သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး ဆုတ်ယုတ်လာမှု ဗြိတိန်ထောက်ပြ


ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရားဝန်ကြီး Hugo Swire
ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရားဝန်ကြီး Hugo Swire

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေဟာ ဆုတ်ယုတ်မှုတွေရှိလာတယ်လို့ ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယ ရေးရာဝန်ကြီးက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် လာမယ့် နိုဝင်ဘာရွေးကောက်ပွဲဟာ မြန်မာ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါတဲ့ စမ်းသပ်မှုဖြစ်တယ်လို့လည်း ပြောလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ မနေ့က စတင်ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အကြိမ် ၃၀ မြောက် နှစ်ပတ်လည်အတွင်း မြန်မာအပါအဝင် တကမ္ဘာလုံးက လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရားဝန်ကြီး Hugo Swire ပြောကြားသွားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်က သမ္မတဦးသိန်းစိန် အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာတယ် ဆိုပေမယ့် ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီရေးဖော်ဆောင်ရေး အခြေအနေတွေဟာ ဆုတ်ယုတ်မှု တွေ တွေ့လာရတယ်လို့ ဗြိတိန်နိုင်ငံခြားရေး နဲ့ ဓနသဟာယရေးရားဝန်ကြီး Hugo Swire ပြောလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း ဒီမိုကရေစီကျင့်စဉ်တွေဟာ ကျဉ်းမြောင်းလာခဲ့ပါတယ်။ ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုတွေ ဆက်ပြီးရှိနေသလို အစိုးရကလည်း ခွဲခြားဆက်ဆံမှုတွေဖြစ်လာနိုင်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ် အတွင်း ကျနော်အတွက် အဆိုးဆုံးအရာတခုကတော့ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ရိုဟင်ဂျာတွေအပေါ် ဆက်ဆံနေတာတွေပဲ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့လပိုင်းအတွင်း အငြင်းပွားစရာဖြစ်နေတဲ့ မျိုးစောင့်ဥပဒေကို သမ္မတက လက်မှတ်ရေးထိုးအတည်ပြုတာအပါအဝင် ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်တွေကိုပေးထားတဲ့ ယာယီနိုင်ငံသားကတ် ပြန်ရုပ်သိမ်းတာတွေနဲ့ ရိုဟင်ဂျာလွှတ်တော်အမတ်တွေကို ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ချတာတွေရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလကျရင် ကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းလဲရေးအတွက် စမ်းသပ်မှု တခုဖြစ်တယ်လို့လည်း ဝန်ကြီး Swire က ပြောလိုက်ပါတယ်။

“နိုဝင်ဘာရွေးကောက်ပွဲတွေဟာ မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေးကို ဘယ်လောက်အထိ လိုလားသလဲဆိုတာကို အဓိကစမ်းသပ်တဲ့ အရာဖြစ်ပါလိမ့်မယ်။ ရွေးကောက်ပွဲတွေက အများလက်ခံနိုင်ဖို့၊ အားလုံးပါဝင်ဖို့၊ လွတ်လပ်စွာပြောဆိုနိုင်တဲ့ အနေအထားတွေကို ကာကွယ်စောင့်ရှောက်ပေးထားတဲ့ အခြေအနေမျိုးတွေဖြစ်ဖို့ အရေးကြီးပါတယ်။”

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့က တရားဝင်စတင်လိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလိုမျိုး ဗြိတိန်နိုင်ငံရဲ့ ထိပ်တန်းတာဝန်ရှိသူတဦးက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာ စက်တင်ဘာ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ကမ္ဘာတဝှမ်းက ဒုက္ခသည်အရေး၊ လူမှောင်ခိုကူးမှု ၊ လိင်ပိုင်းဆိုင်ရာ ကျေးကျွန်ပြုမှုတွေ နဲ့ ပတ်သက်ပြီးတော့လည်း ဗြိတိန်ဝန်ကြီးက ပြောကြားသွားပါတယ်။ ကမ္ဘာတဝှမ်းမှာဖြစ်နေတဲ့ ဒုက္ခသည်အရေးဟာ ဒေသတွင်းပြဿနာသက်သက်မဟုတ်ဘဲ တကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ပြဿနာဖြစ်နေတာကြောင့် တကမ္ဘာလုံးအတိုင်းအတာနဲ့ တုံ့ပြန်သွားဖို့လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။

ဒါ့အပြင် လူမှောင်ခိုကူးမှုတွေကွန်ရက်တွေကို တိုက်ဖျက်သွားဖို့လိုအပ်ပြီး ၊ ဒုက္ခသည်တွေအပေါ် အမြတ်ထုတ်နေတဲ့ လူမှောင်ခိုကူးတဲ့သူတွေ နဲ့ လိင်ပိုင်းဆိုင်ရာ ကျေးကျွန်ပြုမှုတွေအပေါ်ပြင်းပြင်းထန်ထန်အရေးယူသွားဖို့ ဝန်ကြီးက လူ့အခွင့်အရေးကောင်စီမှာ တင်ပြဆွေးနွေးသွားပါတယ်။

XS
SM
MD
LG