သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

‘ထာဝရအလင်းတန်း’ ရုပ်ရှင် အကယ်ဒမီ ၈ ဆုရ


၂၀၁၁ ခုနှစ်အတွက် အကောင်းအဆုံး အမျိုးသမီး အကယ်ဒမီ ဆုရှင် မယ်လိုဒီ။ (ဒီဇင်ဘာလ ၃၀၊ ၂၀၁၂)။
၂၀၁၁ ခုနှစ်အတွက် အကောင်းအဆုံး အမျိုးသမီး အကယ်ဒမီ ဆုရှင် မယ်လိုဒီ။ (ဒီဇင်ဘာလ ၃၀၊ ၂၀၁၂)။
လောလောလတ်လတ် ကျင်းပခဲ့တဲ့ ၂၀၁၁ ခုနှစ် အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲမှာတော့ တနှစ်လုံး အတွက် မြန်မာရုပ်ရှင်ကားကြီး ၁၅ ကား ရှိတဲ့ အထဲကနေ အကယ်ဒမီ ဆုတွေ ရွေးချယ် ပေးအပ်ခဲ့ပါပြီ။ ဒီအခြေအနေမှာ မြန်မာ့ ရုပ်ရှင် အဆင့်အတန်း၊ အခြေအနေနဲ့ အကယ်ဒမီ ဆုရွေးချယ်မှုကရော လွတ်လပ်မှု ရှိခဲ့ပါသလား ဆိုတာကို မသိင်္ဂီထိုက်က စုစည်း တင်ပြထားပါတယ်။

၂၀၁၁ ခုနှစ် အတွက် မြန်မာ့ ရုပ်ရှပ် အကယ်ဒမီ ဆုတွေကိုတော့ အကောင်းဆုံး ရုပ်ရှင်ဆု ‘ထာရဝရ အလင်းတန်း’ က ရရှိသွားပြီး ဒီဇာတ်ကားကပဲ အမျိုးသား ဇာတ်ဆောင်ဆု နောင်နောင်၊ အမျိုးသမီး ဇာတ်ဆောင်ဆု မယ်လိုဒီ၊ ဒါရိုက်တာဆု ထွန်းအောင်ဇော်၊ တည်းဖြတ်ဆု ဟိန်းထက်(လယ်ဝေး)၊ ဇာတ်ညွှန်းဆု မြင့်ဆောင်နဲ့ စိုးကျော်ဆန်း၊ အမျိူးသား ဇာတ်ပို့ဆုကို မော့စ် နဲ့ တေးဂီတ ဆု ဇော်မျိုးထွဋ် တို့ ရရှိကြပြီး ဆု ၈ ဆု ဆွတ်ခူးသွားပါတယ်။ ဇော်မျိုးထွဋ် အတွက်တော့ ဒီအကြိမ်က တတိယမြောက် အကယ်ဒမီဆု ဖြစ်ပါတယ်။ ‘ပန်းကြာဝတ်မှုန်’ ရုပ်ရှင်ကားက ဓာတ်ပုံဆု တင့်ဆန်း ၊ အသံဆု ဆန်းဦး၊ အမျိုးသမီး ဇာတ်ပို့ဆုကို ‘ရင်ကွဲနာ’ ဇာတ်ကားနဲ့ ချစ်စနိုးဦးတို့က ရရှိသွားကြပါတယ်။

ပြီးခဲ့တဲ့၂၀၁၁ ခုနှစ် တနှစ်လုံးမှာမှ မြန်မာရုပ်ရှင်ဇာတ်ကားကြီး ၁၅ ကားပဲ ထွက်ခဲ့တာပါ။ ဒီထဲကနေ ထူးချွန်ဆုတွေကို ရွေးခဲ့ရတာဖြစ်တယ်လို့ ဆုရွေးချယ်ရေး အဖွဲ့က စွယ်စုံရ အနုပညာရှင် ဆရာ ဦးဝင်းဖေက ပြောပါတယ်။ ဆုတွေကိုလည်း လွတ်လွတ်လပ်လပ် ရွေးချယ်ခဲ့တယ်လို့ လည်း အခုလို ပြောပါတယ်။

"မဆိုးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဆုပေးတယ်ဆိုတာ ကိုယ် အားရတာ မရတာနဲ့ မဆိုင်ဘူး။ ဒီ ဆုပေးဖို့ ရောက်လာတဲ့ နောက်ဆုံး ဆန်ကာတင် ရောက်လာတဲ့ကားတွေကို ကြည့်ပြီးတော့ အဲဒီမှာရှိတဲ့ အခြေအနေအပေါ်မှာ သုံးသပ်ပြီးတော့ ဒါ ဆုရွေးပြီးတော့ ပေးရတာပဲလေ။ ကျနော့် အနေနဲ့က ဆန်ကာတင် ၅ ကားပဲ ကျန်တော့တဲ့ အခြေအနေကျတော့မှ ကျနော်က အကဲဖြတ်ရတာ။ ဒါကို တတိယအဆင့်လို့ ခေါ်တယ်။ ၁၅ ကားကို ပထမဆုံး အကဲဖြတ်တဲ့သူတွေက ၁၅ ကားလုံးကို ကြည့်တယ်။ ဒုတိယ အကဲဖြတ်တဲ့သူတွေက ၁၀ ကား ကြည့်တယ်။ တတိယ ဖိုင်နယ် အကဲဖြတ်တဲ့သူတွေက ၅ ကားပဲ ကြည့်တယ်။ အဲဒီလို ရှိပါတယ်။ အဲဒီတော့ ကိုယ့်အလှည့်ကျတော့ ၅ ကား ဆိုတာက ၁၅ ကားထဲက အကောင်းဆုံး ၅ ကားကို ရောက်လာပြီလေ။ အဲဒါကြောင့်မိုလို့ ကျေနပ်မှု ရှိပါတယ်။”

ရုပ်ရှင် ဇာတ်ကားကြီး ထုတ်လုပ်မှု ကျသွားပေမဲ့ မြန်မာ့ ရုပ်ရှင် အဆင့်အတန်းကတော့ ကျသွားတာ မဟုတ်ဘဲ အရုပ်အသံ စက်ပိုင်းဆိုင်ရာ ပိုင်းမှာ အဆင့်မြင့်လာတယ်လို့ ဆရာ ဦးဝင်းဖေက ဆိုပါတယ်။ ဒါပေမဲ့ ဝတ္ထုပိုင်းမှာတော့ ကောင်းလှတယ်လို့ ပြောလို့မရနိုင်ဘဲ သရုပ်ဆောင်ပိုင်းကတော့ ကြည့်ပျော် ရှုပျော်အဆင့် ရှိပါတယ်လို့ စွယ်စုံရ အနုပညာရှင်ကြီး ဦးဝင်းဖေက ပြောပါတယ်။

“ဝတ္ထုပိုင်းတွေမှာ သိပ်ပြီးတော့ ထူးထူးခြားခြားကြီးပေါ့လေ ကောင်းလှချည့် ဆိုတာတွေတော့ မရှိပါဘူး။ ဒါပေမဲ့ ညံ့လှချည့် ဆိုတာတွေလည်း မဟုတ်ဘူးဗျ။ ကျနော်က နောက်ဆုံး ဆန်ကာတင် ၅ ကား ဖြစ်သွားပြီ။ ဖြစ်သွားပြီဆိုတော့ ညံ့လှချည့် ရယ်လို့တော့ မဟုတ်ဘူး။ အလယ်အလတ်တွေ ပေါ့ဗျာ။ ဝတ္ထုဇာတ်လမ်းနဲ့ ပတ်သက်လို့ တိုးတက်မှု ရှိလှတယ်လို့တော့ ပြောလို့ မရဘူးခင်ဗျ။ ဒါပေမဲ့ ဒီ စက်မှုပိုင်းက အကူအညီတွေ အများကြီး ရတဲ့အတွက် သရုပ်ဆောင်ပိုင်းတွေက အများကြီး ကြည့်ပျော်ရှုပျော် ကောင်းလှပါတယ်။”

မြန်မာ့ရုပ်ရှင် လောကမှာ အဓိက ပြဿနာ ဖြစ်နေရတာက ထုတ်လုပ်သူနဲ့ ပိုင်ဆိုင်မှု ပြဿနာ ဖြစ်ပြီး ဒီပြဿနာကိုလည်း ဆွေးနွေး အဖြေရှာနိုင်လိမ့်မယ် လို့ မျှော်လင့်ပါတဲ့အကြောင်း ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ရုပ်ရှင် ထူးချွန်ဆု ပေးပွဲ ပြောဆိုသွားပါတယ်။ ဒါ့အပြင် အနုပညာနဲ့ ပြည်သူ လူထု စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ကြပါ၊ အမျိုးသားရေး လက္ခဏာကို ဖော်ဆောင်ကြပါလို့လည်း သူက တိုက်တွန်းသွားပါတယ်။

“အဓိက စွမ်းအားကတော့ အမျိုးသားရေး အမှတ်လက္ခဏာကို ပါဝင် တည်ဆောက်ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ လူမှုရေး တည်ငြိမ်မှုကိုလည်း ထိန်းသိမ်းပေးနိုင်စွမ်း ရှိပါတယ်။ ဒီအချက်များဟာ နိုင်ငံရဲ့ အုပ်ချုပ်ရေး စွမ်းရည်၊ အားကောင်းလာစေရန်၊ အမျိုးသား စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်နဲ့ အများပြည်သူ ကောင်းကျိုးချမ်းသာ ဖြစ်ပေါ်လာစေရန် တို့အတွက် မည်သည့်ခေတ်မီ နိုင်ငံတိုင်းအတွက်မဆို လိုအပ်ချက်များပဲ ဖြစ်ကြပါတယ်။”

စွယ်စုံရ အနုပညာရှင်ကြီး ဆရာ ဦးဝင်းဖေကတော့

“ဒီ အနုပညာတွေ ပြုပြင်မှုဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပြုပြင်မှုနဲ့ ဒွန်တွဲနေပါတယ်။ ဒွန်တွဲနေတော့ နိုင်ငံရေး စီးပွားရေး လူမှုရေး ပြုပြင်မှုတွေ လုပ်တော့မှာမိုလို့ အဲဒါတွေနဲ့ ကပ်ပြီးတော့ ပါသွားပါလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ အဲဒီကနေ မပြုပြင်ဘူးဆိုရင် အနုပညာ သီးခြား သူ့ချည်းပဲ ပြုပြင်နေဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။”

ဒီနှစ် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲကို ၂၀၀၅ ခုနှစ်ကတည်းက အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ ကျင်းပခဲ့တာကနေ အရင် နှစ်တွေက ကျင်းပနေကျ ရန်ကုန်မြို့တော်မှာ ပြန်ပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG