သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြေဥပြင်ရေး ထောက်ခံလက်မှတ် ၃ သန်းကျော်ပြီလို့ NLD ပြော


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒ သဘောထား လက်မှတ်တွေ ကောက်ယူ စုဆောင်းနေတာမှာ လက်မှတ်ပေါင်း ၃ သန်းကျော် ရသွားပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောပါတယ်။

တချိန်တည်းမှာပဲ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီကလည်း အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အခန်း ၄ ခန်းထိ လေ့လာပြီးသွားပြီလို့ ကော်မတီဝင်တဦးက ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှုအဖွဲ့အစည်းက ဦးဆောင်ပြီးတော့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ကောက်ခံမှုတွေ လုပ်နေတာဆိုရင် တနိုင်ငံလုံး အတိုင်းအတာအရ ၃ ဒဿမ ၃ သန်းနီးပါး ရရှိနေပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီဝင်တဦးဖြစ်တဲ့ ဦးထွန်းထွန်းဟိန် က ပြောပါတယ်။

“တိုင်းနဲ့ပြည်နယ် ၁၄ ခုကနေပြီးတော့ သူတို့ရရှိထားတဲ့ လက်မှတ်စာရင်းတွေကို ပို့ပါတယ်။ ပို့တော့ ကျနော်တို့ ပေါင်းကြည့်တဲ့အခါမှာ ၃၃ သိန်းပေါ့လေ ၃ ဒဿမ ၃ သန်းလောက် ကျနော်တို့ ရရှိနေပါပြီ။ ရန်ကုန်ကဆိုရင် အဲ့ဒီတုန်းက ကျနော်တို့ ဒါ ၆ သိန်းကျော်ကျော် ဇွန် ၂၇ မတိုင်ခင်ကပေါ့။ ဇွန် ၃၀ ရက်လောက်ကျတော့ သူတို့ကို ပြန်ပြီးတော့ မေးကြည့်လိုက်တဲ့အခါမှာ လက်မှတ်က ၈ သိန်းလောက် ကျနော်တို့ ရသွားတာပေါ့လေ။ ဒါကို ကျနော်တို့ပြန်ကြည့်လိုက်တော့ ဒါကတော့ အခြေအနေ ကောင်းပါတယ်လို့ ဒီလို ပြောရတာပေါ့ခင်ဗျ။”

ဒီလက်မှတ်ကောက်ခံမှုတွေကို ဇူလိုင်လ ၁၉ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပြီးတော့ အဲဒီနေ့ပြီးရင် ပုဒ်မ ၄၃၆ ကောက်ခံလက်မှတ်တွေ တနိုင်ငံလုံး အတိုင်းအတာအရ ဘယ်လောက်ရရှိခဲ့လဲ ဆိုတာကို အတိအလင်း ကြေညာမှာ ဖြစ်တယ်လို့လည်း ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှုအဖွဲ့အစည်းဟာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအနှံ့မှာ တစ်လခွဲကြာ ဟောပြောမှုတွေ လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလို ဟောပြောမှုတွေကို မြို့နယ်ပေါင်း ၅၀ နီးပါးမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှု အဖွဲ့အစည်းက ဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်လို့လည်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ က ပြောပါတယ်။

တဆက်တည်းမှာပဲ အခုလို နယ်တွေမှာ ၂၀၀၈ ဖွဲ့စည်းပုံအရေးနဲ့ ပတ်သက်ပြီး ဟောပြောမှုတွေ လုပ်တဲ့အခါမှာ အရင် ပြည်သူတွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာ ဘာလဲ ဂဂနန မသိတာကနေ အတော်လေး နားလည်လာတာကို တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

“အဲတော့ နောက်ဆုံးအခြေအနေကတော့ ကျနော်တို့ အကျိုးအမြတ်တခုကတော့ တော်တော်ကြီးကြီး ရနေပြီ။ အဲ့ဒါ ဘာလဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုက တော်တော် သိလာကြပြီဗျ နော်။ အဲတော့ နှစ်ပေါင်းအတော်ကြာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ကြားဖူးပေမဲ့ ဘာမှန်းမသိတဲ့ ပြည်သူလူထုဟာ အခု ၂၀၀၈ အခြေခံဥပဒေကို တော်တော် သိလာကြပြီ။ အထူးသဖြင့်ကတော့ ကျနော်တို့ ပြောချင်တာဘာလဲဆိုတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ဟာ ပြင်ရမယ့်ပုဒ်မတခု ဖြစ်တယ်ဆိုတာ ကို ပြည်သူလူထုကနေပြီးတော့ လက်ခံလာတယ်။ ဒီမှာ ကျနော်တို့ တကယ် သတ္တိကောင်းကောင်းရှိဖို့၊ တကယ် ယုံယုံကြည်ကြည်နဲ့ အင်ပြည့်အားပြည့် ပါဝင်ကြတဲ့ ပြည်သူတွေ ရှိနေသလိုပဲ တချို့ ဝေးလံတဲ့ ဒေသတွေကနေပြီးတော့ မပါဝင်နိုင်ကြတဲ့သူတွေလည်း ရှိကြမှာပဲ။ ဒါပေမဲ့ သေချာတာတခုကတော့ ဒီပုဒ်မ ၄၃၆ ဟာ ပြင်ရမယ်ဆိုတဲ့ဆန္ဒကိုတော့ ပြည်သူအများစုက ရှိနေပြီဆိုတာ ကျနော်တို့ တွေ့နေရတယ်။”

၂၀၀၈ ဖွဲ့စည်းပုံကို အဓိက ပြင်ဆင်မယ်ဆိုရင် လွှတ်တော်ထဲက ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ ပြင်ဆင်နိုင်မယ်ဆိုတဲ့ ဒီပုဒ်မ ၄၃၆ ဟာ ဘယ်လောက်ထိ အရေးပါသလဲ ဆိုတဲ့အချက်ကို ပြည်သူသိအောင် ဟောပြောမှုတွေ လုပ်ခဲ့ပြီးတော့ ဒီပုဒ်မဟာ ပြင်ဆင်ဖို့ အမှန်တကယ် လိုအပ်တယ်ဆိုတာကို ပြည်သူက ဆန္ဒပြု လက်မှတ်ရေးထိုးမှုတွေကို ပြည်ထောင်စု လွှတ်တော်ကို တင်ပြနိုင်အောင် ပုဒ်မ ၄၃၆ လက်မှတ် ကောက်ခံရေးတွေကို မြန်မာနိုင်ငံအနှံ့ ဆောင်ရွက်နေတာ လည်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ပြည်ထောင်စု လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကလည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုပြင်ဆင်ကြမလဲ ဆိုတာကို ဆွေးနွေးမှုတွေ လုပ်တဲ့နေရာမှာ အခန်း ၄ ခန်း နဲ့ပတ်သက်ပြီး ပြင်ဆင်စရာ ရှိတာတွေကို လေ့လာမှုတွေ ပြူလုပ်ခဲ့ပြီးဖြစ်တယ်လို့ အဲဒီကော်မတီမှာ ပါဝင်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

XS
SM
MD
LG