မြန်မာမြေပေါ်က ဖက်ဆစ်စနစ်ကို တပ်မတော်၊ ပြည်သူ၊ နိုင်ငံရေးအင်အားစုတွေ တစုတစည်းတည်း တော်လှန်ခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ အခုနောက်ပိုင်းအခေါ် တပ်မတော်နေ့ရဲ့ သမိုင်းနောက်ခံကို လက်ရှိတပ်တွင်း အရာရှိအရာခံတွေအကြားမှာ သိရှိနားလည်သူ အလွန်နည်းသွားတယ်လို့ တပ်မတော် အရာရှိဟောင်းတဦးက ပြောပါတယ်။ ဒီနေ့ကျရောက်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ဟာ တပ်မတော်အတွက် ဘယ်လောက်အရေးကြီးတယ် ဆိုတာနဲ့ လက်ရှိတပ်တွင်းမှာရော ဒါကို သဘောပေါက်နားလည်သူ ရှိသေးရဲ့လား ဆိုတာတွေကိုတော့ တပ်မတော် အရာရှိဟောင်းတွေနဲ့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်း ထားပါတယ်။
ဒီနေ့ကျရောက်တဲ့ မတ်လ ၂၇ ရက်နေ့ ဖက်ဆစ်တော်လှန်ရေးနေ့ကို ၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရတက်ပြီးနောက်ပိုင်းမှာတော့ တပ်မတော်နေ့ဆိုပြီး အမည်ပြောင်းလိုက်ပါတယ်။ ဒီအပေါ်မှာတော့ တပ်မတော်အရာရှိဟောင်းတွေ နိုင်ငံရေးအင်အားစုတွေက သဘောမတူပါဘူး။ မတ်လ ၂၇ ရက်နေ့ ဖက်ဆစ်တော်လှန်ရေးနေ့ဟာ တပ်မတော်ရဲ့ အခန်းကဏ္ဍတခုတည်းရှိတာမဟုတ်ဘဲ နိုင်ငံရေးအင်အားစုတွေ ပြည်သူတွေနဲ့ တပ်မတော်တို့ တစုတစည်းတည်း ဖက်ဆစ်စနစ်ကို တွန်းလှန်ခဲ့တဲ့နေ့ဖြစ်တယ်လို့ ယူဆကြပါတယ်။ တကယ်တော့ ဒီနေ့ဟာ လူထုက လက်မခံတဲ့စနစ်တခုကို တပ်မတော်က ပြည်သူနဲ့တွဲပြီး တွန်းလှန်ခဲ့တဲ့ သမိုင်းဝင်နေ့ဖြစ်တယ်လို့ မြန်မာနိုင်ငံ မျိုးချစ်စစ်သည်ဟောင်းများ အစည်းအရုံး ဥက္ကဌ ဦးခင်မောင်ညွန့်က ပြောပါတယ်။
“စနစ်တခုဟာ တိုင်းပြည်နဲ့လူမျိုးကို အကျိုးမပြုနိုင်တော့ဘူး၊ ဒီစနစ်တခု ဆက်လက်တည်တံ့နေခြင်းအားဖြင့် တိုင်းပြည်နဲ့လူမျိုးအတွက် တနေ့ထက်တနေ့ ဒုက္ခတွေ ပိုကြီးမယ်။ အဲဒီလိုအချိန်မျိုးမှာ တမျိုးသားလုံးအရေး ဆိုတဲ့ တပ်မတော်သားတွေကလည်း ပြည်သူတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တခါတည်းစုပေါင်းပြီးတော့ စနစ်ဆိုးကိုတော်လှန်တယ် ဆိုတဲ့အစဉ်အလာတခုပေါ့နော်။”
ဒါပေမဲ့ အခုနောက်ပိုင်း တပ်တွင်းမှာတော့ အဲဒီသမိုင်းကြောင်းကို သိသူအလွန်နည်းလာသလို တပ်မတော်ရဲ့ သမိုင်းမှန်ကိုတောင် ပြင်ပကနေ ရှာဖွေဖတ်ရှုရတဲ့ အခြေအနေစိုက်လာတယ်လို့ မကြာခင်ကမှ ပြည်ပရောက်လာတဲ့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းက ပြောပါတယ်။
“အမှန်တော့ ဒါက ပြည်သူ့ပြောက်ကျားတပ်ပဲပေါ့။ တပ်မတော်ရယ်လို့ မဖြစ်ခင်ကတည်းက ပြည်သူတွေကစပြီး တော်လှန်ခဲ့တယ်ဆိုတဲ့ဟာကို သူတို့က ဖျောက်ချင်တာကိုးဗျ။ အဲဒီအခါကျတော့ တော်လှန်ရေးနေ့ဖြစ်ပေါ်လာပုံ ဆိုတဲ့ဟာကိုလည်း သေသေချာချာ ဂဃနဏ မပြောရဲမဆိုရဲကြဘူးဖြစ်နေတဲ့ အခါကျတော့ ကျနော်တို့ မြန်မာ့တပ်မတော်နေ့ရဲ့ အခန်းကဏ္ဍဆိုတာကလည်း ဒါ စစ်ရေးပြလောက်ပဲရှိတယ်၊ မှေးမှိန်သွားတယ်။”
တပ်မတော်နေ့နဲ့ပတ်သက်လို့ ဇစ်မြစ်ပေါ့နော်၊ တပ်မတော်နေ့ဘယ်လိုဖြစ်လာလဲ။ တပ်မတော်နေ့ဆိုတာ ဘာလဲ။ သမိုင်းကြောင်းဆိုင်ရာအရရော ဇစ်မြစ်အရရော တပ်ထဲမှာ ဘယ်လောက်ထိ သဘောပေါက်ကြမယ်ထင်လဲ။ -
“ကျနော်တို့ထက် မျိုးဆက်တဆက်စောတဲ့လူတွေ လောက်ကတော့ တပ်မတော်နေ့ ဖြစ်ပေါ်လာပုံဆိုတာကို သူတို့ကတော့ ကောင်းကောင်းနားလည်မယ်၊ သမိုင်းကို ပိုပြီးတော့ နားလည်လိမ့်မယ်။ ကျနော်တို့ လက်ထက်မှာကတော့ တကယ်လို့ သိချင်တယ်ဆိုလို့ရှိရင်တော့ စာတွေကိုလိုက်ရှာဖတ်မယ်ဆိုရင် လက်တကမ်းမှာ တော်တော်နဲ့ရှာမတွေ့နိုင်တဲ့ စာပေအမျိုးအစားမျိုးထဲမှာတောင် ပါနေပါတယ်။ မြန်မာပြည် ကွန်မြူနစ်ပါတီရဲ့ ဖက်ဆစ်အပေါ်မှာ ဘယ်လိုတော်လှန်ခဲ့တယ်ဆိုတာ အခန်းကဏ္ဍတွေ ဆိုတာကလည်း အများကြီးဖျောက်ဖျက်ထားတာကိုး။ အဲဒါတွေကို ကိုယ်ကပြန်ပြီးတော့ လိုက်ရှာဖွေဖတ်မယ်ဆိုရင် ကွန်မြူနစ်စာပေကို လိုက်ရှာဖတ်ရမလို ဖြစ်တယ်။ လက်ထဲကိုင်ထားဖို့ဆိုတာကလည်း တော်ယုံတန်ယုံ သတ္တိမရှိဘူးလေဗျာ။ ဆိုတော့ အဲဒီသမိုင်းအရင်းအမြစ်ကိုတော့ ကျနော်တို့နောက်ပိုင်း အရာရှိတွေက သိနိုင်ဖို့ကတော့ တော်တော်ကိုမလွယ်တဲ့ကိစ္စပါ။”
စစ်တက္ကသိုလ် အပတ်စဉ် (၁) ဆင်း ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွန့်ကတော့ ဖက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် ပြောင်းလဲသတ်မှတ်မှုကို လက်မခံပါဘူး။
“ဒီဖက်ဆစ်စနစ်ကိုကျင့်သုံးတဲ့ အဖွဲ့အစည်း ဂျပန်ရယ်လို့မဟုတ်ဘူးပေါ့ဗျာ။ ကိုယ့်အမျိုးသားထဲကပဲဖြစ်ဖြစ်၊ တိုင်းတပါးကပဲဖြစ်ဖြစ် ကျနော်တို့မြန်မာပြည်မှာ ဒီစနစ်ကိုလာပြီးတော့ ကျင့်သုံးမယ်ဆိုရင် တော်လှန်ရမှာပဲ ဆိုတဲ့ တို့အစဉ်အလာကတော့ ဒီလိုရှိပါလား။ ဒီနေ့တပ်ထဲမှာဖြစ်နေတာက ဒီလိုဖြစ်နေပါလား၊ ပြည်သူတွေအတွင်းမှာ ဖြစ်နေတဲ့အဖြစ်အပျက်တွေက ဒုက္ခသုခတွေက သူတို့ရဲ့တရားခံဘာလဲဆိုတာကို မြင်လို့ရှိရင်တော့ ကျနော်တို့တပ်အနေနဲ့ တပ်စကားပြောရမယ်ဆိုရင် သေနတ်ပြောင်းက ကိုယ့်ဘက်လှည့် လာမယ်ပေါ့ဗျာ။ အဲဒါကလည်း အင်မတန်မှ ဗိုလ်နေဝင်းက ကြောက်တယ်။ ကြောက်တယ်ဆိုတော့ ဖက်ဆစ်တော်လှန်ရေး ဆိုတဲ့အမည်ထက် သူက တပ်မတော်နေ့ဆိုပြီးတော့ ပြောင်းတယ်။ အမှန်ကတော့ တပ်မတော်နေ့ဆိုတာ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်ဖြစ်ပါလိမ့်မယ်။ ထိုင်းနိုင်ငံမှာ Burma Independent Army (BIA) ကို အဲဒီမှာ တည်ထောင်တဲ့နေ့သာလျင် တပ်မတော်နေ့ ဖြစ်ပါတယ်ခင်ဗျ။”
၁၉၆၂ စစ်တပ်အာဏာသိမ်းအစိုးရက ဖက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့ ပြောင်းလိုက်ပေမဲ့ တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းဆိုတာကိုတော့ အဲဒီတုန်းက အသိအမှတ်ပြု လက်ခံပါသေးတယ်။ တပ်မတော်နေ့နီးရင် ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံနဲ့ အဆိုအမိန့်တွေကို အစိုးရမီဒီယာတွေမှာ ဖော်ပြလေ့ ရှိပါတယ်။ ဒါပေမဲ့ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ တပ်မတော်နေ့ နီးလာတဲ့အခါ အစိုးရမီဒီယာတွေမှာ လက်ရှိ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ အဆိုအမိန့်တွေနဲ့ အစားထိုး ဖော်ပြရေးသားလာတာ တွေ့ရပါတယ်။