သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Brexit မတိုင်မီ လွှတ်တော်လုပ်ငန်းကန့်သတ်ဖို့ UK ဝန်ကြီးချုပ် အဆိုပြု


ဥရောပသမဂ္ဂ (EU) က ဗြိတိန်ခွဲထွက်ဖို့ သတ်မှတ်ထားတဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ မတိုင်ခင် လွှတ်တော်ရဲ့ လုပ်ငန်းတွေကို လျှော့ချမယ့် အစီအစဉ်တရပ်ကို ဝန်ကြီးချုပ် Boris Johnson ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။

လက်ရှိလွှတ်တော် လုပ်ငန်းစဉ်တွေကို ရပ်ဆိုင်းခွင့်ပြုဖို့နဲ့၊ အစိုးရရဲ့ ဥပဒေပြုရေး အစီအစဉ်တွေကို ချပြမယ့် အောက်တိုဘာလ ၁၄ ရက် လွှတ်တော် ပြန်စချိန်မှာ အဲလိဇဘတ်ဘုရင်မကြီး ကိုယ်တိုင် မိန့်ခွန်းပြောဖို့ ဖိတ်ကြားထားကြောင်းလည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။

အောက်လွှတ်တော်ဥက္ကဋ္ဌ John Bercow ကတော့ ဝန်ကြီးချုပ်ရဲ့ လုပ်ရပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ဖောက်ဖျက်ရာ ရောက်ကြောင်း ပြောဆိုလိုက်သလို၊ EU ကနေ ခွဲထွက်ရေး အစီအစဉ်တွေကို ဆွေးနွေးဖို့နဲ့ တိုင်းပြည်ကို ပုံဖော်ရမယ့် လွှတ်တော်ရဲ့ တာဝန်တွေကို ဟန့်တားတဲ့ လုပ်ရပ်ဖြစ်ကြောင်းလည်း ပြောဆိုလိုက်ပါတယ်။ ဝန်ကြီးချုပ် Johnson ကတော့ သဘောတူညီချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ EU ကနေ ခွဲထွက်မှာဖြစ်ကြောင်း ကတိပြုထားတာပါ။

သူ့အရင် ဝန်ကြီးချုပ် တာဝန်ယူခဲ့သူ Theresa May လက်ထက်မှာတော့ EU နဲ့ ခွဲထွက်ရေး သဘောတူညီချက်တွေကို ညှိနှိုင်းနိုင်ခဲ့ပေမဲ့ လွှတ်တော်က လက်ခံအောင်တော့ မလုပ်နိုင်ခဲ့ပါဘူး။ ဝန်ကြီးချုပ် Johnson ကတော့ အောက်တိုဘာလထဲ လွှတ်တော်မှာ မိန့်ခွန်းပြောပြီး ရက်ပိုင်းအတွင်း EU တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီး၊ သဘောတူညီချက်အသစ်ကို လွှတ်တော်က ဆွေးနွေးအတည်ပြုဖို့ အချိန်အလုံအလောက် ရမှာဖြစ်ကြောင်းလည်း ဒီကနေ့ပဲ ပြောဆိုခဲ့ပါတယ်။

Brexit မတိုင်မီ လွှတ်တော်လုပ်ငန်းကန့်သတ်ဖို့ UK ဝန်ကြီးချုပ် အဆိုပြု
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG