သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနယ်စပ်အနီး တိုက်ပွဲတွေဆက်ဖြစ်


ထိုင်းနယ်စပ်အနီး တိုက်ပွဲတွေဆက်ဖြစ်
ထိုင်းနယ်စပ်အနီး တိုက်ပွဲတွေဆက်ဖြစ်

ထိုင်း-မြန်မာနယ်စပ် မြဝတီခရိုင်ထဲက ဖလူးကြီးဖလူလေးရွာဘက်မှာ မြန်မာစစ်အစိုးရတပ်တွေနဲ့ ဒီကေဘီအေ ခေါ် တိုးတက်သော ကရင်ဗုဒ္ဒဘာသာတပ်တွေ တိုက်ပွဲဖြစ်တာဟာ မနက် ၆ နာရီကနေ နေ့လည် ၁ နာရီလောက်အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်က ထိုင်းဘက်ခြမ်းကနေ ကွေ့ဝင်ပြီး နောက်ကျောဘက်ကနေ လာရောက် ပစ်ခတ်မူတွေပါ လုပ်လာတယ်လို့ ဒီကေဘီအေက ပြောပါတယ်။ အဲဒီ ပစ်ခတ်မူတွေကြောင့် မင်းလက်ပံရွာသားတချို့ ထိခိုက်မူတွေ ရှိနေကြပြီး ဖလူးကြီးဖလူလေးနဲ့ မင်းလက်ပံရွာက ရွာသားတွေ ရာနဲ့ချီပြီး ထိုင်းဘက်ကို ပြန်လည် တိမ်းရှောင်လာနေကြပါတယ်။ ဒီအကြောင်းကို မအေးအေးမာက သတင်းပေးပိ့ုထားပါတယ်။

အခုတိုက်ပွဲဖြစ်နေတာကတော့ ထိုင်းနိုင်ငံ မဲ့ကုကင်း ရွာရဲ့တဖက်ကမ်း ကရင်ပြည်နယ် နယ်စပ် မြဝတီခရိုင်ထဲက ဖလူးလေး ဖလူးကြီး၊ မင်းလက်ပံစတဲ့ စတဲ့နေရာတွေမှာ မြန်မာစစ်အစိုးရတပ်တွေနဲ့ ဒီကေဘီအေတပ်တွေ တိုက်ပွဲဖြစ်နေတာပါ။ တိုက်ပွဲတွေကြောင့် လက်နက်ကြီးစတွေ ရွာထဲကို ကျရောက်ပြီး မင်းလက်ပံရွာသားတွေ ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေပါတယ်။ မင်းလက်ပံရွာသားတဦး ပြောပြတာကတော့ -

“အခုထိတဲ့နေရာကတော့ လက်လေးချောင်း ညာဘက်ခြမ်းကပေါ့နော်။ လက် လေးချောင်းငါးချောင်းလောက် ပြတ်သွားနိုင်လောက်အောင် ထိသွားတယ်။ နောက်ပြီးတော့ ညဘက် ဒူးဆံမရှိတော့ဘူး။ ကျေသွားပြီ။ ရွာထဲကို ဖလူးလေးကျောင်းရဲ့ ညာဘက်ခြမ်းဘက်မှာ ရွာနားမှာပဲ လုပ်ကိုင်စားသောက်နေကြတာ။ ဒီဘက်မှာလည်း အခြေအနေ မကောင်းတဲ့အခါကြတော့ ဒီဘက်ကမ်းမှာလာနေလိုက်၊ နည်းနည်းလေး ငြိမ်သက်ပြီဆို ဟိုဘက်ကမ်းမှာ ကျန်နေတဲ့အလုပ်လေးတွေ ကမန်းကတန်း ပြေးလုပ်လိုက်ပဲ။ အခုလို လုပ်နေတုန်း ထိသွားတာပေါ့။”

မင်းလက်ပံရွာသားတွေဟာ အခုဖြစ်နေတဲ့ နယ်စပ်တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာရရှိသူ ကျေးရွာသား ၁၀ ဦးကျော် ရှိသလို ၃ ဦးထက်မနည်း သေဆုံးမူတွေလည်း ရှိနေပါတယ်။ ဒဏ်ရာရသူတွေဟာ မြဝတီဆေးရုံ၊ မဲဆောက်ဆေးရုံနဲ့ မယ်တော်ဆေးခန်းတို့မှာ ကုသခံနေရဆဲလည်း ဖြစ်ပါတယ်။ သူတို့တွေဟာ တိုက်ပွဲတွေ ရပ်နားနေတဲ့နေ့တွေမှာ သူတို့ရွာကိုပြန်ပြီး ပဲရိတ်သိမ်းခြင်း၊ ပြောင်းခင်းတွေမှာ အလုပ်သွားလုပ်ခြင်း၊ တောင်ယာလုပ်ခြင်းတွေကို သွားလုပ်ရင်းနဲ့ အခုလို လက်နက်ကြီးစတွေ ကျရောက်ချိန်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း၊ ဒီအတွက် တိုက်ပွဲတွေ မဖြစ်စေချင်ကြတော့ဘူး ဆိုတဲ့အကြောင်းကိုလည်း ပြောပြပါတယ်။

“ကျနော်တို့ ပြည်သူတွေ ဒုက္ခတွေနဲ့ စီးပွားရေးတွေပစ်ပြီးတော့ အခုကျနော်တို့ နှစ်ပေါင်းများစွာလုပ်လာတဲ့ လုပ်ငန်းတွေလည်း ရှိတယ်။ အဲဒီလုပ်ငန်းတွေ အားလုံးကိုပစ်ပြီးတော့ ဒီဘက်ကမ်းမှာ လာနေရပြီးတော့ ဒုက္ခသုက္ခမျိုးစုံနဲ့ ကျနော်တို့ ကြုံတွေ့ရတဲ့အတွက် ဒီစစ်ပွဲကြီးကို လုံး၀ မလိုလားပါဘူး။ လုံး၀ ရပ်စေချင်ပြီ။ ကျနော်တို့ လိုလားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီလည်း လိုချင်လှပြီပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည် ကျနော်တို့ အပေါ်မှာ လုပ်ပေးနိုင်မယ်ဆိုရင်တော့ ကျနော်တို့ အကုန်လုံး ငြိမ်းချမ်းရေးအတွက် လုပ်နိုင်တဲ့အလုပ်မှန်သမျှကို လုပ်ပေးစေချင်တယ်။”

တိုက်ပွဲတွေဖြစ်နေတဲ့အချိန်မှာ လက်နက်ကြီးတွေ ကျရောက်တဲ့အတွက် ဒီနေ့ကျတဲ့လက်နက်ကြီးတွေကတော့ ဒီကေဘီအေတွေ ရှိတဲ့ဘက်ကနေ လာနေတယ်လို့ ရွာသားတွေက ဆိုပါတယ်။ ဒီကေဘီအေ ကတော့ မြန်မာစစ်တပ်က တပ်သားတွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကနေ ကွေ့ပြီး သူတို့နောက်ကျောကနေ ပစ်ခတ်မူတွေကို လုပ်နေကြောင်း၊ ထိုင်းဘက်ခြမ်းကိုလည်း ပစ်ခတ်မူတွေ လုပ်နေကြောင်း ဒီကေဘီအေ (၉၀၂) တပ်ရင်းမှူး ဗိုလ်မှူးကြီး စောကျော်သက်က အခုလို ပြောပါတယ်။

“မနက် ၆ နာရီကနေ ဒီနေ့လည် ၁ နာရီမှာ စစ်တပ်က ပစ်တယ်။ တချို့တွေကလည်း ထိုင်းဘက်ကနေ လာတယ်။”

နှစ်ဖက်တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းက ပဲတွေ နေလှမ်းထားတဲ့ နေရာတွေကို ကျရောက်ပြီး မီးလောင်မူတွေလည်း ဖြစ်ခဲ့ရပါတယ်။ တိုက်ပွဲတွေဖြစ်တဲ့နေရာဟာ ထိုင်နိုင်ငံ မဲကုကင်းရွာနဲ့ကပ်လျက် ဖလူးကြီးဖလူလေးရွာဘက်တွေမှာ ဖြစ်တာကြောင့် စစ်ပွဲတွေရပ်ပြီထင်ပြီး ပြန်အလုပ်လုပ်ကြတဲ့ ရွာသား ၅၀၀ နီးပါးဟာလည်း ထိုင်းဘက်ခြမ်းကို ပြန်ပြေးလာကြပါတယ်။ ပြန်ပြေးလာကြတဲ့ ရွာသားတွေကတော့ ထိုင်းဘက်ကဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေကို မသွားကြတော့ပဲ နီးစပ်ရာ မြန်မာလူမျိုးတွေ နေထိုင်ရာ နေအိမ်တွေမှာ ပုန်းအောင်းနေကြတာတွေလည်း ရှိသလို ပစ်ခတ်မူတွေ ဖြစ်နေတဲ့ရွာထဲမှာလည်း ကတုတ်ကျင်းတွေတူးပြီး ပုန်းအောင်းနေဆဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဘက်ကို လာရောက်ကြတဲ့ ဒုက္ခသည်တွေကိုတော့ မယ်တော်ဆေးခန်းက ဆရာဆရာမများက ဆေးဝါးကုသမူပေးပြီး ဆန်နဲ့ အခြားစာနပ်ရိက္ခာတွေကိုလည်း တရက်ခြားခန့် ဝေငှပေးဝေနေပါတယ်။

XS
SM
MD
LG