မကြာခင်က မြန်မာနိုင်ငံမှာ အကျဉ်းသား ၆ ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးတဲ့ နေရာမှာ မဆိုစလောက် နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ခဲ့တဲ့အပြင် တခြား သိသာ ထင်ရှားတဲ့ ပြုပြင် ပြောင်းလဲမှုတွေ မရှိသေးတဲ့အတွက် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားတာတွေကို ဖြေလျှော့ပေးဖို့ အစီအစဉ်မရှိတဲ့အကြောင်းနဲ့ ပြန်လည် သုံးသပ်တာမျိုးတောင် မလုပ်ပါဘူးလို့ ဗြိတိသျှအစိုးရက အာမခံ ပြောဆိုလိုက်ပါတယ်။ ဗြိတိသျှအစိုးရဘက်က တင်းခံထားသ၍ ဥရောပသမဂ္ဂ (EU) အနေနဲ့လည်း မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ ထားတာတွေကို ရုပ်သိမ်းဖို့ဆိုတာ မဖြစ်နိုင်တဲ့အကြောင်း မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK က ပြောပါတယ်။ ဒီအကြောင်းကို ဦးစံမိုးဝေက ဆက်သွယ် မေးမြန်းထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ် မြန်မာနိုင်ငံမှာ အကျဉ်းသားတွေ ပြန်လွှတ်ပေးပြီးတဲ့နောက် ဗြိတိသျှပါလီမန် အထက်လွှတ်တော်မှာ မြန်မာနိုင်ငံအကြောင်း ဆွေးနွေး ပြောဆိုတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုဆွေးနွေးတဲ့နေရာမှာ ဗြိတိသျှအစိုးရကိုယ်စား တက်ရောက် စကားပြောတဲ့ဝန်ကြီးက မြန်မာနိုင်ငံကိစ္စနဲ့ ပတ်သက်ပြီး ထွက်ဆို ပြောကြားခဲ့တဲ့အကြောင်းကို မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK အဖွဲ့ရဲ့ ဒါရိုက်တာ မာ့ခ် ဖာမနာ (Mark Farmanar) က အခုလိုရှင်းပြပါတယ်။
“ဗြိတိသျှပါလီမန်အထက်လွှတ်တော်မှာ အစိုးရရဲ့ကိုယ်စား တက်ရောက် စကားပြောခဲ့တဲ့ ဝန်ကြီးက တရားဝင်ထုတ်ဖေါ် ပြောဆိုရာမှာ အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူ ပိတ်ဆို့ထားမှုကို ပြန်ပြီး သုံးသပ်တာတို့ ဆွေးနွေးတာတို့ မလုပ်ပါဘူးလို့ အာမခံ ပြောကြားခဲ့ပါတယ်။”
အဲဒီလို ဗြိတိသျှပါလီမံမှာ အာမခံစကား ပြောဆိုသွားတဲ့ အစိုးရဝန်ကြီးကတော့ လော့ဒ် ဟိုဝယ်လ် (Lord Howell) လို့ သိရပါတယ်။
မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု လုပ်ထားတာဟာ ထိရောက်မှုရှိကြောင်းနဲ့ စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ မတွေ့ရမချင်း ဆက်ပြီးထားရှိဖို့ သူတို့အဖွဲ့အနေနဲ့ ဆက်ပြီးဖိအားပေး တောင်းဆိုသွားမှာ ဖြစ်ကြောင်းလည်း မာ့ခ် ဖာမနာ က ပြောပါတယ်။
“ကျနော်တို့က အရေးယူပိတ်ဆို့ထားတာကို စောစောစီးစီး ပြနရုပ်သိမ်းပေးလိုက်တာမျိုး မလိုလားပါဘူး။ ပိတ်ဆို့မှုက နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်လာအောင်၊ အစိုးရက တိုင်းရင်းသားတွေ အပေါ် တိုက်ခိုက်နေတာတွေ ရပ်သွားအောင်၊ အဓမ္မ အလုပ်စေခိုင်းတာတွေ ပပျောက်အောင် ဖိအားပေး ထားတာပါ။ ဒီလိုစစ်မှန်တဲ့ ပြောင်းလဲမှုတွေ မလုပ်သေးဘဲ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းမပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။”
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာလိမ့်မယ်ဆိုပြီး အားတက်သရော မျှော်လင့်ခဲ့တဲ့အကြောင်း တကယ်တမ်းတော့ ၂၀၀ လောက်သာပါပြီး အဲဒီဖြစ်စဉ်ဟာ သူ့အရင် ဦးသန်းရွှေအာဏာ စရတဲ့ ၁၉၉၂ ခုနှစ်တုန်းက အကျဉ်းသား လွှတ်ပေးတာနဲ့တောင် မနှိုင်းသာဘူးလို့ သူက ဆက်ပြောပါတယ်။
“ဦးသိန်းစိန်ဟာ နိုင်ငံတကာရဲ့ အရေးယူ ပိတ်ဆို့ထားတာတွေကို ရုပ်သိမ်း ပေးစေလိုနေတယ်ဆိုတာ ထင်ရှားပါတယ်၊ သူ့အစိုးရကို နိုင်ငံတကာကနေ လက်ခံတာကို မြင်လိုတယ်၊ ဒါကြောင့် နည်းနည်းပါးပါး ပြောင်းလဲပြနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အရေအတွက်ဟာ ဦးသန်းရွှေ အာဏာ စတင်ရချိန်က အကျဉ်းသား ၄၀၀ လွှတ်ပေးခဲ့တာနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တောင် ယှဉ်လို့မရသေးပါဘူး။”
ဂျာမဏီနိုင်ငံလို ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတချို့က မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှု ဖယ်ရှားပေးစေ လိုတဲ့ အရိပ်အရောင်တွေ ပြသနေတာ တွေ့ရကြောင်း၊ ဒါပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေ အားလုံးရဲ့ သဘောတူညီမှု လိုကြောင်း ဗြိတိန်နိုင်ငံဘက်က လျှော့မပေးသ၍ အရေးယူပိတ်ဆို့မှုကို ရုပ်သိမ်းခွင့်မရှိတာကြောင့် Burma Campaign UK အဖွဲ့က တိုက်တွန်းမှုတွေ လုပ်နေကြောင်း အခုလိုပြောပါတယ်။
“EU ရဲ့ မူဝါဒအပြောင်းလဲ လုပ်မယ်ဆိုရင် အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံရဲ့ သဘောတူညီမှု ရရှိဖို့လိုပါတယ်။ အဲဒါကြောင့် အပြောင်းလဲလုပ်ရေး ကိစ္စမှာ ဗြိတိန်ဘက်က သဘောတူညီမှု မပေးဘူးဆိုရင် ဘာအပြောင်းလဲမှ ရှိမှာမဟုတ်ပါဘူး။ ကျနော်တို့ အနေနဲ့လည်း ဗြိတိသျှအစိုးရဘက်က ပြတ်ပြတ်သားသား ရှိအောင် အမြဲ တိုက်တွန်းနေပါတယ်။”
Burma Campaign UK အဖွဲ့ဒါရိုက်တာ မာ့ခ် ဖာမနာ ဖြစ်ပါတယ်။
မြန်မာအစိုးရဘက်ကသာ စစ်မှန်တဲ့ပြုပြင်ပြောင်းလဲမှုတွေ တကယ်တမ်း လုပ်လာမယ်ဆိုရင်တော့ ပိတ်ဆို့ အရေးယူထားမှုတွေကို တဆင့်ချင်းစီ အဆင့်လိုက် လျှော့ပေါ့ပေးဖို့ လိုအပ်ကြောင်း သူက ဗွီအိုအေကို ရှင်းပြသွားခဲ့ပါတယ်။