သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်နုတ်ထွက်ရေး အချိန်နောက်ဆုတ်ပေးဖို့ EU သဘောတူ


ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk (ဝဲ) နဲ့ ဝန်ကြီးချုပ် Boris Johnson
ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk (ဝဲ) နဲ့ ဝန်ကြီးချုပ် Boris Johnson

(Zawgyi/Unicode)

EU ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ဖို့ ရက်ပိုင်းပဲလိုတော့ချိန်မှာ နှုတ်ထွက်ရက်ကို ရှေ့နှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ နောက်ဆုတ်ပေးဖု့ိ EU ဘက်ကသဘောတူတယ်လို့ ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk ကပြောကြားလိုက်ပါတယ်။

ဗြိတိန်ဘက်က တောင်းဆိုထားတဲ့အတိုင်း ပြင်နိုင်ပြောင်းနိုင်တဲ့ နုတ်ထွက်ရက်အနေနဲ့ နောက်ဆုတ်ပေးမယ့်အကြောင်းနဲ့ သဘောတူကြောင်း တရားဝင် စာရေးသား ထုတ်ပြန်မယ့်အကြောင်း EU ကောင်စီဥက္ကဋ္ဌက Twitter ပေါ်မှာ ရေးသား ကြေညာခဲ့ပါတယ်။

ရှေ့နှစ် ဇန်နဝါရီ လကုန်အထိ နုတ်ထွက်ရက်ကို နောက်ဆုတ်ပေးဖို့ တကယ်လို့ နုတ်ထွက်ရေး သဘောတူညီချက်တွေကို ဗြိတိန်ပါလီမာန်မှာ ဒီထက်စောပြီး အတည်ပြုနိုင်မယ်ဆိုရင် စောပြီးနုတ်ထွက်ဖို့ ဗြိတိန်က တောင်းဆိုထားတာ ဖြစ်ပါတယ်။ EU ဘက်က သဘောမတူခဲ့ရင်တော့ နောက် ၃ ရက်ဖြစ်တဲ့ အောက်တိုဘာ ၃၁ ရက်မှာ နုတ်ထွက်ရတော့မှာပါ။

အဲလိုဆိုရင်တော့ ဗြိတိန်အစိုးရနဲ့ EU ကြားရရှိထားတဲ့ သဘောတူညီချက်တွေကို ဗြိတိန်ပါလီမာန်မှာ အတည်မပြုနိုင်သေးတဲ့အတွက် ဘာသဘောတူချက်မှ မရှိဘဲ နုတ်ထွက်ရတဲ့ အခြေအနေမျိုး ဖြစ်သွားပါလိမ့်မယ်။

EU နိုင်ငံက သံအမတ်ကြီးတွေ Brussels မှာ ဒီကနေ့ ဆွေးနွေးခဲ့ကြပြီး နောက်ဆုတ်ပေးဖို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။ အခုလို ဗြိတိန်နုတ်ထွက်ရက်ကို EU ဘက်က နောက်ဆုတ်ပေးခဲ့တာဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ ဗြိတိန်မှာ အထွေထွေရွေးကောက်ပွဲကို စောပြီး ဒီဇင်ဘာ ၁၂ ရက်ကျင်းပဖို့ ဝန်ကြီးချုပ် Boris Johnson က အဆိုပြုထားတဲ့အတွက် ဒီအဆိုကို အတည်ပြု မပြု လွှတ်တော်အမတ်တွေ မဲခွဲကြဖို့ရှိနေပါတယ်။

ဗြိတိန်ပါလီမာန်မှာ လွှတ်တော်အမတ် ၃ ပုံ ၂ ပုံရဲ့ အတည်ပြုချက်ရရင်တော့ အထွေထွေရွေးကောက်ပွဲကို အချိန်စောပြီးကျင်းပနိုင်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG