သုံးရလွယ်ကူစေသည့် Link များ

ဒီကနေ့မှာ ဗြိတိန်နိုင်ငံအနေနဲ့ EU ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ်ကနေ ခွဲထွက်ရေး - မထွက်ရေးအပေါ် ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲ ကျင်းပမှာဖြစ်တဲ့ အတွက် တကမ္ဘာလုံးက စိတ်ဝင်စားနေကြပါတယ်။ ကြိုတင်ကောက်ယူထားတဲ့ လူထုစစ်တမ်းတွေမှာတော့ - ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေကြား ဘယ်ဘက်က နိုင်မယ်ဆိုတာ အတတ်မပြောနိုင်ဘူး ဖြစ်နေတာပါ။ ဒါကြောင့်လည်း နောက်ဆုံးအချိန်ထိကို အကြိတ်အနယ် မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်နေကြပြီး - ဗြိတိန်ရောက် မြန်မာတွေကြားမှာလည်းပဲ အမြင်တွေ အမျိုးမျိုး ကွဲပြားနေတဲ့အကြောင်း - အသေးစိတ်ကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

အဖွဲ့ဝင် ၂၈ နိုင်ငံရှိတဲ့ EU ထဲကနေ ဗြိတိန်နိုင်ငံ ခွဲထွက်ရေး - မထွက်ရေး ကို - နောက်ထပ် နာရီအနည်းငယ်အကြာမှာပဲ ၄၅ သန်းကျော်တဲ့ ဗြိတိန်ပြည်သူတွေ မဲပေးကြတော့မှာပါ။ ဗြိတိန်အနေနဲ့ EU ထဲမှာပဲ ဆက်ရှိသင့်တယ်လို့ ထောက်ခံသူ ဗြိတိန်ပါလီမန်အမတ် Jo Cox အသတ်ခံရပြီး တပတ်အကြာ ဒီကနေ့မှာပဲ ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကို ကျင်းပတာ ဖြစ်ပါတယ်။ “Brexit” လို့ အတိုကောက်ခေါ်ကြတဲ့ ဒီအသုံးအနှုန်းဟာ ဗြိတိန်ရဲ့အမည် ရှေ့စာလုံး ၂ လုံးဖြစ်တဲ့ Br နဲ့ ထွက်ပေါက်လို့ အဓိပ္ပါယ်ရတဲ့ “exit” တို့ ပေါင်းစပ်ထားတာဖြစ်ပြီး - အရင်က ဂရိနိုင်ငံ EU အဖွဲ့ဝင်အဖြစ်က ထွက်တော့မယ် အလားအလာတွေ ကြုံရချိန်မှာ ဂရီဇစ် “Grexit” ကို အတုယူပြီး သုံးနှုန်းထားတာ ဖြစ်ပါတယ်။ အခုလို ဗြိတိန်အနေနဲ့ EU ကနေ ခွဲထွက်သင့် - မသင့် တင်းတင်းမာမာ ငြင်းခုန်စရာ ဖြစ်လာတဲ့ အဓိက အကြောင်းရင်းတွေထဲက ၂ ခုကတော့ စီးပွားရေးနဲ့ ရွှေ့ပြောင်းအခြေချမှု ကိစ္စပါ။

၁၉၇၃ ခုနှစ်ကစပြီး EU အဖွဲ့ဝင်ဖြစ်လာခဲ့တဲ့ ဗြိတိန်နိုင်ငံအနေနဲ့ ခွဲထွက်ရေး - မထွက်ရေး ဆုံးဖြတ်ချက်တခုက တခြား EU အဖွဲ့ဝင် နိုင်ငံတွေနဲ့ ဆက်ဆံနေရတဲ့ ဗြိတိန်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအပေါ်မှာ အကြီးအကျယ် သက်ရောက်မှုရှိစေမှာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် David Cameron ကတော့ - EU အဖွဲ့ဝင်အဖြစ် ဆက်ရှိရေး မဲပေးကြဖို့ မဲဆွယ်စည်းရုံးရေး နောက်ဆုံးအချိန်ထိ လူထုကို ဆော်သြခဲ့တာပါ။

“တူရကီကိစ္စပဲဖြစ်ဖြစ်၊ ဥရောပက တပ်တွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ခင်ဗျားတို့ ကြားနေရတဲ့ ကိစ္စတွေကြောင့်တော့ မဲမထည့်ကြပါနဲ့။ ဒါတွေဟာ အဓိပါယ်လည်းမရှိ၊ ဖြစ်လာမှာလည်း မဟုတ်ပါဘူး။ ဒါဟာ နောက်ကြောင်းပြန်လှည့်လို့ မရတဲ့၊ ကျနော်တို့တိုင်းပြည်၊ ကျနော်တို့ စီးပွားရေးနဲ့ မိသားစုတွေ အနာဂတ်အတွက် ဆန္ဒခံယူပွဲပါ။”

ဗြိတိန်နိုင်ငံရဲ့ အဓိက နိုင်ငံရေးပါတီကြီး ၂ ခုဖြစ်တဲ့ လက်ရှိ အာဏာရ ကွန်ဆာဗေးတစ်ပါတီနဲ့ အတိုက်အခံ လေဘာပါတီ တို့က ခေါင်းဆောင်တွေကတော့ အဖွဲ့ဝင်အဖြစ် ဆက်ရှိရေး ထောက်ခံကြပေမဲ့ - ပါတီဝင်တွေကြားမှာတော့ သဘောထားအမျိုးမျိုး ထွက်ပေါ်နေတာပါ။ လေဘာပါတီရဲ့ လက်ဝဲ၀ါဒီ ခေါင်းဆောင် Jeremy Corbyn ကတော့ -

“ကိုယ့်ပြည်သူတွေအတွက် အကောင်းဆုံး လုပ်ဆောင်ကြပါ။ အလုပ်အကိုင်တွေအတွက်၊ လုပ်ငန်းခွင် အခွင့်အရေးအတွက်၊ အမျိုးသားကျန်းမာရေး ၀န်ဆောင်မှုအတွက်၊ EU အဖွဲ့ဝင်အဖြစ် ဆက်နေဖို့ မဲပေးကြပါ။”

လန်ဒန်မြို့တော်ဝန် Boris Johnson ကတော့ - ခွဲထွက်ရေးကို ထောက်ခံနေပေမဲ့လည်း - သူ့ဖခင် Stanley ကိုယ်တိုင်က ဆက်ရှိရေးကို လက်ခံတာကြောင့် မိသားစုထဲမှာတင် မညီညွတ်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ကြိုတင်ကောက်ယူထားတဲ့ လူထုစစ်တမ်းတွေမှာတော့ - ခွဲထွက်ရေး - မထွက်ရေး ပြိုင်ဘက် အုပ်စု ၂ ခုကြား အားပြိုင်မှုမှာ ဘယ်ဘက်က အနိုင်ရမယ်ဆိုတာ အခုထိ အတတ်မပြောနိုင်သေးပါဘူး။ သဘောထား ဆန္ဒတွေ အမျိုးမျိုးရှိနေတဲ့အထဲမှာ ဗြိတိန်ရောက် မြန်မာတွေလည်း ပါဝင်ကြပါမယ်။ ဗြိတိန်မှာ ၁၅ နှစ်ကြာ နေထိုင်လာပြီး ဒီကနေ့ မဲသွားပေးမယ့် မတူးမာ ကတော့ - ခွဲထွက်ရေးကို ထောက်ခံသူပါ။

“တွဲရေးလုပ်မလား၊ ခွဲရေးလုပ်မလား အငြင်းပွားမယ်ဆိုရင်တော့ ကောင်းတာနဲ့ ဆိုးတာတွေကတော့ နှစ်ကဘက်စလုံးမှာ အများကြီး ရှိနေတယ်။ ဒါပေမဲ့ ကျမရဲ့အမြင်ကတော့ we don’t need to be afraid for being our own boss ပေါ့။ ဗမာလိုပြောရရင်တော့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ပေါ့။ EU Law နဲ့ ဆက်နွယ်ပြီးတော့ ကိုယ့်မှာလုပ်ပိုင်ခွင့်မရတာတွေ အများကြီးရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ကိုယ့်ဟာကိုယ် စီမံပိုင်ခွင့်ရတာ ပိုကောင်းမယ်လို့ ထင်လို့ ကျမကတော့ vote out လုပ်မှာပေါ့လေ။ ကျမသိသလောက်တော့ မြန်မာလူမျိုးထဲမှာလည်း အသိထဲကပြောမယ်ဆိုရင် မြန်မာတွေထဲမှာ vote in လုပ်ချင်တဲ့သူတွေ ပိုများမယ်လို့ ထင်တယ်။”

ဒါပေမဲ့လည်း ဆက်ရှိရေးကို လိုလားသူ ဗြိတိန်ရောက် ဒေါက်တာ သက်ကိုကို ကတော့ သူ့အမြင်ကို အခုလို ပြောခဲ့ပါတယ်။

“ကျနော်ကတော့ U.K. နိုင်ငံအနေနဲ့ EU ထဲမှာရှိတာ ပိုကောင်းမယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ အဓိကကတော့ ကမ္ဘာကြီးဆိုတာကလည်း အားလုံးက ပြည်ထောင်စုကြီးပဲပေါ့နော်။ အားလုံး ပူးပေါင်းဆောင်ရွက်တာက အကောင်းဆုံးလို့ ကျနော်က ယူဆတယ်။ အဲဒီအတွက်ကြောင့်မို့ United Kingdom ဆိုတာလည်း နဂိုကတည်းက အင်္ဂလန်တခုတည်းမဟုတ်ဘူး။ အင်္ဂလန်ရယ်၊ စကော့တလန်ရယ်၊ ဝေလရယ်၊ အိုင်ယာလန်ရယ် ပေါင်းမှ United Kingdom ဖြစ်သလိုပဲ EU ဆိုတာကလည်း ဥရောပမှာရှိတဲ့ နိုင်ငံတွေအားလုံးပေါင်းမှ EU ဆိုတာ ခေါ်လို့ ပိုပြီးတော့ ကိုက်ညီပါလိမ့်မယ်။ ပြီးရင် ဥရောပမှာရှိတဲ့ နိုင်ငံတွေအားလုံး ပူးပေါင်းဆောင်ရွက်မှ ကမ္ဘာကြီး ငြိမ်းချမ်းပြီးတော့ စီးပွားရေးတွေလည်း ပိုပြီး တိုးတက်မယ်လို့ ယူဆပါတယ်။”

အလားတူ ဗြိတိန်မဟာမိတ် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကြားမှာလည်း သဘောထားအမျိုးမျိုးရှိနေပြီး - လူထုစစ်တမ်းတွေမှာတော့ ဥရောပတိုက်သား အများစုက ဗြိတိန်ခွဲထွက်ရေးကို မလိုလားကြပါဘူး။ ပြင်သစ်သမ္မတ Francois Hollande ကလည်း လူထုဆန္ဒခံယူပွဲဟာ ဗြိတိန်အတွက်သာမက EU အနာဂတ်အတွက်ပါ အရေးကြီးတဲ့အကြောင်းနဲ့ အဖွဲ့ဝင်အဖြစ်က ထွက်မယ်ဆိုရင် နောက်ကြောင်းပြန်လှည့်လို့ မရနိုင်ဘူးလို့လည်း သတိပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ပြင်သစ်နိုင်ငံက လက်ယာစွန်း အမျိုးသားတပ်ဦး ပါတီလို၊ ဥရောပက အမျိုးသားရေးဝါဒီ နိုင်ငံရေးပါတီတွေကတော့ ဗြိတိန်ရဲ့ ခွဲထွက်ရေး အစီအစဉ်ကို အားပေးနေကြပါတယ်။

အခုလို ဥရောပရဲ့ အနာဂတ်အတွက်ရော၊ ဗြိတိန်နိုင်ငံရဲ့ အနာဂတ်အတွက်ပါ အရေးပါတဲ့ ပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲအတွက် မဲရုံတွေကတော့ လန်ဒန်စံတော်ချိန် ညနေ ၅ နာရီမှာ ပိတ်မှာဖြစ်ပြီး၊ မြန်မာစံတော်ချိန်ဆိုရင် ည ၁၀ နာရီခွဲ ဖြစ်ပါတယ်။ ဆန္ဒခံယူပွဲကနေ ထွက်လာမယ့် မဲရလဒ်ကိုတော့ နိုင်ငံတကာစီးပွားရေးဈေးကွက်တွေနဲ့ တကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်ရှင်။

XS
SM
MD
LG