ဗြိတိန်နိုင်ငံ ဥရောပ သမဂ္ဂအဖွဲ့ကနေ နုတ်ထွက်မယ့်ကိစ္စ Brexit ကို အောင်မြင်အောင် မဆောင်ရွက်နိုင်တာကြောင့် ၀န်ကြီးချုပ် Teresa May က ရာထူးက နုတ်ထွက်မယ်လို့ မေလ ၂၄ ရက်နေ့က ကြေညာခဲ့အပြီး ၂ လတင်းတင်း ပြည့်တဲ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ လန်ဒန်မြို့တော်ဝန်ဟောင်း လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်း ဖြစ်သူ Brexit အမာခံ ကွန်ဆားဗေးတစ်ပါတ်ီအမတ် Boris Johnson ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ်သစ် အဖြစ် ဖြစ်လာပါတယ်။ ဒီကနေ့ ဗြိတိန်နိုင်ငံ အစိုးရအဖွဲ့ အပြောင်းအလဲအကြောင်း ကိုရဲမင်းထွန်း က တင်ပြပေးပါမယ်။
ဗြိတိန် ၀န်ကြီးချုပ်သစ်ဖြစ်လာမယ်လို့ ရေပန်းစားနေခဲ့သူ Brexit ကို အားပေး ထောက်ခံသူ ကွန်ဆာဗေးတစ်ပါတီအမတ် Boris Johnson ဟာ ဇူလိုင်လ ၂၃ ရက်နေ့မှာ ကွန်ဆားဗေးတစ်ပါတီ ခေါင်းဆောင်အဖြစ် အရွေးခံခဲ့ရပါတယ်။ Boris Johnson ကွန်ဆားဗေးတစ်ပါတီ ခေါင်းဆောင် ရွေးချယ်ခံရတဲ့ သတင်းကြား အပြီးမှာတော့ သူနဲ့ နိုင်ငံရေးအရ မဟာမိတ်လည်းဖြစ် Brexit ကို ထောက်ခံသူလည်းဖြစ်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Boris Johnson ကို ချီးကျူးစကား ပြောခဲ့ပါတယ်။
Boris Johnson ကို ၀န်ကြီးချုပ်အဖြစ် မခန့်အပ်ခင် ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာတော့ ရာထူးက နုတ်ထွက်သွားတဲ့ ၀န်ကြီးချုပ် Teresa May က ပါလီမန်မှာ မိန့်ခွန်း အတိုချုပ်ပြောခဲ့သလို ဒေါင်းနင်းလမ်းက ၀န်ကြီးချုပ် အိမ်ရှေ့မှာလည်း သူ့ရဲ့ ခင်ပွန်းနဲ့အတူ ပရိသတ်ကို နုတ်ဆက်စကား ပြောခဲ့ပါတယ်။ သူဟာ ကွန်ဆားဗေးတစ် ပါတီ အမတ် အဖြစ် ဆက်လက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
“ ကျွန်မ အခုပဲ နန်းတော်ကို သွားပြီး ဘုရင်မကြီးကို နုတ်ထွက်စာ ပေးအပ်ပြီး Boris Johnson ကို ခန့်အပ်ဖို့ အကြံပြုမှာပါ။ကွန်ဆားဗေးတစ်ပါတီ ခေါင်းဆောင်ဖြစ်လာတဲ့ Boris ကို ချီးကျူးစကား ပြောချင်ပါတယ်။ လာမယ့် လတွေ နှစ်တွေအတွင်း သူနဲ့ သူ့အစိုးရနဲ့ အောင်အောင်မြင်မြင် ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။”
အဲဒီနောက် အစဉ်အလာ အရ ဗြိတိန် ဘုရင်မကြီး က Boris Johnson ကို Buckingham နန်းတော်ကို ဖိတ်ခေါ်ပြီး ဗြိတိန် ၀န်ကြီးချုပ်အဖြစ် တရားဝင် ခန့်အပ်ခဲ့ပါတယ်။ Buckingham နန်းတော်ကနေ ဒေါင်းနင်းလမ်းက ၀န်ကြီးချုပ်အိမ်ကို အရောက်မှာတော့ Boris John ကဗြိတိန် ၀န်ကြီးချုပ်သစ် အဖြစ် ပထမဆုံး မိန့်ခွန်းစကား ပြောကြားခဲ့ပါတယ်။
“ ဘုရင်မကြီးက ကျွန်တော့်ကို နိုင်ငံရဲ့ ကြီးမြတ်တဲ့ ရာထူးကို လက်ခံဖို့ ကမ်းလှမ်းပြီး ဂုဏ်ပြုခဲ့ပါတယ်။ ကျွန်တော့် အလုပ်က ဗြိတိန် ပြည်သူလူထု ကို အလုပ်အကျွေးပြုဖို့ ပါ။ ကျွန်တော်တို့ နိုင်ငံရေးသမားတွေအတွက် အမြဲ သတိချပ်ရမယ့် အချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ ပြည်သူတွေဟာ ကျွန်တော်တို့ရဲ့ အလုပ်ရှင် ဆိုတာပါဘဲ။”
ဒီနေ့မှာပဲ ၀န်ကြီးချုပ်သစ် Boris Johnson က ဗြိတိန် အစိုးရ အဖွဲ့သစ်ကို ဖွဲ့စည်းခဲ့ပါတယ်။ လက်ရှိ အစိုးရအဖွဲ့ဝင် တော်တော်များများက Boris Johnson နဲ့ မူဝါဒရေးရာ သဘောထားချင်း မတိုက်ဆိုင်တာကြောင့် နုတ်ထွက်သွားလို့ ဗြိတိန်နိုင်ငံထုတ် သတင်းဌာနတွေက နွေရာသီ သုတ်သင်ပွဲလို့ တင်စား ရေးသားကြပါတယ်။ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေး ၀န်ကြီးဌာနတွေက ၀န်ကြီးတွေအားလုံး နုတ်ထွက်ခဲ့ကြပါတယ်။ နိုင်ငံခြားရေး ၀န်ကြီးသစ်အဖြစ် ယခင် Brexit ၀န်ကြီး Dominic Raab ဖြစ်လာပြီး ဘဏ္ဍာရေး ၀န်ကြီးအဖြစ် ပြည်ထဲရေးဝန်ကြီးဟောင်း Sajid Javid ဖြစ်လာပါတယ်။ သူ့ရဲ့ အစိုးရအဖွဲ့သစ်နဲ့ ပတ်သက်ပြီး သူ အပြည့်အ၀ တာဝန်ယူကြောင်း Boris John က အခုလို ပြောပါတယ်။
“ ကျွန်တော် ဒီနေ့ သိပ်ကောင်းတဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ပေမဲ့ ကျွန်တော်မြင်ချင်တဲ့ အပြောင်းအလဲတွေဖြစ်လာဖို့အတွက် ကျွန်တော် ကိုယ်တိုင်မှာပဲ တာဝန်ရှိနေတယ်လို့ ပြောပါရစေ။ ဘယ်လို အတားအဆီးတွေရှိပါစေ အပြီးသတ် ဆုံးဖြတ်ချက်က ကျွန်တော့်ဆီက လာမှာပါ။ ကျွန်တော်တို့ အစိုးရက ဒီ တိုင်းပြည်နဲ့ ထိုက်တန်တဲ့ ခေါင်းဆောင်မှုမျိုးကို ပေးသွားမှာပါ။ ဒီလို ခေါင်းဆောင်မှု အခုပဲ စပါပြီ။”
ဥရောပ သမဂ္ဂက ဗြိတိန်နိုင်ငံ ထွက်ဖို့အရေး Brexit နဲ့ ပတ်သက်ပြီး သူက ပါလီမန်ကို အထပ်ထပ်ပေးထားတဲ့ ကတိက၀တ် ဖြစ်တဲ့ ဒီကိစ္စကို အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား အပြီးသတ် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ Brexit သဘောတူညီချက် အသစ်ကို ရေးဆွဲသွားမှာဖြစ်ပြီး လာမယ့် ၉၉ ရက်အတွင်း သဘောတူညီချက်ရဖို့ ယုံကြည်မှု အပြည့်ရှိတယ်လို့လည်း ပြောပါတယ်။ ဥရောပကောင်စီ ဥက္ကဌ Donald Tusk ကတော့ Boris Johnson အစိုးရရဲ့ Brexit အစီအစဉ် အသေးစိတ်ကို သိလိုတယ်လို့ ပြောပါတယ်။
Boris Johnson ဗြိဝန်ကြီးချုပ်သစ် ဖြစ်လာတာနဲ့အတူ Brexit ကိစ္စ ပြီးပြတ်နိုင်မယ်လို့ မျှော်လင့်သူများရှိနေသလို Teresa May ရဲ့ Brexitသဘောတူညီချက် မူကြမ်းကို ကန့်ကွက် ပယ်ချခဲ့တဲ့ ဗြိတိန် ပါလီမန်ထဲက အမတ်တွေကတော့ အပြောင်းအလဲ မရှိဘဲ ဒီလူတွေပဲမို့ Brexit သဘောတူညီချက် မရဘဲ ရွေးကောက်ပွဲ အသစ် ကျင်းပဖို့သာ ဖြစ်လာဖွယ် ရှိကြောင်းလည်း ယူဆ နေကြကြောင်းပါ။