သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက်နှစ်ယောက်ကိစ္စ ဗြိတိန်ဝန်ကြီး ဒေါ်စုနဲ့ ဆွေးနွေးမည်


ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Mahmood Ali နှင့် လက်ဆွဲ နှုတ်ဆက်နေသည့် Boris Johnson (ယာ)။ ၉ ဖေဖော်ဝါရီ ၂၀၁၈။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Mahmood Ali နှင့် လက်ဆွဲ နှုတ်ဆက်နေသည့် Boris Johnson (ယာ)။ ၉ ဖေဖော်ဝါရီ ၂၀၁၈။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ ရိုက်တာသတင်းထောက်တွေဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးတို့ ဖမ်းဆီး တရားစွဲဆိုခံနေရတဲ့ကိစ္စ ပြောဆိုမယ်လို့ ပြောသွားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းကို သွားရောက်ချိန်အတွင်း ဝန်ကြီး Johnson က ရိုက်တာသတင်းဌာနကို အဲဒီ လိုပြောသွားတာပါ။ ဝန်ကြီး Johnson နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ တနင်္ဂနွေနေ့ နေပြည်တော်မှာ တွေ့ဆုံမယ်လို့ ခန့်မှန်းရပါတယ်။

ရခိုင်ပြည်နယ်မှာ ဘာတွေဖြစ်ခဲ့တယ်၊ ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ လူထုနဲ့ ကမ္ဘာကသိဖို့ သိပ်ကိုအရေးကြီးပါတယ်၊ ကမ္ဘာ့ တဝန်းက ကျနော့်လို နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ စကားပြောတဲ့အခါ ရှုပ်ထွေး ဝေဝါးမှုတွေ ရှိနေဆဲပါ၊ အခြေအနေအမှန်အတိုင်း တင်ပြတဲ့ စာနယ်ဇင်း အခန်းကဏ္ဍဟာ လုံးဝကို အရေးပါတယ်လို့ ကျနော်ယူဆပါတယ်ဆိုပြီး ဝန်ကြီး Johnson ကပြောပါတယ်။

ရိုက်တာသတင်းဌာနက နောက်ဆုံးထွက်ထားတဲ့ အထူး သတင်းဆောင်းပါးကိုလည်း သိပ်ကောင်းတဲ့ တင်ပြချက်ပဲဆိုပြီး ဝန်ကြီး Johnson က ချီးကျူးပြောဆိုပါတယ်။ ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တာဟာ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုဆိုတာ သိပ်ရှင်းပါတယ်၊ ဖြစ်ရပ်အထောက်အထားတွေကို စုဆောင်းရယူူူနိုင်ဖို့အတွက် လေ့လာသူတွေနဲ့ စောင့်ကြည့်သူတွေကို ရခိုင်ပြည်နယ်မြောက်ပိုင်း သွားခွင့်ပြုသင့်တယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဖေဖော်ဝါရီလ ၁၃ ရက် အင်္ဂါနေ့ကျရင် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi က ရခိုင်ပြည်နယ်အရေး တင်ပြ အစီရင်ခံဖို့ရှိနေချိန်မှာပဲ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟာ ဒုက္ခသည်စခန်းတွေကို သွား ရောက်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှာလည်းဖြစ်ပါတယ်။

သတင်းထောက်နှစ်ယောက်ကိစ္စ ဗြိတိန်ဝန်ကြီး ဒေါ်စုနဲ့ ဆွေးနွေးမည်
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG