သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရှောင်တွေခိုလှုံရာ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားဝင်း လက်နက်ကြီးကျည်ထိမှန်


မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝန်း (ဓာတ်ပုံ - CJ)
မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝန်း (ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်းမှာ စစ်ရေးပဋိပက္ခတွေ ကြီးထွားလာနေတာနဲ့အမျှ အရပ်သား သေဆုံးမှုတွေလည်း တိုးလာနေပါတယ်။ မနေ့တုန်းကလည်း မုံရွာမြို့က တိမ်းရှောင်လာတဲ့ စစ်ရှောင်ဒုက္ခသည်တွေရှိရာ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားဝင်းထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး သေဆုံး၊ ဒဏ်ရာရသူတွေတွေ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းက လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ထိခိုက်သေဆုံးမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။

မုံရွာမြို့နယ်တဝိုက်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိပ်တိုက်ထိတွေ့မှုတွေ တဖြည်းဖြည်း ပိုများလာနေပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ မနေ့က မေလ ၁၃ရက်၊ တနင်္လာနေ့ညကလည်း စစ်ရှောင်တွေ ခိုလှုံနေတဲ့ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားဝင်းထဲကို စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် ကျခဲ့တယ်လို့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

" မအူဂိတ်ကလည်း လက်နက်ကြီးနဲ့ တောက်လျှောက်ထုတယ်၊ မနေ့က မအူ(တပ်စခန်း)က ပစ်တာလို့ပြောတယ်။ တယောက်သေတယ်၊ ခုနှစ်ယောက် ဒဏ်ရာရတယ်။ မိုးညှင်း (ဘုရားဝင်း)ထဲမှာ နောက်ပိုင်းမှာက စစ်ရှောင်အင်အားက အရမ်းများလာတာ၊ နေရာတနေရာ ရဖို့အတွက် အလုအယက် ဝင်နေရတဲ့အချိန်ပေါ့။ အပြည့်ပဲ အဲဒီစစ်ရှောင်တွေက။ မနေ့ကကျတာက တလုံးက မိုးညှင်းရဲ့ လိပ်ကန်ထဲကိုကျတယ်၊ တလုံးက စစ်ရှောင်တွေ စျေးတန်းပေါ့ ကျတယ်လို့ သိထားတယ်ဗျ။"

မုံရွာတဝိုက်မှာ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်လာတဲ့အတွက် ဘုရားဝင်းထဲကိုရောက်လာတဲ့ စစ်ရှောင်က တထောင်နီးပါးရှိပြီလို့လည်း ခန့်မှန်းထားပါတယ်။ စစ်ကောင်စီဟာ ဘုရားရဲ့ အနောက်ဘက် မအူဂိတ်စခန်းနဲ့ အရှေ့ဘက်ဆည်ကြီးတောရွာမှာ စခန်းချထားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။အဝေးထိန်း ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် တချို့ကျေးရွာတွေမှာ ထိခိုက်သဆုံးသူလည်း ရှိတယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ သီးခြားအတည်ပြုလို့မရသလို၊ စစ်ကောင်စီနဲ့ လက်နက်ကိုင် အတိုက်အခံ အင်အားစုတွေက သတင်းထုတ်ပြန်တာမျိုးလည်း လတ်တလော မတွေ့ရသေးပါဘူး။

မုံရွာမြို့ရဲ့ အနောက်ဘက်ကမ်း ယင်းမာပင်၊ ဆားလင်းကြီး စတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရှိတဲ့ နေရာတွေမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေရဲ့ တိုက်ပွဲတွေ ရှိနေပါတယ်။ ဒီနေရာမှာ စစ်ကောင်စီက တရုတ်ကြေးနီစီမံကိန်းကို အဓိက လုံခြုံရေးယူပေးနေပြီး၊ မြေမြှုပ်မိုင်း အသုံးပြုမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်ကိုင်းတိုင်းက လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ဒေသခံတွေ သတ်ဖြတ်ခံရတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ မကြာသေးခင်ကပဲ မြင်းမူမြို့နယ် လက်ထုတ္ထော ကျေးရွာ ဘုန်းကြီးကျောင်းမှာ ထွက်ပြေး ခိုလှုံနေတဲ့ အရပ်သား ၃၀ ကျော်ကို စစ်ကောင်စီနဲ့ ထောက်ခံသူ လက်နက်ကိုင်တွေက သတ်ဖြတ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတပ်တွေ လက်ချက်နဲ့ သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ပါဝင်တဲ့အကြောင်း မသေဘဲ ကျန်ရစ်သူတွေက ဗွီအိုအေကို ပြောပါတယ်။

မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းထဲ ပစ်ခတ်မှုကြောင့် ဒေသခံတွေ သေဆုံးတဲ့ သတင်းဟာ မှန်ကန်မှုမရှိကြောင်း စစ်ကောင်စီကတော့ ဒီကနေ့နှောင်းပိုင်းမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG