ဥရောပ သမဂ္ဂထဲကနေ ဗြိတိန် နုတ်ထွက်ရေး Brexit နဲ့ ပတ်သက်ပြီး သဘောထား တင်းမာသူ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Boris Johnson က ဗြိတိန် ဝန်ကြီးချုပ်သစ် အဖြစ် ရွေးကောက်ခံရပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူစဉ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ကိုယ်တိုင်သွားရောက်ခဲ့သူ မစ္စတာ Johnson အနေနဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာချိန်မှာတော့ Brexit ကိစ္စက အရေးကြီးနေတာကြောင့် မြန်မာနိုင်ငံ အပေါ်ထားတဲ့ ဗြိတိန်ရဲ့ မူဝါဒ အပြောင်းအလဲ သိပ်မရှိနိုင်ဘူးလို့လည်း သုံးသပ်ကြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။
ဗြိတိန်ရဲ့ အာဏာရ ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင် အဖြစ် ရွေးကောက်ခံရပြီး ဗြိတိန် ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မယ့် Boris Johnson က သူ့မိန့်ခွန်းမှာ အခုလို ပြောဆိုခဲ့ပါတယ်။
"ဥရောပ သမဂ္ဂထဲကနေ ဗြိတိန် နုတ်ထွက်ရေး Brexit ကို ဆောင်ရွက်ဖို့၊ နိုင်ငံစည်းလုံးရေးနဲ့ Jaramy Corbyn ကို အပြုတ်တိုက်ရပါမယ်။"
ဗြိတိန်ရဲ့ အာဏာရ ကွန်ဆာဗေးတစ် ပါတီအကြီးအကဲ Theresa May ရဲ့ နေရာကို အစားထိုးရွေးချယ်ရေး ယှဉ်ပြိုင်မှုတွေက သီတင်းပတ်နဲ့ချီ ကြာမြင့်ခဲ့ပြီးနောက် အင်္ဂါနေ့မှာတော့ Boris Johnson အနိုင်ရကြောင်း ကြေညာခဲ့ပါပြီ။ ဒါကြောင့် ဗြိတိန်ရဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာရေး အတွက် ဗုဒ္ဓဟူးနေ့မှာ ဗြိတိန် ဘုရင်မကြီးက ဖိတ်ကြားခံဖို့ လမ်းပွင့်သွားပါပြီ။ သတင်းသမားဟောင်း တဦးဖြစ်ပြီး တချိန်က လန်ဒန်မြို့တော်ဝန် ဖြစ်ခဲ့ဖူးသူ မစ္စတာ Johnson က နိုင်ငံရေး ရည်မှန်းချက် ကြီးခဲ့သူပါ။
ဒါပေမယ့်လည်း အခု သူ လက်ခံရမယ့် ဝန်ကြီးချုပ် ရာထူးကတော့ သာသာယာယာတော့ မဟုတ်ပါဘူး ဓားသွားပေါ်မှာ လမ်းလျှောက်ရမယ့် အခြေအနေပါ။ တကယ်လို့ တခုခု လွဲချော်သွားခဲ့မယ်ဆိုရင်တော့ ၁၇၈၂ ခုနှစ်တုန်းက ဒေါင်းနင်းလမ်းမှာ ဝန်ကြီးချုပ် အဖြစ် ၉၆ ရက်တာ တာဝန်ထမ်းဆောင်ခဲ့ရသူ Lord Rockingham ရဲ့ စံချိန်ကို ချိုးပြီး ဗြိတိန်မှာ ရာထူးသက်တမ်း အတိုဆုံး ဝန်ကြီးချုပ်လည်း ဖြစ်သွားနိုင်ပါတယ်။
Boris Johnson အနေနဲ့ ဥရောပ သမဂ္ဂထဲကနေ သဘောတူညီချက် မပါဘဲ ဗြိတိန် နုတ်ထွက်ရေး လုပ်မယ်ဆိုရင်တော့ ဒီအစီအစဉ် ပျက်သွားစေဖို့ အတွက် အစိုးရကို ဖြုတ်ချရေး အတိုက်အခံ ပါတီတွေနဲ့ ပေါင်းမယ်လို့ နုတ်ထွက်တော့မယ့် ကွန်ဆာဗေးတစ် ပါတီထဲက ဘဏ္ဍာရေး ဝန်ကြီး Philip Hammond ဦးဆောင်တဲ့ အတိုက်အခံ ဖြစ်နေသူတွေက ခပ်ရှင်းရှင်း ပြောဆိုထားတာပါ။ ဒီလို ဖြစ်လာမယ်ဆိုရင်တော့ ကွန်ဆာဗေးတစ်တွေ အနိုင်ရနိုင်ဖွယ် မရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်လာနိုင်တာပါ။
နုတ်ထွက်တော့မယ့် ဝန်ကြီးချုပ် Theresa May ကတော့ သူမကို ဆက်ခံမယ့် ဝန်ကြီးချုပ်သစ်ကို အပြည့်အ၀ ထောက်ခံမယ်လို့ ကတိပြု ပြောဆိုခဲ့ပါတယ်။ ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင် အဖြစ် ယှဉ်ပြိုင်ဘက် ဖြစ်ခဲ့တဲ့ နိုင်ငံခြားရေး ဝန်ကြီး Jeremy Hunt ကတော့ မစ္စတာ Johnson ရဲ့ ယုံကြည်ချက် ခိုင်မာမှုကို ချီးကျူး ပြောဆိုပြီး တကယ်တော်တဲ့ ဝန်ကြီးချုပ် ဖြစ်လာမှာပါလို့ ပြောဆိုခဲ့ပါတယ်။
"ဝန်ကြီးချုပ် အဖြစ် Boris ဖြစ်လာတဲ့ အပေါ် နိုင်ငံအတွက် ကျေနပ်ဝမ်းသာ ဖြစ်ရပါတယ်။ သူက သိပ်တော်တဲ့ ဝန်ကြီးချုပ် ဖြစ်လာမယ်လို့ ထင်ပါတယ်။ သူက အကောင်မြင်သူ၊ တက်ကြွသူပါ။ နောက် လူတွေကို ပြုံးအောင် လုပ်တတ်ပြီး ကျနော်တို့ရဲ့ ကြီးမြတ်တဲ့ နိုင်ငံအပေါ် ယုံကြည်ချက် ခိုင်မာသူ ဖြစ်ပါတယ်။ ဒါက ကျနော်တို့ လိုအပ်နေတဲ့ အရည်အသွေးဖြစ်ပါတယ်။ ကျနော်တို့မှာ စိန်ခေါ်ချက် တချို့ ရှိပေမယ့်လည်း Boris မှာ ဒီလို ယုံကြည်ချက် ရှိတာကြောင့် ကောင်းကောင်း ဆောင်ရွက်နိုင်မယ်လို့ ကျနော် ထင်ပါတယ်။"
ဝန်ကြီးချုပ် မေကို ဆက်ခံရေး Johnson ကို ထောက်ခံခဲ့တဲ့ အမေရိကန် သမ္မတ Donald Trump ကတော့ Boris Johnson ဗြိတိန် ဝန်ကြီးချုပ်သစ် ဖြစ်လာတဲ့ အတွက် ဝမ်းသာ ဂုဏ်ပြုကြောင်းနဲ့ သူက သိပ်ပြီး ထူးချွန်ပြောင်မြောက်တဲ့ ဝန်ကြီးချုပ် ဖြစ်လာမယ်လို့လည်း တွစ်တာ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ်တုန်းက ဗြိတိန် အလံတင် ရေနံတင် သဘောၤကို အီရန်တို့ သိမ်းယူခဲ့တာဟာ ထိပ်တိုက်တွေ့ရေး လုပ်ခဲ့တာ မဟုတ်ဘူးလို့ ပြောဆိုထားတဲ့ အီရန် နိုင်ငံခြားရေး ဝန်ကြီး Mohammad Javad Zarif ကလည်း နိုင်ငံခြားရေး ဝန်ကြီးဟောင်း Johnson ကို ဂုဏ်ပြုကြောင်း လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။ ဥရောပ သမဂ္ဂထဲကနေ ဗြိတိန်နုတ်ထွက်ရေး Brexit အရေး ဥရောပ သမဂ္ဂရဲ့ ဦးဆောင်ညှိနှိုင်းသူ Michel Barnier ကတော့ ဗြိတိန် ဝန်ကြီးချုပ်သစ် Johnson နဲ့ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ရေး မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ် May လက်ထက်က ညှိနှိုင်း သဘောတူထားတဲ့ ဗြိတိန် နုတ်ထွက်ရေး သဘောတူညီချက်ကို ရှေ့ဆက် ဆောင်ရွက်နိုင်ဖို့ မျှော်လင့်တယ်လို့ EU ရဲ့ ညှိနှိုင်းရေးမှူး Barnier က ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီသဘောတူညီချက်ကို ပြန်ပြီး ညှိနှိုင်းရမယ်လို့ Johnson ဘက်က ပြောထားတဲ့ အပေါ်မှာတော့ မှတ်ချက် တစုံတရာ မပေးခဲ့ပါဘူး။
ဥရောပ ကော်မရှင်ရဲ့ ဥက္ကဌ အဖြစ် ရွေးကောက်ခံထားရသူ Ursula von der Leyen ကတော့ Johnson နဲ့ အတူး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။
"ပထမဆုံး အနေနဲ့ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရတဲ့ အတွက် Boris Johnson ကို ဂုဏ်ပြုပါတယ်။ သူနဲ့ အလုပ်သဘော ဆက်ဆံရေး ကောင်းဖို့ မျှော်လင့်ပါတယ်။ ရှေ့လျှောက် စိန်ခေါ်ချက်တွေ ရှိနေပြီး အတူတကွ ဖြေရှင်းဆောင်ရွက်ရမယ့် ကွဲပြားချက်တွေ၊ ခက်ခဲတဲ့ ကိစ္စရပ်တွေ အများကြီး ရှိနေပါတယ်။ ဥရောပ ပြည်သူတွေအတွက် ဗြိတိန် ပြည်သူတွေ အတွက် ကောင်းကျိုးဆောင်ပေးရမယ့် တာဝန်ရှိတာကြောင့် ခိုင်မာအားကောင်းတဲ့ အလုပ်သဘော ဆက်ဆံရေး ကောင်း တည်ဆောက်ဖို့က သိပ် အရေးကြီးတယ်လို့ ကျမ ထင်ပါတယ်။ ဒါကြောင့် သူနဲ့ အတူ လက်တွဲ ဆောင်ရွက်ဖို့ အတွက် ကျမ မျှော်လင့်ပါတယ်။"
နိုင်ငံရေးခြားရေး ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်စဉ်ကတော့ Boris Johnson က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ကိုယ်တိုင်သွားရောက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခု ဗြိတိန် ဝန်ကြီးချုပ်သစ် ဖြစ်လာချိန်မှာတော့ ဥရောပ သမဂ္ဂထဲကနေ ဗြိတိန် နုတ်ထွက်ရေး လုပ်ငန်းစဉ်က သိပ်ပြီး အရေးကြီးနေတာကြောင့် မြန်မာ့ အရေးပေါ်မှာတော့ စိတ်ဝင်စားမှု လျော့မယ်လို့လည်း ဗြိတိန် အခြေစိုက် သုံးသပ်သူ ဦးအောင်ခင်က ရှုမြင်ပါတယ်။
" ကျနော့်အမြင်ကတော့ သူက ဒီဥရောပကိစ္စနဲ့ပဲ လုံးလည်လိုက်နေတော့ ပထမပိုင်းတော့ သူ အာရုံစိုက်နိုင်မှာတော့မဟုတ်ဘူး။ မြန်မာပြည်ကိစ္စတွေဘာတွေ နည်းနည်းလေးအခြေကျသွားရင်တော့ သူအာရုံစိုက်ရင် စိုက်နိုင်မှာပေါ့။ ဒီမှာ သူ့အတွက်က ဥရောပကိစ္စက သေရေးရှင်ရေးဖြစ်နေတာကို "
ဗြိတိန် ဝန်ကြီးချုပ်သစ် အဖြစ် Boris Johnson တာဝန်မထမ်းဆောင်ခင်မှာဘဲ အစိုးရ အဖွဲ့ထဲက နုတ်ထွက်သူတွေလည်း ရှိနေပါတယ်။ နိုင်ငံခြားရေး ဌာန ဝန်ကြီး Alan Duncan၊ နောက် ပညာရေး ဌာန ဝန်ကြီး Anne Milton၊ တရားရေးဌာန ဝန်ကြီး David Gauke တို့ နုတ်ထွက်သွားပြီ ဖြစ်ပြီး နိုင်ငံတကာ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး Rory Stewart ကတော့ ဗုဒ္ဓဟူးနေ့မှာ နုတ်ထွက်မယ်လို့ ပြောဆိုထားပါတယ်။