သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကလေးငယ်တွေနဲ့ အဟာရချို့တဲ့မှု ပြဿနာ


ရခိုင်ပြည်နယ် မြောက်ဦးမြို့က ကလေးငယ်နှစ်ဦး။ (နိုဝင်ဘာလ ၈ ရက်၊ ၂၀၁၂)။
ရခိုင်ပြည်နယ် မြောက်ဦးမြို့က ကလေးငယ်နှစ်ဦး။ (နိုဝင်ဘာလ ၈ ရက်၊ ၂၀၁၂)။
ဆယ်စုနှစ်ပေါင်းများစွာ အဂတိလိုက်စားတဲ့ အစိုးရအုပ်ချုပ်ရေး ကြောင့်သာမက၊ မလုံလောက် တဲ့ နိုင်ငံတကာ အကူအညီ အထောက်အပံ့ပေးရေး အနေအထား အောက်က မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်မှာ ဝမ်းနည်းစရာ ကောင်းလောက်အောင် ချို့တဲ့အားနည်းတဲ့ ပြဿနာတွေ ရှိနေပါတယ်။ နောက်ဆုံး ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့က ဦးဆောင်တဲ့ ကလေးတွေအတွက် အာဟာရထောက်ပံ့ရေး အစီအစဉ်က တဘက်တလမ်းကနေ ဒီပြဿနာကို ဖြေရှင်းရတဲ့အထဲမှာ ပါဝင်လာပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေ အကြီးအကျယ် ရှိနေတယ်ဆိုတဲ့အကြောင်း AP သတင်းကို အခြေခံပြီး မမိုးဖြူ တင်ပြထားပါတယ်။

ရိုးသားစင်ကြယ်တဲ့ မျက်နှာလေးတွေ ပိုင်ဆိုင်ထားကြပေမဲ့ နံရိုးတွေ ပေါ်နေအောင် ပိန်လှီနေတဲ့ ခန္ဓာကိုယ် ပိုင်ရှင်လေးတွေကတော့ မြန်မာနိုင်ငံရဲ့ ဆင်းရဲတဲ့ လူနေ ရပ်ကွက်တွေမှာ တွေ့ရတဲ့ ကလေးလေးတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝှမ်းမှာ ထောင်သောင်းချီတဲ့ ကလေးငယ်တွေဟာ အာဟာရချို့တဲ့တဲ့ ဝေဒနာ ခံစားနေကြရ ပါတယ်။ စုစုပေါင်း ကလေးဦးရေရဲ့ သုံးပုံတပုံကျော်က အာဟာရ ချို့တဲ့လို့ ကြီးထွားမှု နှေးကွေးတဲ့ ဝေဒနာ ခံစားနေကြရတာပါ။ အဂတိ လိုက်စားမှုနဲ့ အစိုးရ စီမံ အုပ်ချုပ်ရေး ချွတ်ချော် မှားယွင်းမှုတွေ ပေါင်းလိုက်တဲ့အခါ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူထုကျန်းမာရေး စောင့်ရှောက်မှု အညံ့ဖျင်းဆုံး တိုင်းပြည်တွေထဲမှာ ရှေ့ဆုံးက ပါလာပါတယ်။ အတိအကျ ပြောရရင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ အညံ့ဆုံး လူထုကျန်းမာရေး စောင့်ရှောက်မှုစနစ် ရှိတဲ့ နိုင်ငံစာရင်းမှာ မြန်မာက ဒုတိယ စွဲပါတယ်။

ဒီလို အခြေအနေမှာ မြန်မာနိုင်ငံက ကလေးတွေကို အကူအညီပေးနေတဲ့ အဖွဲ့တခုက ယူနီဆပ်ဖ် (UNICEF) လို့ခေါ်တဲ့ ကမ္ဘာ့ကလေးငယ်များ ရန်ပုံငွေအဖွဲ့ ပါ။ ဧရာဝတီ မြစ်ဝကျွန်းပေါ်မှာ တွေ့ရတဲ့ ယိုယွင်းပျက်စီးနေတဲ့ ကျေးလပ်ကျန်းမာရေး စောင့်ရှောက်မှုဌာန တခုကို ကြည့်ရင် နှစ်ပေါင်းများစွာ ကမ္ဘာကြီးက မေ့ထားကြတဲ့ မြန်မာနိုင်ငံက ကျန်းမာရေး စောင့်ရှောက်မှုရဲ့ ဆင်းရဲချို့တဲ့ ညံ့ဖျင်းမှုတွေကို တွေ့ရမှာဖြစ်ပါတယ်။ လျှို့ဝှက်တဲ့ မြန်မာစစ်အာဏာရှင် အစိုးရဟောင်းက စစ်အသုံးစရိတ် တခုကိုပဲ ဦးစားပေးပြီး တိုင်းပြည် လူထုအရေးအတွက် သုံးစွဲ ဆောင်ရွက်ရမယ့် ကိစ္စတွေကို ရာစုနှစ် တဝက်လောက်ကြာအောင် လစ်လျူရှု ထားခဲ့တာပါ။

၂၀၀၈ ခုနှစ်က ကျန်းမာရေးဘက်မှာ လူတယောက်အတွက် ပျမ်းမျှ တဒေါ်လာ ဒါမှမဟုတ် ကျပ် ၈၀၀ ထက် နည်းပြီးတော့ မြန်မာအစိုးရက သုံးစွဲခဲ့ပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ကိုယ့်ပြည်သူအတွက် ကျန်းမာရေး စောင့်ရှောက်တဲ့နေရာမှာ အဖျင်းဆုံး ကျန်းမာရေးစနစ်လို့ ပြောရမှာပါ။ အခုလို ငွေကြေးဆေးဝါး အထောက်အပံ့ ချို့တဲ့လှပေမဲ့ ကိုယ်တတ်နိုင်သမျှ ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အမျိုးသမီးတချို့ကတော့ ဆင်းရဲသားတွေကို နေ့စဉ် ဆေးကုသပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေးနေပါတယ်။ သူတို့တွေဟာ ရရာ ယာဉ်တစီးကို တား စီး၊ ဒါမှမဟုတ်လည်း လမ်းလျှောက်ပြီး လူနာတွေဆီအရောက် သွားကြရပါတယ်။ အမျိုးသား အာဟာရ ကျန်းမာရေးအဖွဲ့နဲ့ ပေါင်းပြီးတော့ ၂၀၁၂ ခုနှစ် မေလတုန်းက ယူနီဆပ်ဖ် က ဧရာဝတီ၊ သာပေါင်း မြို့နယ်မှာ ခြောက်လနဲ့ သုံးနှစ်ကြား ကလေး ၃ ထောင်လောက်ကို အာဟာရ ထောက်ပံ့ရေး လုပ်ငန်း စခဲ့ပါတယ်။

ဒီဆေးခန်းလေးမှာရှိတဲ့ ၁၀ ယောက်မပြည့်တဲ့ သူနာပြုတွေဟာ ရွာပေါင်း ၁၅ ရွာက လူ ၃ ထောင်လောက်ကို လှည့်ပြီးတော့ ဆေးကုရတာပါ။ သန်ကောင် အပါအဝင် ရောဂါ ပိုး အန္တာရာယ်နဲ့ ကြုံနေရတဲ့ ဒီဒေသမှာ ကလေး မီးဖွားပေးတာ၊ ကာကွယ်ဆေး ထိုးပေးတာ အပြင် ဝက်သက်၊ ငှက်ဖျားနဲ့ အာဟာရ ချို့တဲ့ တဲ့ ရောဂါတွေကိုပါ သူတို့ စောင့်ရှောက် ကုသပေးရတာပါ။ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင် အမေတွေမှာ သွေးအားနည်း ရောဂါ အဖြစ်များတာကြောင့် ဆီးဖြူကွင်း ရွာ ကျန်းမာရေး လုပ်သားတွေက နှစ်လနဲ့ သုံးနှစ်ကြား ကလေးငယ်တွေကို အာဟာရ အားဖြည့်တာတွေ ဝေငှရပါတယ်။ မြစ်ဝကျွန်းပေါ်မှာ ဖြစ်လေ့ရှိတဲ့ ရေလွှမ်းမိုးမှုက သွေးအားနည်း ရောဂါ ဖြစ်စေတဲ့အကြောင်း တခုပါလို့ ယူနီဆပ်ဖ် က အဟာရဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ ကျော်ဝင်းစိန်က အခုလို ပြောပါတယ်။

“တကိုယ်ရည် သန့်ရှင်းမှုနဲ့ ရေသန့်ရှင်းမှု လိုအပ်တဲ့ ပြဿနာတွေ ရှိပါတယ်။ ဒီဒေသမှာ ရေကြီးတာကလည်း မကြာခဏ ဖြစ်တတ်ပါတယ်။ ရေသန့်ရဖို့ အခက်အခဲ ရှိတဲ့အခါ တကိုယ်ရည် သန့်ရှင်းဖို့ ခက်သလို ကူးစက်ရောဂါ ပိုးတွေ ရှိလာပြီး သွေးအားနည်း ရောဂါ လည်း ဖြစ်လာပါတယ်။”

ဆင်းရဲလွန်းလို့ အစား ဝအောင် မစားရတာ၊ အမေနို့ မတိုက်နိုင်တာ စတဲ့ ပြဿနာတွေကြောင့် အာဟာရ ချို့တဲ့လာတယ် လို့လည်း သူက ရှင်းပြပါတယ်။

“အဓိက အချက်ကတော့ သုံးခု ရှိပါတယ်။ နံပါတ် တစ်၊ အစားအစာ မလုံလောက်တာ။ နံပါတ် နှစ်၊ ရောဂါ ပျံ့ပွားတာ။ နံပါတ်သုံး ကတော့ အရေးကြီးဆုံးပါပဲ။ မြန်မာနိုင်ငံမှာ ကလေးကို မိခင်နို့ တိုက်နှုန်းက သိပ်နည်းပါတယ်။ ဖြည့်စွက် အာဟာရ ကျွေးတာကလည်း အရမ်းနည်းပါတယ်။ ဒါကြောင့် ကလေးတွေမှာ အာဟာရ ချို့တဲ့ကြပါတယ်။”

ယူနီဆပ်ဖ် ရဲ့ ဖြည့်စွက် အာဟာရထုပ်ထဲမှာ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေ ပါတာကြောင့် သံဓာတ်နဲ့ တခြား လိုအပ်တဲ့ အာဟာရ ချို့တဲ့မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ခုလို ဖြည့်စွက် အာဟာရထုပ်တွေ ဝေပေးပြီးတဲ့အခါ အာဟာရ နည်းလို့ ကလေးတွေ နေမကောင်းဖြစ်တဲ့နှုန်း သိသိသာသာ ကျသွားပါတယ်။ ဒါပေမဲ့လည်း ကလေးတွေ အာဟာရ မပြည့်တဲ့ပြဿနာ ကို ဖြေရှင်းနိုင်ဖို့ အရေးကြီး လိုသေးတယ်၊ ဖြည့်စွက် အာဟာရ ရဖို့နေနေသာသာ၊ ပုံမှန် ထမင်း နှစ်နပ်စားဖို့တောင် မနည်း ရုန်းကန်နေကြရတာပါလို့ ဆရာဝန်တယောက်က ခုလို ရှင်းပြပါတယ်။

“အဓိက ကတော့ အာဟာရ ပြည့်ဝအောင် သားငါး၊ အသီးအရွက် အဲဒါတွေ သူတို့ မစားနိုင်ဘူး။ အာဟာရ ပြည့်ဝဖို့ထက် စားရေးဝတ်ရေး နေရေးက အဓိက အခက်အခဲ ရှိတယ်။”

၂၀၀၉ ခုနှဟ်တုန်းက အိမ်နီးချင်း ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို နိုင်ငံက ပြည်သူ တဦးချင်း ဟာ နိုင်ငံတကာ အကူအညီ ၂၄ ဒေါ်လာကနေ ဒေါ်လာ ၅၀ လောက် ရနေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ က ၇.၅ ဒေါ်လာလောက်ပဲ ရခဲ့တာပါ။ အခုတော့ အဲဒီ မြန်မာနိုင်ငံဟာ ကိုယ့်ဖာသာ ပိတ်ထားခဲ့တဲ့ တံခါးကို ဖွင့်လိုက်ပါပြီ။ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုတွေ ဖြေလျှော့ပြီး အမေရိကန် သမ္မတ အိုဘားမားလည်း အလည်အပတ် ရောက်လာခဲ့ပါပြီ။ ဆိုတော့ မြန်မာနိုင်ငံရဲ့ သမိုင်း စာမျက်နှာသစ် တကယ် စပြီး လူထုလည်း ကျန်းမာရေး စောင့်ရှောက်မှု ပိုရလာမယ်လို့ မျှော်လင့်ရပါတယ်။
XS
SM
MD
LG