သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်လွှတ်တော် ယာယီဆိုင်းငံ့ဖို့ ဘုရင်မကြီး သဘောတူ


ဗြိတိန် ဝန်ကြီးချုပ် Boris Johnson ကို ဆန္ဒပြကြသူများ။
ဗြိတိန် ဝန်ကြီးချုပ် Boris Johnson ကို ဆန္ဒပြကြသူများ။

ဗြိတိသျှ ပါလီမန်ကို အောက်တိုဘာ လလယ်အထိ ခေတ္တ ရပ်ဆိုင်းထားဖို့ ဗြိတိန် ဝန်ကြီးချုပ် Boris Johnson ရဲ့ မေတ္တာရပ်ခံချက်ကို ဘုရင်မကြီး Elizabeth က လက်ခံလိုက်ပါတယ်။ ဒီလို ပါလီမန်ကို ခေတ္တ ရပ်ဆိုင်းထားမှုဟာ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံ ဥရောပ သမဂ္ဂကနေ သဘောတူညီချက် မရရှိဘဲ နုတ်ထွက်မှာကို မလိုလားတဲ့ ဗြိတိသျှ ပါလီမန် အမတ်တွေကို စိတ်ဆိုး ဒေါသထွက်စေ ပါတယ်။ ဗွီအိုအေ သတင်းထောက် Jeff Custer သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

ဗြိတိန် ဝန်ကြီးချုပ် Boris Johnson ရဲ့ တောင်းဆိုချက်ကို ဘုရင်မကြီးက သဘောတူညီကြောင်း သူ့ရဲ့ အကြံပေး ကောင်စီ ကတစ်ဆင့် ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန် အသိပေးခဲ့ပါတယ်။

ဝန်ကြီးချုပ် Johnson ကတော့ သူ့ရဲ့ ဒီ အစီအစဉ်ကို ဝန်ကြီးချုပ် နေအိမ်ကနေ ဗုဒ္ဓဟူးနေ့ မနက် အစောပိုင်းမှာ ကြေညာခဲ့တာပါ။ ဥပဒေပြုရေး ဆိုင်ရာ သူ့ရဲ့အစီအစဉ်တွေ ဆက်လက် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် Brexit ကိစ္စ ဆွေးနွေးဖို့ လုံလောက်တဲ့ အချိန် မပေးချင်လို့ ပါလီမန်ကို ရပ်ဆိုင်းတာ ဆိုတဲ့ စွပ်စွဲချက်တွေ မဟုတ်ဘူးဆိုပြီးလည်း ငြင်းဆိုခဲ့ပါတယ်။

“ ဒါ လုံးဝမမှန်ပါဘူး။ ကျွန်တော်တို့ ဘာတွေလုပ်နေသ လဲဆိုတာကို ခင်ဗျားတို့ကြည့်မယ်ဆိုရင် ရာဇဝတ်မှုတွေ၊ ဆေးရုံတွေနဲ့ဆိုင်တဲ့ ဥပဒေပြုရေး အစီအစဉ်တွေကို ကျွန်တော်တို့ လုပ်နေပါတယ်။ ပညာရေးအတွက် ငွေကြေး ရရှိဖို့ သေချာအောင်လည်း လုပ်နေပါတယ်။ အရေးကြီးတဲ့ အောက်တိုဘာလထဲ ၁၇ ရက်နေ့ကစပြီး EU ကိစ္စ ဆွေးနွေးဖို့နဲ့ Brexit ကိစ္စအတွက် ကိုယ်စားလှယ်တွေ အချိန် အများကြီး ရကြပါလိမ့်မယ်။ ”

ဗုဒ္ဓဟူးနေ့မှာပဲ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က ဝန်ကြီးချုပ် Johnson ရဲ့ အစီအစဉ်ကို ထောက်ခံကြောင်း တွစ်တာမှာ ရေးသား ခဲ့ပါတယ်။

ဒါပေမဲ့ ပါလီမန်ထဲက အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် Jeramy Corbyn ကတော့ ဒါဟာ ဒီမိုကရေစီကို တိုက်ခိုက် လုယက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပြီး အစိုးရအပေါ် အယုံအကြည် မရှိအဆိုကို နောက်တစ်ပတ်မှာ တင်သွင်းဖို့ ကြိုးစားမယ်လို့ ပြောပါတယ်။

“ ဒါဟာ အခြေခံဥပဒေကို အသုံးပြုပြီး လုပ်တဲ့ ရက်စက်မှုတစ်ခုပါ။ ကွန်ဆားဗေးတစ် ပါတီထဲက လူနည်းစု တစ်စုက တင်မြှောက်ခဲ့တဲ့ ဝန်ကြီးချုပ်က ပါလီမန်ထဲ နို်င်လိုမင်းထက် ပြုကျင့်ပြီး Brexit ကိစ္စ ဆွေးနွေးပွဲတွေ မလုပ်နိုင်အောင် တားဆီးပိတ်ပင်တာ ဖြစ်ပါတယ်။ သူက တဇွတ်ထိုး လုပ်ရင်း ဒေါ်နယ်ထရမ့်ရဲ့လက်ထဲ ရောက်ချင်ပုံရပါတယ်။ ပါလီမန်ကို ပိတ်တာမျိုး မဟုတ်ဘဲ ပါလီမန်တက်ပြီး မေးတဲ့ မေးခွန်းတွေကို ဖြေဆိုပြီး ပါလီမန်မှာ သူတာဝန်ယူရမှာ ဖြစ်ပါတယ်။”

ဗြိတိန်နိုင်ငံ သဘောတူညီချက်နဲ့နုတ်ထွက်မလား ဒါမှမဟုတ် သဘောတူညီချက် မပါဘဲ နုတ်ထွက်မလား ဆိုတဲ့ကိစ္စ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ EU ခေါင်းဆောင်တွေက အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။

လက်ရှိ အစိုးရကို ဖြုတ်ချမယ့်အစား EU ကနေ သဘောတူညီချက် မပါဘဲ နုတ်ထွက်မှာကို တားဆီးဖို့ ကြိုးစားမယ်လို့ ဗြိတိန် အတိုက် အခံပါတီ ၆ ခု အကြား ကတိကဝတ်ပြုခဲ့ကြအပြီး ၁ရက်အကြာမှာ ဝန်ကြီးချုပ် Johnson ရဲ့ ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ Johnson ဟာ ပါလီမန်မှာ တစ်နေရာတည်း အသာရထားတာပါ။

Brexit သဘောတူညီချက်ရဖို့ ကြိုးစားခဲ့ရာမှာ အရင် ဝန်ကြီးချုုပ် Teresa May ပါလီမန်မှာ ၃ ကြိမ်တိုင် ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် Boris Johnson ဟာ ကွန်ဆားဗေးတစ်ပါတီ ခေါင်းဆောင်နဲ့ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG