမှ လုပ်တာဖြစ်တဲ့ ဒီဆန္ဒပြပွဲကို အာဏာပိုင်တွေ က တားဆီးဟန့်တားတာ မရှိပေမယ့် ပိုစတာတခုမှာ ရေးသားထားတာဟာ ခွင့်ပြုချက်တင်တဲ့ထဲမှာ မပါလို့ဆိုပြီး ပြန်ဖြုတ်ခိုင်းတယ်လို့ ဆန္ဒပြပွဲ ဦးဆောင် စီစဉ်သူတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၀ နဲ့ စွဲချက်တင်ပြီး ကချင်တက်ကြွလှုပ်ရှားသူ ၃ ဦးကို ထောင်ဒဏ် ၆ လစီ နဲ့ ငွေဒဏ် ကျပ် ၅ သိန်းစီ ပြစ်ဒဏ်ချမှတ်ထားတဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ လူထုဆန္ဒဖော်ထုတ် တာဖြစ်တယ်လို့ ဆန္ဒ ဖော်ထုတ်ရေးကော်မီတီဝင်တဦးဖြစ်သူက ဒေါ်ဆွမ်လွတ်လုဆန်က ပြောပါတယ်။

“ကျွန်မတို့ဒီဆန္ဒဖေါ်ထုတ်တဲ့ အစီစဉ်ထဲမှာ မတရားဘဲနဲ့ထောင်ကျခံရတဲ့ ဆရာ ဆရာမ(၃)ယောက်အတွက် အမြန် ဆုံး လွှတ်ပေးဖို့ရန် ကျွန်မတို့ဖေါ်ထုတ်ခြင်းဖြစ်ပါတယ်ပေါ့။”

ဒီကနေ့ဆန္ဒဖော်ထုတ်ပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မနောကွင်းမှာ ကျင်းပပြုလုပ်တာဖြစ်ပြီး ကချင်လူထု တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေးအသင်းအဖွဲ့ဝင်တွေ စုစုပေါင်း ဦးရေ ၅၀၀၀ နီးပါး တက်ရောက်တယ်လို့ စီစဉ်သူတွေက ပြောပါတယ်။

ဆန္ဒပြပွဲမှာပါဝင်သူတွေဟာ မြစ်ကြီးနားမြို့ မနောကွင်းကနေစတင်ချီတက်ပြီး မြို့တလျှောက်လှည့်လည်ဆန္ဒထုတ် ဖော်ပြီးတဲ့နောက် မနောကွင်းမှာပဲ ပြန်လည်စုဝေးကြပါတယ်။

ဒီဆန္ဒဖော်ထုတ်ပွဲကို အာဏာပိုင်တွေက နှောက်ယှက်တာမရှိပေမဲ့လဲ ခွင့်ပြုချက်ရယူစဉ်က တင်ပြထားတဲ့ထဲမှာ မပါတဲ့ ပိုစတာမှာ ရေးသားထားတာကို ဖြုတ်သိမ်းခိုင်းတယ်လို့ ဆန္ဒဖော်ထုတ်ရေး ကော်မတီဝင် နောက်တဦးဖြစ် တဲ့ ဒေါ်မရန်ဆန်တွယ်ရာက ပြောပါတယ်။

“ခေါင်းဆောင်၃)ဦးရဲ့ဓါတ်ပုံဖြုတ်ခိုင်းတယ်။ ပြီးလို့ရှိရင် ရေးထားတဲ့ဒီမိုကရေစီဆိုတဲ့စကားလုံးကို မဖြုတ်မနေရ အတင်းလာဖြုတ်ခိုင်းတော့လဲ ဖြုတ်ရတာပေါ့နော်။ အဲဒီနောက်ပိုင်းတော့အေးအေးဆေးဆေးပါဘဲ။”

တပ်မတော်ကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ စွဲချက်နဲ့ ကချင်တက်ကြွလှုပ်ရှားသူ ကိုလွမ်းဇောင်း၊ ကိုဇော်ဂျတ်နဲ့ ဒေါ်နန်ပူတို့ ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ မြစ်ကြီးနားမြို့နယ် တရားရုံးကနေ ထောင်ဒဏ်၊ ငွေဒဏ် ချမှတ် ခဲ့တာပါ။

တရားရုံးရဲ့ အဲဒီပြစ်ဒဏ်ချမှတ်မှုအပေါ် မကျေနပ်ဘဲ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့တဲ့သူတွေထဲက ကချင်လူငယ် ခေါင်းဆောင် ၃ ဦးဖြစ်တဲ့ မဆွယ်ဆိုင်းထွယ်၊ ဆိုင်းခွမ်အောင်နဲ့ ကိုဘရန်မိုင်တို့ကိုလည်း မြစ်ကြီးနားမြို့နယ် ရဲတပ် ဖွဲ့မှူးက ပုဒ်မ ၁၉ ငြိမ်းစုစီ ဥပဒေနဲ့ အမှုထပ်ဖွင့်ထားပါတယ်။

ဧပြီလကစပြီး ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ကေအိုင်အေတို့အကြားဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် တိုက်ပွဲကြားပိတ်မိနေတဲ့ပြည်သူတွေ လွတ်မြောက်ရေးအတွက် ပြီးခဲ့တဲ့မေလအတွင်း က မြစ်ကြီးနားမြို့ မှာ ဆန္ဒထုတ်ဖော်ပွဲနဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ပြောဆိုမှုတွေကို ထောက်ပြပြီးတော့ ကိုလွမ်းဇောင်းအပါ အဝင် ၃ ဦးကို မြောက် ပိုင်း တိုင်းစစ်ဌာနချုပ်က တပ်မတော်အရာရှိတဦးက တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

စစ်ရေးပဋိပက္ခအတွင်း ပိတ်မိပြည်သူတွေကို အကူအညီပေးဖို့ကြိုးပမ်းသူတွေကို အရေးယူတာဟာ မဖြစ်သင့်ဘူး လို့ ဆန္ဒ ဖော်ထုတ်ပွဲဝန်းရံသူ လူထုအခြေပြုအဖွဲ့ဖြစ်တဲ့ Green Land အဖွဲ့တာဝန်ခံ ကိုနောင်လတ်ဂျန်မော်က အခုလိုပြောပါတယ်။

“ဆရာမနန်ပူတို့ ဆရာဇော်ဂျတ်တို့ ဆရာလွမ်းဇောင်းတို့က နှစ်ဖက်စစ်ကြားမှာပိတ်မိနေတဲ့ ပြည်သူတွေကို သွား ကူညီခြင်း ဖြစ်တယ်။ ကျွန်တော်တို့လူသားချင်းစာနာထောက်ထားမှုအရ သွားပြီးတော့ကူညီတာဖြစ်တယ်။ ဒီလိုမလို လားအပ်တဲ့ ထစ်ကနဲ ရှိရင် အပြစ်ပေးတတ်တဲ့အနေအထားဆိုရင် ကျွန်တော်တို့ကတော့မကောင်းပါဘူးထင်တယ်။ ကျွန်တော်တို့ ကချင်တမျိုးသားလုံး မှမဟုတ်ပါဘူးလေ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုကိုတန့် လှန့် လိုက်တဲ့သဘောဘဲ။”

လူထုဆန္ဒ ဖော်ထုတ်ရေးအစီအစဉ် ဖြစ်မြောက်ရေးကော်မီတီအနေနဲ့က စစ်ပွဲအတွင်း ပိတ်မိပြည်သူတွေ လွတ် မြောက်ဖို့ ကြိုးပမ်းဆောင်ရွက်သူတွေအပေါ် တရားမျှတမှုမရှိဘဲ စီရင်ချက်ချခဲ့တယ်ဆိုတဲ့ မြစ်ကြီးနားမြို့နယ် တရားရုံးကို ပြင်းထန်စွာ ရှုတ်ချကြသလို ထောင်ဒဏ်ချခံရသူတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ တရားမျှတ မှုကို ဖော်ဆောင်ပေးဖို့လည်း ကြေညာ ချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၁ ခုနှစ်ကစပြီး ကချင်လွတ်လပ်ရေးအဖွဲ့KIOနဲ့ မြန်မာ့တပ်မတော်တို့အကြား တကျော့ပြန် စစ်ရေးတင်းမာလာနေတာပါ။

စစ်ပွဲကြောင့် တရုတ်မြန်မာနယ်စပ် KIO ထိန်းချုပ်နယ်မြေနဲ့ အစိုးရထိန်းချုပ်နယ်မြေတွေအတွင်းမှာ စစ်ပြေးဒုက္ခ သည် တသိန်း ကျော်ရှိနေပါတယ်။

ဒုက္ခသည်တွေအနေနဲ့ မူလနေရပ်ကနေ တိမ်းရှောင်ထွက်ပြေးနေရတာ ၆ နှစ်ကျော်လာပြီဖြစ်သလို တိုက်ပွဲလျှော့ ချပြီး နိုင်ငံရေးအရဆွေးနွေးဖို့ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ KIO တို့ ကြိုးစားနေကြပေမဲ့ သိသာတဲ့ တိုးတက်မှု တွေမရှိသေးသလို အောက်ခြေပိုင်းမှာ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။

KIO ကချင်လွတ်လပ်ရေးအဖွဲ့ဟာ အစိုးရနဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်မရေးထိုးနိုင်သေးတဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့ ဝင်လည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG