သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းအတွင်း လေပြင်းတိုက်လို့ အိမ်ခြေ ရာနဲ့ချီပျက်စီး


ဒီပဲယင်းမြို့နယ်အတွင်း လေပြင်းကြောင့် အပျက်အစီးများကို တွေ့ရစဉ် (မေလ ၁ ရက်၊ ၂၀၂၄)
ဒီပဲယင်းမြို့နယ်အတွင်း လေပြင်းကြောင့် အပျက်အစီးများကို တွေ့ရစဉ် (မေလ ၁ ရက်၊ ၂၀၂၄)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ အချိန်အခါမဟုတ် မိုးသက်လေပြင်းကျပြီး မိုးသီးကြွေခဲ့လို့ ရာနဲ့ချီတဲ့နေအိမ်တွေ ပျက်စီးခဲ့သလို၊ ဆားလင်းကြီးမြို့နယ်ထဲမှာလည်း လျှပ်စစ်မီး ပြတ်တောက်တာတွေရှိတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ အပူချိန်မြင့်တက်တာကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ရာသီဥတု ဖြစ်စဉ်တွေကို သတိပြုဖို့ကိုလည်း မိုးဇလက တိုက်တွန်းထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြပါမယ်။

ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေမှာ မေ ၁ ရက် ညနေပိုင်းက အချိန်အခါမဟုတ် မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးသီးကြွေခဲ့တဲ့အတွက် အိမ်ခြေနဲ့ အဆောက်အဦ ၃၀၀ နီးပါး ပျက်စီးခဲ့ပြီး သီးနှံစိုက်ခင်းတွေလည်း ဆုံးရှုံးခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။

လေပြင်းကြောင့် ဒီပဲယင်းမြို့နယ်ထဲက သရက်ကန် ၊ ကိုင်းကံ ၊ တယ်တော စတဲ့ ကျေးရွာတွေအပါအဝင် ၄ ရွာထက်မနည်းက နေအိမ် အဆောက်အဦတွေ ပျက်စီးခဲ့ပါတယ်။ နေအိမ်တွေပျက်စီးပြီး စိုက်ခင်းတွေ ဆုံးရှုံးရတဲ့အခြေအနေနဲ့ ပတ်သက်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတဦးက အခုလို ပြောပါတယ်။

ဒီပဲယင်းမြို့နယ်အတွင်း လေပြင်းကြောင့် အပျက်အစီးများကို တွေ့ရစဉ် (မေလ ၁ ရက်၊ ၂၀၂၄)
ဒီပဲယင်းမြို့နယ်အတွင်း လေပြင်းကြောင့် အပျက်အစီးများကို တွေ့ရစဉ် (မေလ ၁ ရက်၊ ၂၀၂၄)

“အထိခိုက်တော်တော်လေးများတယ်။ သရက်ကန်နဲ့ ကိုင်းကံပေါ့။ ကိုင်းကံက တော်တော်ဆိုးဆိုးရွားရွားပဲ။ သရက်ကန်က ခန့်မှန်းခြေ ၁၀၀ လောက်ရှိတယ်ပြောတယ်။ ကိုင်းကံကတော့ ၁၀၀ ကျော်မယ်ထင်တယ်။ အားလုံးပေါင်း ၂၅၀-၃၀၀ လောက် နေအိမ်တွေ၊ ဘုရားစေတီတွေ၊ ဘုန်းကြီးကျောင်းဆောင်တွေ ပျက်စီးတာ။ ဘုရားကတော့ ဖောင်းရစ် ခေါ်တာပေါ့နော်။ ထီးတော်ရဲ့အောက်နားက ပျက်ကျသွားတယ်။ ဘုရားစေတီတွေ ပျက်ကျတယ်။ ကျောင်းဆောင်တွေ အမိုးတွေ လန်တာပေါ့။ သွပ်မိုးတွေလန်သွားတယ်။ အိမ်တွေက တချို့အိမ်တွေက လုံးဝကိုနေလို့မရအောင် တချို့အိမ်ကကြတော့ အကုန်လုံး တိုင်လောက်ပဲကျန်ခဲ့တယ်။ ပါသွားတာပေါ့။ လေထဲလွင့်သွားတာပေါ့။ အရင်ဆုံး လေတိုက်တယ်။ လေတိုက်တယ်။ မိုးသီးတွေကြွေတာပေါ့။ စိုက်ပျိုးထားတဲ့ သီးနှံတွေ ပျက်စီးသွားတယ်။ ကိုင်းကံပါပဲ သီးနှံတွေပျက်စီးတာက ထိခိုက်တာများတာကလည်း ကိုင်းကံနဲ့ သရက်ကန်ပါပဲ။”

လေဘေးသင့်ပြည်သူတွေဟာ နေထိုင်ခွင့်ရဖို့ နေအိမ်တွေ ပြင်ဆင်တာတွေလုပ်နေပေမဲ့ အမိုးအကာနဲ့ အစားအသောက်တွေ လိုအပ်နေပါတယ်။ စစ်ကိုင်းတိုင်းထဲက ဆားလင်းကြီးမြို့နယ်ထဲမှာလည်း လေပြင်းကြောင့် သစ်ပင်တွေလဲကျပြီး လျှပ်စစ်မီးတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“မီးကြိုးတိုင်တွေအပေါ် သစ်ပင်တွေ ပြိုလဲကျတာဆိုတော့ တိုင် ၄ လုံး ပျက်စီးသွားတယ်။ နေအိမ်တွေက အများကြီးတော့ မရှိပါဘူး။ ဓာတ်အားလိုင်းတွေပဲ ပျက်စီးတာများတာ။”

မုံရွာမြို့ပေါ်မှာလည်း လေပြင်းကြောင့် နေအိမ်တွေပျက်စီးပြီး သစ်ပင်တွေ ပြိုလဲကျတာတွေဖြစ်ပြီး ကလေးငယ် ၁ ဦး သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ပေးသူတွေက ပြောပါတယ်။

ဒီပဲယင်းမြို့နယ်အတွင်း လေပြင်းကြောင့် အပျက်အစီးများကို တွေ့ရစဉ် (မေလ ၁ ရက်၊ ၂၀၂၄)
ဒီပဲယင်းမြို့နယ်အတွင်း လေပြင်းကြောင့် အပျက်အစီးများကို တွေ့ရစဉ် (မေလ ၁ ရက်၊ ၂၀၂၄)

အခုလို အချိန်အခါမဟုတ် မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးသီးကြွေတာဟာ အပူချိန်မြင့်တက်တာကြောင့် နောက်ဆက်တွဲရာသီဥတု ဖြစ်စဉ်တွေဖြစ်ပြီး သတိပြုကြဖို့ကို မိုးဇလ ပြောရေးဆိုခွင့်ရှိသူ ဦးလှထွန်းက အခုလို ပြောပါတယ်။

“အဓိကကတော့ အပူချိန်မြင့်တက်မှုကြောင့် နောက်ဆက်တွဲဖြစ်လာတာ။ အပူချိန်မြင့်တက်လို့ အပူပျံတက်တိမ်တွေဖြစ်မယ်။ အပူပျံတက်တိမ်တွေကနေ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလာပြီးတော့ မိုးတိမ်တောင်ကနေဖြစ်တဲ့ မိုးလေဝသဖြစ်စဉ်တွေ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ မိုးထစ်ချုန်းတာ အစရှိသဖြင့်ပေါ့။ ပြောရရင် အပူနဲ့ဆက်စပ်ပြီး ဖြစ်တဲ့ဖြစ်စဉ်တွေ။ လေထုမငြိမ်သက်မှုတွေ အပူပျံတက်တိမ်တွေ မိုးတိမ်တောင်ဖြစ်တာတွေကြောင့် လေပြင်းတိုက်တာ မိုးသီးကြွေတာ မိုးထစ်ချုန်းတာ မိုးကြိုးပစ်တာ အဲ့ဒါမျိုးတွေဖြစ်နိုင်တဲ့ အခြေအနေပေါ့နော်။ အဲ့စောစောကပြောတဲ့ ဖြစ်စဉ်တွေကိုတော့ နောက်ဆက်တွဲတွေကို သတိပြုရမှာပေါ့။”

အပူချိန်တွေမြင့်တက်တာကြောင့် မန္တလေးနဲ့ မကွေးတိုင်းတို့မှာ လူသေဆုံးတာတွေရှိခဲ့သလို မကွေးတိုင်း ချောက်မြို့နယ်နဲ့ မန္တလေးတိုင်း ညောင်ဦးမြို့တို့ဟာ ကမ္ဘာ့အပူဆုံးစာရင်းဝင် မြို့တွေအဖြစ် ပါဝင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG