သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီးချုပ် ရွေးကောက်ပွဲကျင်းပရေးအဆို လွှတ်တော်မှာ ထပ်မံရှုံးနိမ့်


ဗြိတိန် ဝန်ကြီးချုပ်ရဲ့ ရွေးကောက်ပွဲတွေ အချိန်စော ကျင်းပရေး ဒုတိယမြောက် အဆိုပြုချက်ကို လွှတ်တော်မှာ မဲခွဲ ပယ်ချလိုက်ပါတယ်။ ရွေးကောက်ပွဲတွေ အချိန်စော ကျင်းပရေး ဝန်ကြီးချုပ် Boris Johnson ရဲ့ အဆိုပြုချက် အပေါ် လွှတ်တော် အမတ်တွေ မကြာခင်က မဲခွဲခဲ့ကြတာပါ။

ဝန်ကြီးချုပ် Johnson ရဲ့ အဆိုပြုချက် အတည်ပြုနိုင်ဖို့ အတွက် လွှတ်တော် အမတ် သုံးပုံ နှစ်ပုံ ထောက်ခံမှု ရဖို့ လိုအပ်ပေမယ့် ဒီအရေအတွက် ပြည့်မီဖို့ အများကြီး လိုအပ်ခဲ့တာ ဖြစ်ပါတယ်။ ထောက်ခံမဲ ၂၉၃ မဲနဲ့ ကန့်ကွက်မဲ ၄၆ မဲ ရှိခဲ့ပြီး အတည်ပြုနိုင်ဖို့ အတွက်ကို အနည်းဆုံး ၄၃၄ မဲ ရဖို့ လိုအပ်တာ ဖြစ်ပါတယ်။

တချိန်တည်းမှာဘဲ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဥရောပသမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ရာမှာ သဘောတူညီချက်မယူပဲ နုတ်ထွက်ဖို့ ပြင်နေတဲ့ ဝန်ကြီးချုပ် Boris Johnson ရဲ့ ဆောင်ရွက်မှုတွေကို ပိတ်ပင်ဖို့ ကြိုးပမ်းနေတဲ့ လွှတ်တော်အမတ်တွေရဲ့ ဆောင်ရွက်ချက်တွေကို ဗြိတိန် ဘုရင်မ Elizabeth က တနင်္လာနေ့က ထောက်ခံအတည်ပြုလိုက်ပါတယ်။

သဘောတူညီချက် ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဥရောပသမဂ္ဂကနေ ခွဲထွက်ရေး ဆက်လက်ဆောင်ရွက်နေတဲ့ ဝန်ကြီးချုပ် Johnson ရဲ့ ကြိုးပမ်းမှုတွေကို ဗြိတိန်ပါလီမန်မှာ ပြီးခဲ့တဲ့ သတင်းပတ်က ဆန့်ကျင်ကန့်ကွက်ခံရပြီးနောက် အခုလို ဘုရင်မဘက်က နန်းတော်ကျင့်ဝတ် အာဏာနဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်လာတာဖြစ်ပါတယ်။

ဇူလိုင်လမှာ Boris Johnson ဝန်ကြီးချုပ် ရာထူး လက်မခံခင် သူအရင် ဝန်ကြီးချုပ် Theresa May လက်ထက်တုန်းက ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်မယ့် ကြိုတင်သတ်မှတ်တဲ့ အစီအစဉ်ကို ပါလီမန်က သုံးကြိမ်တိုင်တိုင် ပယ်ချခဲ့ပါတယ်။ ဒီအတောအတွင်း လွှတ်တော် ဥက္ကဌ အဖြစ် (၁၀)နှစ်တာ တာဝန် ထမ်းဆောင်ခဲ့တဲ့ ဂျွန်ဘာကို က အောက်တိုဘာလ (၃၁)ရက် မှာ ရာထူးကနေ နုတ်ထွက်မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG