သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Brexit နုတ်ထွက်ရေး ဟန့်တားခြင်းမပြုဖို့ ပါတီဝင်အမတ်တွေကို ၀န်ကြီးချုပ် သတိပေး


ဗြိတိန် ၀န်ကြီးချုပ် Boris Johnson

ဥရောပ သမဂ္ဂ EU နဲ့ သဘောတူညီချက် ရသည် ဖြစ်စေ မရသည် ဖြစ်စေ လာမယ့် အောက်တိုဘာလ ၃၁ ရက်နေ့မှာ Brexit လို့ခေါ်တဲ့ ဥရောပ သမဂ္ဂကနေ ဗြိတိန် နုတ်ထွက်မှာ ဖြစ်ပြီး ထပ်ပြီး ဆိုင်းငံ့ပေးဖို့ ဥရောပသမဂ္ဂကို တောင်းဆိုမှာ မဟုတ်ဘူးလို့ ဗြိတိန် ၀န်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။ အတိုက်အခံ ပါတီဘက်ကတော့ သဘောတူညီချက် မပါဘဲ ဥရောပ သမဂ္ဂကနေ ဗြိတိန်တို့ နုတ်ထွက်မယ့် အရေးကို အကြီးကျယ် ကန့်ကွက်နေပြီး ရွေးကောက်ပွဲ ကျင်းပပေးဖို့ လိုလားနေကြတာပါ။ ဗြိတိန် ၀န်ကြီးချုပ်ကတော့ ရွေးကောက်ပွဲ ကျင်းပဖို့ မလိုလားဘူးလို့ ပြောဆိုထားသလို ပါတီတွင်းက လွှတ်တော် အမတ်တွေ အတိုက်အခံတွေနဲ့ မပူးပေါင်းဖို့လည်း သတိပေးထားပါတယ်။ အသေးစိတ်ကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

EU ဥရောပ သမဂ္ဂထဲကနေ ဗြိတိန်တို့ သဘောတူညီချက် မရှိဘဲ နောက်လထဲ နုတ်ထွက်ရေး သူ့ရဲ့ Brexit အစီအစဉ်ကို အတိုက်အခံနဲ့ ပေါင်းပြီး တားဆီးဖို့ လုပ်ခဲ့ရင်တော့ ပါတီကနေ ထုတ်ပစ်မယ်လို့ ကွန်ဆာဗေးတစ် လွှတ်တော် အမတ်တွေကို ဗြိတိန် ၀န်ကြီးချုပ် Boris Johnson က တနလာင်္နေ့မှာ သတိပေးလိုက်ပါတယ်။ ဗြိတိန် အောက်လွှတ်တော်မှာ ၀န်ကြီးချုပ် Johnson ရဲ့ ကွန်ဆာဗေးတစ် ပါတီက အမတ် တနေရာဘဲ အသာစီး ရထားတာပါ။ ဥရောပ သမဂ္ဂထဲကနေ ဗြိတိန်တို့ သဘောတူညီချက် မပါဘဲ အောက်တိုဘာလ ၃၁ ရက်နေ့မှာ နုတ်ထွက်ဖို့ ၀န်ကြီးချုပ် Johnson ရဲ့ ကြိုးပမ်းမှုကို ဟန့်တားနိုင်ရေး အတွက် လွှတ်တော်နားရက် အပြီး အင်္ဂါနေ့မှာ ပြန်စတဲ့ အခါမှာတော့ ၀န်ကြီးချုပ်ရဲ့ ကွန်ဆာဗေးတစ် ပါတီက သဘောထား ကွဲပြားသူ အမတ် ၂၀ တို့ အတိုက်အခံတွေနဲ့ ပူးပေါင်းသွားနိုင်ခြေ ရှိနေတာပါ။ ဘယ်လို အခြေအနေမျိုး မဆို ဗြိတိန် အနေနဲ့ ဥရောပ သမဂ္ဂထဲကနေ နုတ်ထွက်မှာ ဖြစ်တယ်လို့ ၀န်ကြီးချုပ် Johnson က တနလာင်္နေ့မှာဘဲ ပြောဆိုခဲ့ပါတယ်။

“ဘယ်လို အကြောင်းပြချက်နဲ့မှ EU ဘက်က အချိန်ဆိုင်းပေးဖို့ ကျနော့် အနေနဲ့ ပြောမှာ မဟုတ်ဘူးဆိုတာကို အားလုံး သိစေချင်ပါတယ်။ ကျနော်တို့ အနေနဲ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ထွက်ပါမယ်။ အသေအချာပါ။ ကျနော်တို့ရဲ့ ကတိက၀တ်တွေကို ရုပ်သိမ်းတာမျိုး ဒါမှမဟုတ်လည်း လူထုဆန္ဒကို ဖျက်သိမ်းဖို့ ကြံစည်မှုတွေကို လက်ခံမှာ မဟုတ်ပါဘူး။ ဒီခံယူချက်ကို အခိုင်အမာ စွဲကိုင်ထားပြီး အောက်တိုဘာမှာ ကျင်းပမယ့် အရေးကြီးတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ သဘောတူညီချက် တခု ရမယ်လို့ ကျနော် ယုံကြည်ထားပြီး လွှတ်တော် အနေနဲ့လည်း အသေအချာ ဆန်းစစ်သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။

ဥရောပ သမဂ္ဂထဲကနေ ဗြိတိန် နုတ်ထွက်ရေးကို နှောင့်နှေးအောင် ကြိုးပမ်းမှုတွေကိုလည်း ထိုးနှက် ပြောဆိုလိုက်ပြီး ဒီလုပ်ရပ်တွေဟာဆိုရင် EU ကနေ ခွဲထွက်ရေး ပိုပြီး ကောင်းတဲ့ သဘောတူညီချက်တွေ ရဖို့ ကြိုးစားနေတဲ့ ဗြိတိန်ကို အားလျော့အောင် လုပ်တာလို့လည်း ဗြိတိန် ၀န်ကြီးချုပ်က ပြောပါတယ်။ Brexit အတွက် အပြီးသတ် စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး အောက်တိုဘာလလယ်မှာ EU ခေါင်းဆောင်တွေနဲ့ ဗြိတိန်ကြား ဆွေးနွေးပွဲ မတိုင်ခင် ၀န်ကြီးချုပ်ရဲ့ Brexit အစီအစဉ်တွေ လွှတ်တော်မှာ မဲခွဲနိုင်ခြေ ရှိပြီး၊ လွှတ်တော်ဘက်က ဒီအစီအစဉ်တွေ ပယ်ချခဲ့ရင် နောက်လထဲ ရွေးကောက်ပွဲတွေ အချိန်စော ကျင်းပနိုင်တယ်ဆိုတဲ့ ခန့်မှန်း ပြောဆိုချက်တွေ ထွက်ပေါ်နေချိန်မှာဘဲ ၀န်ကြီးချုပ် Johnson က အစိုးရ အဖွဲ့ဝင် ၀န်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဗြိတိန် ၀န်ကြီးချုပ်ကတော့ ရွေးကောက်ပွဲသစ် ကျင်းပဖို့ မလိုလားဘူးလို့ တနလာင်္နေ့မှာ ပြောဆိုသွားပါတယ်။

“ရွေးကောက်ပွဲ မလုပ်ဘဲနဲ့ ကျနော်တို့ရဲ့ စေ့စပ် ညှိနှိုင်သူတွေ စိုးရိမ်ကြောက်ရွံ့မှု ကင်းကင်းနဲ့ သူတို့ တာဝန်တွေ ဆောင်ရွက်ခွင့် ပေးကြရအောင်ပါ။ ကျနော့် အနေနဲ့လည်း ရွေးကောက်ပွဲ မလိုချင်သလို ဘယ်သူမှလည်း မလိုချင်ကြပါဘူး။ လူထုရဲ့ ဆန္ဒ အတိုင်းဘဲ ဆောင်ရွက်ကြရအောင်ပါ။ ရာဇ၀တ်မှုတွေကို တိုက်ဖျက်ကြမယ်၊ ကျန်းမာရေး စောင့်ရှောက်မှု တိုးတက်အောင် လုပ်မယ်၊ ကျောင်းတွေ တိုးမြှင့်ပြီး နေထိုင်မှု စာရိတ်စာကတွေ လျှော့ချမယ်၊ ပညာရေးနဲ့ နည်းပညာ အခြေခံနဲ့အတူ UK တ၀န်းမှာ အခွင့်အလမ်းတွေနဲ့ အလားအလာတွေကို ဖွင့်လှစ်ပေးကြပါမယ်။ ဒါက ဧရာမ လုပ်ငန်းစဉ်ကြီးပါ။ ဒီလို ဖြစ်လာအောင် အတူတကွ ဆောင်ရွက်ကြရအောင်ပါ။ အောက်တိုဘာလ ၃၁ ရက်နေ့မှာ Brexit ကို အပြီးသတ်ကြရအောင်ပါ။”

ဗြိတိန် ၀န်ကြီးချုပ်ဟောင်း Theresa May လက်ထက်တုန်းက EU နဲ့ ညှိနှိုင်းထားတဲ့ Brexit သဘောတူညီချက်ကို အတည်ပြုနိုင်ရေး လွှတ်တော် မဲခွဲမှုမှာ သုံးကြိမ် တိုင်တိုင် ရှုံးနိမ့်ခဲ့တာပါ။ ဒီနောက်မှာ ၀န်ကြီးချုပ် May က ရာထူးက နုတ်ထွက်ခဲ့ပြီးနောက် Johnson က ၀န်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် Jeremy Corbyn ကတော့ အထွေထွေ ရွေးကောက်ပွဲ တရပ်ကျင်းပဖို့ လိုလားနေပြီး သဘောတူညီချက် မရှိဘဲ EU ကနေ ဗြိတိန် နုတ်ထွက်မှုကိုလည်း တားဆီးမယ်လို့ တနလာင်္နေ့မှာ ပြောဆိုထားတာပါ။

“သဘောတူညီချက် မပါဘဲ နုတ်ထွက်မယ့် အရေးကို တားဆီးဖို့ အတွက် ကျနော်တို့ အရင်ဆုံး အတူဆောင်ရွက်ကြရမှာပါ။ ဒီသီတင်းပတ်က ကျနော်တို့ အတွက် နောက်ဆုံး အခွင့်အရေးလည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံ ချောက်ထဲ ကျတော့မယ့် အရေးကနေ ကယ်တယ်ဖို့ အတွက် လိုအပ်တာ အားလုံး ဆောင်ရွက်ဖို့ တခြား ပါတီတွေနဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အဲဒီနောက်မှာ ကျနော်တို့ အထွေထွေ ရွေးကောက်ပွဲ တရပ် ကျင်းပဖို့ လိုအပ်ပါတယ်။”

အွန်လိုင်း လောင်းကစား လုပ်ငန်းကြီး Ladbrokes ကတော့ အခု လောလောဆယ် အခြအနေ အရ နောက်လထဲမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိတယ်လို့ ပြောဆိုထားပြီး ၂၀၁၉ ခုနှစ် မကုန်ခင်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ၇၅ ရာခိုင်နှုန်း ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG