သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း အခြေအနေ မြန်မာ သဘောထား


အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ။ ( မတ် ၃၊ ၂၀၁၄)
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ။ ( မတ် ၃၊ ၂၀၁၄)
လက်ရှိ ထိုင်းနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေကြားမှာ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ အာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့ မြန်မာနိုင်ငံက ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။ အာဆီယံ လက်ရှိ အတွင်းရေးမှူ းချုပ် လီလုံမင်ကတော့ ထိုင်းနိုင်ငံရေးနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံ တခုမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံမှု ကင်းမဲ့နေရင် အာဆီယံတခုလုံးကို ထိခိုက်နိုင်တယ်လို့ ပြောကြားခဲ့တာပါ။ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေတွေ အပေါ်မှာ အလှည့်ကျ အာဆီယံဥက္ကဋ္ဌ နဲ့ အတွင်းရေးမှုးတို့ရဲ့ တုန့်ပြန်ပြောဆိုချက်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြပေးထားပါတယ်။

မြန်မာအစိုးရကတော့ ထိုင်း အာဏာသိမ်း စစ်ဗိုလ်ချုပ်အနေနဲ့ သူရဲ့ပြောဆိုချက်တွေ အတိုင်း အကောင်အထည်ဖေါ်ဆောင်ရွက်မှု ရှိမရှိကို စောင့်ကြည့်နေတဲ့ အနေအထားမှာ ရှိနေတာပါ။ အာဆီယံတခုလုံး အနေနဲ့ သဘောထား ထုတ်ပြန်ဖို့ အခြေအနေကိုတော့ သမ္မတပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က အခုလိုပြောပါတယ်။

" အဲ့ဒီ့တော့ အာဆီယံတခုလုံးအနေနဲ့ ဘယ်လိုမျိုး တုန့်ပြန်ဆောင်ရွက်မယ် ဆိုတာတော့ အဖွဲ့ဝင်နိုင်ငံတွေ ကြားမှာ ဆွေးနွေး ညှိနှိုင်းပြီးမှပဲ ကျနော်တို့ ပြောနိုင်မယ့် အခြေအနေမှာ ရှိပါတယ်။ အခုအချိန်မှာတော့ ဒါကို နိုင်ငံခြားရေး ဝန်ကြီးဌာနတွေ ကြားမှာပဲ စပြီးတော့ ပြောတာဆိုတာမျိုး ရှိကောင်းနိုင်တာပေါ့။ သို့သော် အစည်းအဝေးကြီးတစ်ခုလုံး လုပ်ဖို့ ဆိုတာ လောလောဆယ် ကျနော်တို့ မရှိသေးပါဘူး။"

အာဆီယံ အတွင်းရေးမှူးချုပ် Le Luong Minh ကတော့ ထိုင်းနိုင်ငံရဲ့ အခြေအနေဟာ အာဆီယံတခုလုံးကို ထိခိုက်လာမှာ စိုးရိမ်တဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။

"အာဆီယံ အသင်းဝင် နိုင်ငံတခုမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုတွေ မရှိဘူးဆိုရင် အထူးသဖြင့် ရှေ့နှစ် ၂၀၁၅ ခုနှစ်မှာ အာဆီယံ အသိုက်အဝန်းတခု ထူထောင်ဖို့ ရည်မှန်းထားတာတွေကို ရိုက်ခတ်လာနိုင်ပြီး အာဆီယံမှာ ဒုတိယ စီးပွားရေး အင်အား အကြီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ၆ လလောက်ကြာမြင့်နေပြီဖြစ် တဲ့ နိုင်ငံရေး အကျပ်အတည်းတွေဟာ စိုးရိမ်စရာ ဖြစ်နေရပါတယ်။"

လက်ရှိ ထိုင်းနိုင်ငံရဲ့အကြပ်အတည်းကိုဖြေရှင်းတဲ့အခါမှာ ဒီမိုကရေစီမူပေါ်မှာ ရပ်တည်ဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေက ထိုင်းနိုင်ငံကို တိုက်တွန်းထားတယ် လို့လည်း ဦးရဲထွဋ်ကပြောပါတယ်။

" ပြီးခဲ့တဲ့ ထိပ်သီး အစည်းအဝေးတွေမှာ ပြောပြခဲ့သလိုပဲ ထိုင်းနိုင်ငံရဲ့ အကြပ်အတည်းတွေကို ဖြေရှင်းတဲ့အခါမှာ ဒီမိုကရေစီအခြေခံမူတွေ၊ တရားဥပဒေ စိုးမိုးမှုတွေ၊ နောက်တခါ တွေ့ဆုံဆွေးနွေးခြင်းတွေနဲ့ပဲ အဖြေရှာနိုင်မယ်လို့ မျှော်လင့်တယ်လို့ ကျနော်တို့ ဖော်ပြထားတာရှိပါတယ်။ အဲ့ဒီ့ဟာက အခုအချိန်အထိ အကျုံးဝင်သေးပါတယ်။"

မေး။ ။ ဟုတ်ကဲ။ ထိုင်း အခုအာဏာသိမ်းတဲ့ဘက်က စစ်ဗိုလ်ချုပ်တွေဘက် ကရော အာဆီယံဘက်ကို ဆက်သွယ် လာတာမျိုးရှိလားရှင့်။

" အဲ့တာတော့ ကျနော် လောလောဆယ် မသိသေးပါဘူး ခင်ဗျ။ နိုင်ငံခြားရေး ဝန်ကြီးဌာနဆီက အဲ့လို ဆက်သွယ်တယ်ဆိုတဲ့ သတင်း အချက်အလက်တွေ မရသေးပါဘူး။ ဗိုလ်ချုပ်ကြီးက အာဏာစယူတဲ့အချိန် သူရဲ့နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်း အသီးသီး ဆက်ဆံရေးမှာတော့ ဘာမှ အပြောင်းအလဲ မရှိဘူးဆိုတာတော့ ပြောထားတာ ရှိပါတယ်။
သူဝန်ကြီးချုပ် အဖြစ် သူတာဝန်ယူပြီး ဖွဲ့စည်း လုပ်ကိုင်မယ် ဆိုရင်တော့ နောက်ဆုံး အခြေအနေတွေကို ကျနော်တို့ကို ဆက်သွယ်တာ ရှင်းပြတာ ရှိကောင်းရှိနိုင်ပါတယ်။ အခုအခြေအနေက သူလည်း စပြီး ဖွဲ့စည်းတုန်းရှိနေသေးတော့ ပြောနိုင်ဦးမှာ မဟုတ်သေးပါဘူး။"

မေး။ ။ အာဆီယံ တစ်နိုင်ငံချင်းစီက ဥပမာ ဖိလစ်ပိုင်တို့၊ ဘာတို့ တုန့်ပြန်ပြော ဆိုလာတဲ့ အပေါ်မှာ ဝန်ကြီးတို့ဘက်က ဘယ်လို သဘောရှိ ပါသလဲရှင့်။

" အဲ့တာတွေကတော့ သံတမန်ရေးရာ လမ်းကြောင်းအရ ဆောင်ရွက်နေ တာဖြစ်တာကြောင့် အခုအချိန်မှာတော့ ကျနော်တို့ မပြောနိုင်သေးပါဘူး။ "

မေး။ ။ ထိုင်းနဲ့ပတ်သက်ပြီးတော့ ဝန်ကြီးတို့ ဘယ်လိုစဉ်းစားထားလဲ မသိဘူး။ ဒီ အာဆီယံ ဘက်ကနေ ဘယ်လိုဆောင်ရွက်ပေးမယ် ဆိုတဲ့ အစီအစဉ် ပေါ့လေ။

" ကျနော်တို့ အာဆီယံ အခြေခံမူ ကတော့ ရှိပြီးသား ဒါတွေက သူတို့နိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စပဲ သို့သော် ကျနော်တို့အနေနဲ့ကတော့ အာဆီယံ အဖွဲ့ဝင် တနိုင်ငံ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့ကို အကြံပြုတာ ဒါမျိုးပဲ ကျနော်တို့က လုပ်မှာပေါ့နော်။ ဒါ သူ့ရဲ့အထဲကို ဝင်ပြီးတော့ စွက်ဖက်တာ အာဆီယံရဲ့ လုပ်ထုံးလုပ်နည်းတော့ မဟုတ်ပါဘူး။"

မေး။ ။ ဝန်ကြီးတို့ တကယ်လို့ အကြံပြုမယ်ဆိုရင် အာဆီယံ အခြေခံမူ ဆိုတဲ့အထဲမှာ အဓိက ဘယ်အချက်တွေများ အကြပြုဖို့ အစီအစဉ်ရှိပါသလဲ။

"ဒါကတော့ သူ့ရဲ့ပြည်တွင်းရေးကိစ္စဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အခု ထိုင်းနိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေကြား ထဲမှာပဲ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာဖို့ပဲ ကျနော်တို့က တိုက်တွန်းရမှာပေါ့။ "

ထိုင်းနိုင်ငံမှာ လက်ရှိ ထိန်းသိမ်းထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို့နဲ့ သတင်းလွတ်လပ်ခွင့် အပါအဝင် အခြေခံ လွတ်လပ်ခွင့်တွေကို လေးစားဖို့ အမေရိကန်ပြည်ထောင်စု က တောင်းဆိုထား သလို ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန် အပါအဝင် နိုင်ငံ အတော်များများက စိုးရိမ်မကင်းတဲ့ သဘောထားတွေကို ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။
XS
SM
MD
LG