ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာတွေ သူတို့ရဲ့ နေရပ်ရင်းကို ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ဖို့ အားလုံးက လိုလားကြောင်း ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး Boris Johnson က ပြောလိုက်ပါတယ်။ သူဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေပြီး ဒီကနေ့ စနေနေ့မှာတော့ မြန်မာနယ်စပ်အနီး Cox’s Bazaar က ဒုက္ခသည် စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။ ဒီအကြောင်း အေပီသတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြထားပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်း မြို့တော်ဒါကာမှာ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် SHEIKH HASINA နဲ့ရော နိုင်ငံခြားရေး ၀န်ကြီးနဲ့ ပါ သောကြာနေ့က တွေ့ဆုံခဲ့ပြီး ဒုက္ခသည်အရေး အပါအ၀င် ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက် မှုတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ ၀န်ကြီး Boris Johnson ကပြောပါတယ်။
မနက်ဖြန်မှာ Cox’s Bazaar က ဒုက္ခသည် စခန်းတွေကို သွားရောက် ကြည့်ရှုမှာဖြစ်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အတူ UK ရဲ့ လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ ပေးနေတာတွေကိုလည်း သွားကြည့်မှာပါ။ ၀န်ကြီးချုပ်နဲ့လည်း ရင်းရင်းနှီးနှီးနဲ့ အချိန်အတော်ကြာ တွေ့ဆုံခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ UK အကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီးတော့လည်း အကြောင်းအရာပေါင်းစုံ ဆွေးနွေးခဲ့ပါတယ်။
ဇန်န၀ါရီလအတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြား ဒုက္ခသည်တွေကို ပြန်လည် လက်ခံဖို့ သဘောတူညီ ခဲ့ကြပေမယ့်လည်း ရေရှည်ခိုင်မာတဲ့ ဘဝအာမခံချက်နဲ့ လုံခြုံစိတ်ချ ရတဲ့ အနေအထား ရရှိဖို့အပြင် နိုင်ငံသားအခွင့်အရေး တန်းတူညီမျှပေးမှပဲ နေရပ်ရင်းကို ပြန်လာရဲ ကြမယ်လို့ ဒုက္ခသည်တွေက ဆိုပါတယ်။ မြန်မာအစိုးရ ဘက်ကတော့ ဒုက္ခသည်အတွက် အားလုံးစီမံ ထားပြီးပြီလို့ ပြောထားပြီး မကြာသေးခင်ကလဲ နိုင်ငံတကာ သံတမန် အချို့ကို မြန်မာအစိုးရ အရာရှိတွေက ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေအတွက် ဆောက်လုပ်ထားတဲ့ စခန်းတွေကို လိုက်လံပြသ ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ကတော့ ပိုပြီး ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ ဆောင်ရွက်ဖို့ ပြောကြားပါတယ်။
နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ မြန်မာနိုင်ငံဘက်က ပြဿနာတွေနဲ့ ပတ်သက်ပြီး ဘယ်လို အဖြေရှာ နိုင်မလဲဆိုတာကို ဆွေးနွေး အဖြေရှာကြဖို့ လိုပါမယ်။ ရိုဟင်ဂျာတွေ အနေနဲ့ သူတို့နေရပ်ရင်းကို ဂုဏ်သိက္ခာရှိရှိ ဘေးကင်းလုံခြုံစွာနဲ့ ပြန်နိုင်ဖို့ အားလုံးက မြင်ချင်ပါတယ်။ အခုလေးပဲ ၀န်ကြီးချုပ်နဲ့ရော နိုင်ငံခြားရေးဝန်ကြီးနဲ့ပါ စကားပြောခဲ့ပြီး ဘင်္ဂလားဒေ့ရှ် အနေနဲ့ရော UK အနေနဲ့ပါ ဘာတွေလုပ်ဖို့ လိုမလဲ ဆိုတဲ့အပေါ် သဘောထားချင်း တိုက်ဆိုက်တဲ့ အတွက်ကြောင့်လည်း တကယ်ကို အားတက်မိပါတယ်။ ဒါပေမယ့်လည်း တကယ်လုပ်ဖို့ လိုတာကတော့ မြန်မာအစိုးရကို ဒီသဘောထားနဲ့ ပတ်သက်ပြီး အတူတကွ တိုက်တွန်း အသိပေးဖို့လို့ ထင်ပါတယ်။
ဒီကနေ့ စနေနေ့မှာတော့ ၀န်ကြီး Johson ဟာ Cox’s Bazaar က ဒုက္ခသည် စခန်းတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိတွေနဲ့အတူ သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ် သြဂုတ်လကုန်ပိုင်း ARSA အစွန်းရောက်အဖွဲ့က လုံခြုံရေးကင်းစခန်းတွေကို ၀င်ရောက်တိုက်ခိုက် ပြီးချိန်ကစလို့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်း မှုတွေအတွင်း လူ့အခွင့်အရေး ဖေါက်ဖျက် ကျူးလွန်မှုကြောင့် ဒုက္ခသည် ၇ သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံ ခဲ့ကြပါတယ်။ ဒါ့အပြင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ဒေသခံ မူစလင်တွေကို အဓမ္မပြုကျင့် သတ်ဖြတ်သလို ပစ္စည်းတွေလည်း လုယူခဲ့ကြတယ်လို့ ဒုက္ခသည်တွေက စွပ်စွဲ ပြောဆိုထားပါတယ်။