သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်တူစုံမက်သူတွေကို သေဒဏ်ပြစ်မိန့် ဘရူနိုင်း ပယ်ဖျက်


Brunei နိုင်ငံ Sultan ဘုရင် Hassanal Bolkiah (အောက်တိုဘာ၊ ၁၈၊ ၂၀၁၈)
Brunei နိုင်ငံ Sultan ဘုရင် Hassanal Bolkiah (အောက်တိုဘာ၊ ၁၈၊ ၂၀၁၈)

Brunei နိုင်ငံမှာ လိင်တူစုံမက်သူတွေကို သေဒဏ်ပေးတဲ့ ဥပဒေကို ကျင့်သုံးတော့မှာ မဟုတ်ဘူးလို့ Sultan ဘုရင် Hassanal Bolkiah က ကြေညာခဲ့ပါတယ်။ အမျိုးသားချင်း လိင်တူစုံမက်သူတွေ၊ အိမ်ထောင်ရေးဖောက်ပြားသူတွေနဲ့ မုဒိမ်းမှုကျူးလွန်သူတွေကို ခဲနဲ့ပေါက်သတ်တဲ့ ဥပဒေအပါအဝင် ပိုပြီးတင်းကြပ်တဲ့ ဥပဒေသစ်တွေ ကျင့်သုံးမယ်လို့ ဧပြီလ ကြေညာခဲ့ပြီးနောက် နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုကို Brunei နိုင်ငံအကြီးအကျယ် ရင်ဆိုင်ခဲ့ရတာပါ။

တနင်္ဂနွေနေ့ကတော့ သေဒဏ်ပေးတာကို တရားဝင် ဆက်လက်ဆိုင်းငံ့ထားမှာဖြစ်သလို ကုလသမဂ္ဂရဲ့ ညှင်းပမ်းနှိပ်စက်မှုတားဆီးရေး နိုင်ငံတကာ သဘောတူညီချက်မှာ လက်မှတ်ထိုးမယ်လို့ ဘုရင် Hassanal Bolkiah ကကြေညာခဲ့ပါတယ်။

SPCO ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ပါတ်သက်လို့ မေးခွန်းထုတ်စရာတွေ၊ သဘောပေါက် မှားတာတွေဖြစ်တယ်ဆိုတာကို သူ့အနေနဲ့ နားလည်ပါတယ်လို့ ရုပ်မြင်သံကြားပေါ်ကနေ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ဘုရင်က ပြောကြားသွားပါတယ်။

တခြားသူတွေအပေါ် ရက်စက်ရာရောက်တဲ့ ဥပဒေမျိုး အလာအရှင်မြတ်က ဘယ်တော့မှ ကျင့်သုံးမှာ မဟုတ်ဘူးလို့လည်း ပြောကြားသွားပါတယ်။ Brunei နိုင်ငံမှာ ကြိုတင်ကြံစည်ထားတဲ့ လူသတ်မှု၊ မူးယစ်ဆေး မှောင်ခိုကူးမှုတို့လို ပြစ်မှုတချို့အပေါ် သေဒဏ်ချမှတ်ပေမဲ့ ၁၉၅၇ ခုနှစ်ထဲက သေဒဏ်ချခံရသူတွေကို ကွပ်မျက်ခဲ့ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့လတုန်းကတော့ လိင်တူချစ်သူ အမျိုးသားတွေကို သေဒဏ်ပေးမယ့်ဥပဒေ ပြဌာန်းခဲ့တဲ့အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုခံခဲ့ရသလို Hollywood က နာမည်ကြီးမင်းသား George Clooney၊ ကမ္ဘာကျော်အဆိုတော် Elton John တို့လို အကျော်အမော်တွေက နိုင်ငံစုံမှာရှိနေတဲ့ Sultan တော်ဝင်မိသားစုပိုင် ဟိုတယ်ကြီး ၉ ခုမှာ မတည်းဘဲ သပိတ်မှောက်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။

အဲဒီထဲမှာ Los Angeles က Beverley Hills ဟိုတယ်၊ လန်ဒန်က Dorchester ဟိုတယ်တွေ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG