သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ခွဲထွက်မှု EU အရေးပေါ် ဆွေးနွေး


EU ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံထွက်သွားရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ဘယ်လ်ဂျီယံနိုင်ငံ Brussels မြို့တော်မှာ ၂ ရက်ကြာ ကျင်းပနေတဲ့ EU ခေါင်းဆောင်တွေရဲ့ ထိပ်သီးစည်းဝေးပွဲမှာ ဆွေးနွေးနေကြပါတယ်။ ဗြိတိန်နိုင်ငံထွက်ဖို့ ဆုံးဖြတ်ပြီးနောက်ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ရေးအတွက် EU ထဲကနေ ထွက်ဖို့ တရားဝင်လုပ်ငန်းစဉ်တွေကို စတင်ဖို့ ဗြိတိန်အပေါ် ဖိအားပေးမှုတွေလည်း ရှိနေပါတယ်။ အသေးစိတ်ကို မစုမြတ်မွန် က တင်ပြထားပါတယ်။

ဗြိတိန်နိုင်ငံက EU ဥရောပသမဂ္ဂထဲကနေ ခွဲထွက်မယ်လို့ ဆုံးဖြတ်ခဲ့ပြီးနောက် EU ရုံးချုပ်ရှိရာ ဘယ်လ်ဂျီယံနိုင်ငံ Brussels မြို့တော်မှာ အင်္ဂါနေ့တုန်းက ဒီကိစ္စကို ပထမဆုံးအကြိမ် ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။ အင်္ဂါနဲ့ ဗုဒ္ဓဟူး ၂ ရက် ကျင်းပနေတဲ့ ဥရောပကောင်စီ ထိပ်သီးစည်းဝေးပွဲမှာ လက်ရှိအဖွဲ့ဝင် ၂၈ နိုင်ငံရှိနေတဲ့ ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံ ထွက်သွားပြီးရင် ဘယ်လိုအကျိုးဆက်တွေ ရှိလာမလဲဆိုတာကို EU ခေါင်းဆောင်တွေ ဆွေးနွေးနေကြပါတယ်။ ဒီထိပ်သီးစည်းဝေးပွဲမှာ မရေရာမှုတွေ စိုးရိမ်မှုတွေကို ခံစားရတယ်လို့ ဥရောပပါလီမန်ဥက္ကဋ္ဌ Martin Schulz က သတင်းထောက်တွေကို အင်္ဂါနေ့က အခုလို ပြောကြားခဲ့ပါတယ်။

“ဒီနေ့နေ့လည်ပိုင်းမှာ ကျနော်ခံစားရတဲ့ အတွေ့အကြုံမျိုး ကျနော်တာဝန်စယူခဲ့တဲ့ အချိန်ထဲက တခါမှ မကြုံဖူးပါဘူး။ ဥရောပကောင်စီမှာ ဒီနေ့ ကျနော်ကြုံရတဲ့ အနေအထားမျိုးက ကျနော်တက်ဖူးတဲ့ အရင် ကောင်စီစည်းဝေးပွဲတွေနဲ့ တော်တော်ကို ကွာပါတယ်။ လာမယ့်သီတင်းပတ်တွေ၊ လတွေမှာ ရှေ့ကို ဘယ်လိုဆက်ပြီး သွားကြမလဲဆိုတဲ့ စိုးရိမ်မှုတွေကို ခံစားရပါတယ်။ အဖွဲ့ဝင် ၂၇ နိုင်ငံပဲ ကျန်တော့မယ့် EU ဥရောပသမဂ္ဂရဲ့ အနာဂတ်နဲ့ပတ်သက်လို့ အခြေခံကျတဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ လိုတယ်ဆိုတဲ့ အမြင်တွေလည်း ရှိနေကြပါတယ်။”

EU သမိုင်းမှာ တခါမှ မကြုံဖူးတဲ့ အဖွဲ့ဝင်နိုင်ငံတခုက ခွဲထွက်မယ်ဆိုတဲ့ ကိစ္စက EU အဖွဲ့ဝင်တွေကြား တော်တော်လေး ဂယက်ရိုက်စရာဖြစ်နေတာပါ။ ဥရောပသမဂ္ဂဥက္ကဌ Donald Tusk ကလည်း ဗုဒ္ဓဟူးနေ့ကျရင် ဗြိတိန်ဝန်ကြီးချုပ် David Cameron မပါဘဲ ကျန်တဲ့အဖွဲ့ဝင် ၂၇ နိုင်ငံနဲ့ ဗြိတိန်ခွဲထွက်မယ့်ကိစ္စကို ဆွေးနွေးမယ်လု့ိ ပြောကြားခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံတခု လျော့သွားပြီး ပြုပြင်ပြောင်းလဲဖို့ လိုတဲ့ကိစ္စတွေကို စတင်ဆွေးနွေးဖို့ လိုပြီလို့ Mr. Tusk က ဆိုခဲ့ပါတယ်။ EU ထဲမှာ ဆက်ရှိနေရေးကို လိုလားတဲ့ ဗြိတိန်ဝန်ကြီးချုပ်က ခွဲထွက်ရေးကိစ္စတွေကို သူ့နေရာမှာ ဆက်ခံမယ့် ဝန်ကြီးချုပ်သစ်နဲ့ အစိုးရသစ်က ဆက်လုပ်ရမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ်သစ် တက်လာဖို့များတဲ့ စက်တင်ဘာလမတိုင်ခင် EU ထဲကနေ ခွဲထွက်ရေး တရားဝင် လုပ်ငန်းစဉ်တွေကို ဗြိတိန်ဘက်က စမယ့်ပုံ မပေါ်ပါဘူး။ ဒီလိုအခြေအနေမှာ EU ခေါင်းဆောင်တွေဘက်ကတော့ အဖွဲ့ဝင်စာချုပ် အပိုဒ်ခွဲ ၅၀ မှာပါတဲ့အတိုင်း အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်မယ်ဆိုတဲ့ တရားဝင်အကြောင်းကြားမှုကို လုပ်ဖို့ ဝန်ကြီးချုပ် David Cameron ကို ပြောကြားခဲ့ကြပါတယ်။

“ကျနော် အပါအဝင် အားလုံးက ယူကေကို EU ထဲမှာ တင်းပြည့် အဖွဲ့ဝင်အဖြစ် ဆက်ပြီး ရှိနေစေချင်တာပေါ့ဗျာ။ ဒါပေမဲ့ ဒီမိုကရေစီနည်းကျ အများဆုံးဖြတ်တဲ့ သဘောအတိုင်းဆိုတော့ ဘာမှပြောလို့ မရပါဘူး။ ကျနော်တို့ဘက်ကတော့ သိပ်အကြာကြီး မစောင့်သင့်ပါဘူး။ ဈေးကွက်တွေ ကမောက်ကမဖြစ်နေတယ်။ အင်အားကြီး G-7 နိုင်ငံတခုရဲ့ စီးပွားရေးကြံ့ခိုင်မှု အဆင့်ကို အကြွေးအဆင့် သတ်မှတ်တဲ့ အေဂျင်စီတွေဘက်က အဆင့်လျှော့ချခဲ့ကြတယ်။ အဲဒါတွေကိုကြည့်ရင် ညှိနှိုင်းမှုတွေ စဖို့ သိပ်အကြာကြီး မစောင့်သင့်ပါဘူး။”

ဗြိတိန်ခွဲထွက်မယ့်အကြောင်း EU ခေါင်းဆောင်တွေကို ရှင်းပြနေရတဲ့ ဝန်ကြီးချုပ် David Cameron ကတော့ ဗြိတိန်နိုင်ငံ ခွဲထွက်ရေးလုပ်ငန်းစဉ်တွေကို အထိရောက်ဆုံးဖြစ်အောင် လုပ်ဖို့ မျှော်လင့်တယ်လို့ ဥရောပကောင်စီ ထိပ်သီးစည်းဝေးပွဲ မစခင်မှာ ပြောကြားခဲ့ပါတယ်။ တချိန်ထဲမှာပဲ ဗြိတိန်အနေနဲ့ EU ကို ကြောမခိုင်းလိုက်သင့်ဘူးလို့ ဆိုပါတယ်။

“ဥရောပသမဂ္ဂထဲကနေ ထွက်လို့ ဥရောပကို ကျနော်တို့ ကြောခိုင်းလိုက်လို့ မရပါဘူး။ ဒီနိုင်ငံတွေက ကျနော်တို့ရဲ့ အိမ်နီးချင်း၊ မိတ်ဆွေ၊ မဟာမိတ်၊ မိတ်ဖက် နိုင်ငံတွေဖြစ်ကြပါတယ်။ ကုန်သွယ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ လုံခြုံရေးကိစ္စတွေမှာ အတတ်နိုင်ငံဆုံး နီးနီးကပ်ကပ် ဆက်ဆံ ဆောင်ရွက်သွားလိမ့်မယ်လို့ ကျနော် သိပ်ကို မျှော်လင့်ပါတယ်။ အဲဒီလိုလုပ်ချင်းဖြင့် ကျနော်တို့အတွက် အကျိုးရှိသလို သူတို့အတွက်လည်း အကျိုးရှိပါတယ်။”

အင်္ဂါနေ့ အစောပိုင်းတုန်းကတော့ ဥရောပပါလီမန်မှာ ဗြိတိန်ခွဲထွက်မယ့် ကိစ္စတွေကို အခြေအတင် ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ အပြန်အလှန် ဆွေးနွေးမှုတွေအတွင်း ဗြိတိန်နိုင်ငံက ခွဲထွက်သွားမယ့်အပေါ် မကျေနပ်မှုတွေ၊ မယုံကြည်မှုတွေ ရှိနေကြတယ်ဆိုတာ ပေါ်လွင်နေပါတယ်။ ဒီလိုအခြေအနေတွေကြားမှာပဲ ဆန္ဒခံယူပွဲ ဆုံးဖြတ်ချက်ကြေင့် ဗြိတိန်နိုင်ငံ EU ထဲကနေ ခွဲထွက်မှာကို ကန့်ကွက်သူ ထောင်နဲ့ချီဟာ လန်ဒန်မြို့လယ်က Trafalgar Square ရင်ပြင်နဲ့ ပါလီမန် အဆောက်အဦးရှေ့တွေမှာ အင်္ဂါနေ့က ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတကာ ငွေကြေးဈေးကွက်တွေမှာတော့ အစုရှယ်ယာဈေးတွေ အင်္ဂါနေ့က အနည်းငယ် ပြန်တက်ခဲ့သလို စတာလင်ပေါင်ဈေးဟာလဲ ဒဿမ ၄% လောက် တက်ခဲ့ပါတယ်။ ဝန်ကြီးချုပ် David Cameron နေရာမှာ ဆက်ဆံမယ့်သူ ရွေးချယ်မှုတွေကို ဇွန်လ ၂၉ ရက် ဗုဒ္ဓဟူးနေ့မှာ စတင်မှာဖြစ်ပြီး စက်တင်ဘာလ ၉ ရက် နောက်ဆုံးထား ရွေးချယ်ကြေညာနိုင်မယ်လို့ မျှော်လင့်ရပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG