သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုဒ္ဓဂါယာတိုက်ခိုက်မှု ဒဏ်ရာရသံဃာ အခြေအနေကောင်းမွန်


အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ မြန်မာစာသင်သား သံဃာတော်ဟာ ဒီကနေ့မှာတော့ ရရှိထားတဲ့ ဒဏ်ရာတွေကနေ အတော်လေး သက်သာလာပြီဖြစ်ပြီး နောက်နောင်မှာ အလားတူ အကြမ်းဖက်တိုက်ခိုက် တာတွေ မဖြစ်စေဖို့ ဆန္ဒပြုကြောင်း မိန့်ကြားပါတယ်။ လောလောဆယ်မှာတော့ အိန္ဒိယနိုင်ငံ Bihar ပြည်နယ်က ဂါယာမြို့အပါအဝင် ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ နေရာတွေအားလုံးကို လုံခြုံရေး တိုးမြှင့်ချထားပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော် က ဆက်သွယ်မေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

ဒီလ ၇ ရက်နေ့က ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ မဟာဗောဓိ ဘုရားဝင်းအတွင်း ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ မြန်မာစာသင်သား သံဃာတော်ကတော့ အရှင် ဦးဝိလာသ သဂ္ဂ ဖြစ်ပါတယ်။ အရှင် ဦးဝိလာသ သဂ္ဂဟာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုတက္ကသိုလ်မှာ မဟာဝိဇာဘွဲ့ရခဲ့ပြီး၊ အိန္ဒိယနိုင်ငံမှာ ပါရဂူဘွဲ့ ယူဖို့အတွက် ဝင်ခွင့်စာမေးပွဲဖြေဖို့ ရောက်နေစဉ် အခုလို ထိခိုက်ဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ အရှင်ဦးဝိလာသ သဂ္ဂဟာ အိန္ဒိယနိုင်ငံ ဂါယာမြို့က မဂဓ ဆေးရုံမှာ အရေးပေါ်လူနာအဖြစ် ဆေးကုသခံယူနေပြီး ဒီကနေ့မှာတော့ ရရှိထားတဲ့ ဒဏ်ရာတွေဟာ သက်သာလာပြီလို့ ဗွီအိုအေကို အခုလို မိန့်ကြားပါတယ်။

“အခု ဦးဇင်း ဟို မာဂဓပေါ်မှာပဲ။ သက်သာပါတယ် ဒကာကြီး ဦးဇင်း ဒီညာဘက်လက်ရယ်၊ ဘယ်ဘက်လက်ရယ်၊ ရင်ဘတ်ရယ်ပေ့ါနော်၊ မျက်နှာရယ် ခွဲစိတ်မှုကိုတော့ မလုပ်သေးဘူးပေါ့နော်။ လိုရင် လုပ်လို့တော့ ပြောတာပဲလေ။”

တနင်္ဂနွေနေ့က ဗုံးတွေ ဆက်တိုက် ပေါက်ကွဲမှုဟာ ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ UNESCO ကနေ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် တစ်ခုအဖြစ် သတ်မှတ်ထားတဲ့ အိန္ဒိယနိုင်ငံ Bihar ပြည်နယ် ဗုဒ္ဓဂါယာမှာရှိတဲ့ မဟာဗောဓိ ကျောင်းတော်အတွင်းမှာ ဗုံး ၄ လုံး အပါအဝင် စုစုပေါင်း ဗုံး ၁၀ လုံး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါး၊ တိဘက်ဘုန်းတော်ကြီး တစ်ပါးနဲ့ အရပ်သားတစ်ယောက် ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဆေးကုသခံနေရတဲ့ အရှင် ဦးဝိလာသ သဂ္ဂကတော့ အလားတူ အကြမ်းဖက် တိုက်ခိုက်တာတွေ မဖြစ်စေလိုကြောင်း အခုလို မိန့်ကြားပါတယ်။

“ဒါမျိုးဖြစ်သွားတယ်ဆိုတော့ အံ့တော့ အံ့သြတယ်။ ဒါပေမဲ့လည်း ဦးဇင်းအနေ နဲ့က ကိုယ် အရင်က ပြုခဲ့တဲ့ မကောင်းမှုကံကြောင့်လို့ပဲ ဦးဇင်းအနေနဲ့ ခံစားရပါတယ်။ ဦးဇင်း ဘာမှတော့ အပြစ်မပြောချင်ပါဘူး။ ဦးဇင်းအနေနဲ့ ကတော့ နောက်နောင်ကို ဒါမျိုး မဖြစ်စေချင်ဘူးပေါ့ဗျာ။ ဦးဇင်းကို သာဓကထားပြီးတော့ နောက်နောင် ဒါမျိုး အကြမ်းဖက် တိုက်ခိုက်မှုတွေ နောက်နောင် မပေါ်ပေါက်ပါစေနဲ့လို့ ဦဇင်းအနေနဲ့ ဆုတောင်းပေးလိုက်ပါတယ်။”

ဒီကနေ့ မနက်ပိုင်းကတော့ ကလကတ္တားမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ရုံးက တာဝန်ရှိသူတဦး လာရောက်ပြီး ဦးဝိလာသ သဂ္ဂကို ကြည့်ရှုအားပေးခဲ့သလို အိန္ဒိယနိုင်ငံသုံး ရူပီးငွေ ၁ သောင်းကိုလည်း ကပ်လှူခဲ့ပါတယ် ။

လောလောဆယ်မှာတော့ Bihar ပြည်နယ် ဗုဒ္ဓဂါယာဒေသမှာသာမက အခြား ဗုဒ္ဓဘာသာဝင်တွေ အလေးအမြတ်ထားရာ နေရာတိုင်းကိုလည်း လုံခြုံရေးကို တင်းကျပ်ထားတယ်လို့ အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင် မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ရဲ့ ဒုဥက္ကဌဖြစ်သူ ဦးပညာစက္က က မိန့်ပါတယ်။

“လုံခြုံရေးတွေကတော့ လမ်းတွေမှာလည်း ချတယ်။ လမ်းဆုံလမ်းခွတွေပေါ့နော်။ နောက်တခါ မသင်္ကာဘူးဆိုရင် စစ်တယ်။ ကားတွေကို။ နောက်တခါ စစ်တပ်လည်း ချထားတယ်။ ရဲကတော့ တနေကုန်ပဲ ဘုရားနားမှာပေါ့။ လုံခြုံရေးတွေ အပြည့်ပေါ့ဗျာ။ ထူးခြားတဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ နေရာတွေပေါ့ အိန္ဒိယမှာရှိတဲ့ နေရာတွေ အကုန်လုံးကိုပေ့ါ လုံခြုံရေးတွေ အပြည့် ချပေးထားတယ်လေ။ မာဂဓမှာဆိုရင်လည်း ရဲတွေရော၊ ထောက်လှမ်းရေးတွေရော၊ စစ်တပ်တွေရော ချပေးထားတယ်တဲ့။ မာဂဓ အ၀ - အဝင်အထွက်တွေမှာလည်း လုံခြုံရေးတွေ စစ်တယ်။ အခုက မာဂဓ ကို သွားမယ်ဆိုရင် လမ်းမှာ သုံးခါလောက် အစစ်ခံရမယ်တဲ့။”

ဦးပညာစက္ကဟာ အခုအခါ ဆေးကုသမှု ခံယူနေတဲ့ အရှင် ဦးဝိလာသ သဂ္ဂကို စောင့်ရှောက်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နေ့ကတော့ အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဌာန အတွင်းဝန် မစ္စတာ ရာဂျန် မာသီး (Ranjan Mathai) ဟာ နေပြည်တော်ကို သွားရောက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲတွေအတွင်း အိန္ဒိယနိုင်ငံအနေနဲ့ ဗုဒ္ဓဂါယာဒေသရဲ့ လုံခြုံရေးကို အာမခံသလို၊ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကိုလည်း မြန်မာအစိုးရကို အသိပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ထိခိုက်ခဲ့တဲ့ သံဃာတော်ကိုလည်း စောင့်ရှောက်နေတဲ့အကြောင်း ဦးဝဏ္ဏမောင်လွင်ကို ပြောကြားခဲ့ပါတယ်။

ဗုံးပေါက်ကွဲတဲ့ဖြစ်ရပ်အတွက် ဒေါ်အောင်ဆန်းစုကြည်က အထူး တုန်လှုပ်မိတယ်လို့ ပြောဆိုကြောင်း အိန္ဒိယနိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဗုဒ္ဓဂါယာကို ငြိမ်းချမ်းတဲ့ ဘုရားဖူးဒေသအဖြစ် ဆက်ရှိသွားမှာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာန အတွင်းဝန်က အာမခံပြောဆိုကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။

ဒီဗုံးခွဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့တော့ မသင်္ကာသူတဦးကို ဖမ်းဆီးထား တယ်လို့လည်း အိန္ဒိယအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG