သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ဆင်ရေး SNLD ထောက်ခံ


၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ နယ်လှည့်စည်းရုံးလှုံ့ဆော်မှုတွေမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ပူးပေါင်းဆောင်ရွက်နေသလို၊ အခုအခါမှာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကလည်း NLD ပါတီနဲ့ ပူးပေါင်းလာပြီ ဖြစ်ပါတယ်။

NLD နဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ ၂၀၀၈ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီနည်းမကျတဲ့ အရေးပါတဲ့ အချက်တချို့ကို ရွေးကောက်ပွဲမတိုင်ခင် ပြင်ဆင်နိုင်ရေး လူထုထောက်ခံမှုရအောင် ကြိုးပမ်းအားထုတ်နေကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန် က တင်ပြထားပါတယ်။

အချေအတင်ဖြစ်နေရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး NLD နဲ့အတူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ရဲ့ လှုပ်ရှားမှုမှာ အခုအခါမှာတော့ တိုင်းရင်းသားပါတီကြီးတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD လည်း ပူးပေါင်းပါဝင်လာခဲ့တာပါ။

တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်နေတဲ့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုတွေကို SNLD ရဲ့ ဌာနချုပ်ရုံးတွေမှာလည်း လုပ်ဆောင်မှာ ဖြစ်တယ်လို့ SNLD ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောဆိုပါတယ်။

“ကျနော်တို့ကတော့ SNLD + UNA အဖွဲ့အနေနဲ့ဆိုရင် ၈၈ မျိုးဆက်နဲ့ ညှိနှိုင်းဆွေးနွေးထားတာတွေ ရှိတာပေါ့ဗျာ။ အဲ့လို ညှိနှိုင်းဆွေးနွေးတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုလို့ရှိရင် ၄၃၆ ကနေ စပြင်ရမယ်ပေါ့။ အဲ့လို ကတိကဝတ်တွေ ရှိထားတဲ့အခါကျတော့ ၈၈ က လုပ်မယ်ဆိုရင်လည်း ကျနော်တို့ဘက်က ပူးပေါင်းကူညီဖို့ပေါ့နော်။ ဥပမာ နယ်မှာရှိတဲ့ ကျနော်တို့ပါတီဝင်တွေကို လက်မှတ်ရေးထိုးတဲ့ဆီမှာ ပါဝင်ပူးပေါင်းဖို့ အဲ့လို အနေအထားမျိုးတော့ ရှိပါတယ်။ လောလောဆယ်ကတော့ လူကြီးပိုင်းကတော့ ပြီးသွားပြီပေါ့နော်။ နောက်ထပ် ဆက်လုပ်ဖို့ရှိပါတယ်။ ကျနော်တို့ အပါအဝင်ပေါ့နော် နောက်ထပ် တခြားပါတီဝင်တွေလည်းပဲ ဒီထဲမှာ ပါဝင်သင့်တယ်လို့တော့ ကျနော်တို့ မြင်ထားပါတယ်။”

ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုလှုပ်ရှားမှုတွေမှာ နိုင်ငံရေးအင်အားစုတွေနဲ့အတူ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပူးပေါင်းလှုပ်ရှားကြဖို့ ကတိပြုထားပြီးဖြစ်သလို လက်မှတ်ရေးထိုး လှုပ်ရှားမှုတွေမှာလည်း SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကိုယ်တိုင် လက်မှတ်ရေးထိုး ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဋ္ဌာနချုပ်ရုံး အပါအဝင် မြို့ကြီးတွေက ပါတီရုံးတွေမှာ စတင်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုသဘောထား ကောက်ယူပွဲတွေမှာ ထင်ရှားတဲ့အနုပညာရှင်တွေ၊ စာပေပညာရှင်တွေနဲ့ နိုင်ငံရေးအင်အားစုတွေကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ NLD ပါတီကတော့ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၄၃၆ ကို အဖွဲ့ချုပ်အနေနဲ့ အဓိက ပြင်ဆင်လိုတဲ့ အပိုင်းတွေနဲ့ ပတ်သက်လို့ NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

“နှစ်ပိုင်းရှိတယ်။ တပိုင်းက ၇၅ ရာခိုင်နှုန်းကျော် လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းမှရမယ်ဆိုတဲ့အချက်၊ လွှတ်တော်ထဲမှာက တကယ်ရွေးကောက် တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်က ၇၅ ပဲရှိတယ်။ ၇၅ ကျော်ဖို့ဆိုရင် ရွေးကောက်တင်မြှောက်ခြင်းမရှိတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ပါမှဖြစ်မယ်။ ဒါကတခု။ နောက်တခုက အဲ့ဒီပြင်ဆင်ဖို့ အားလုံး သဘောတူပြီးရင်တော့ referendum လုပ်ရမယ်။ မဲပေးပိုင်ခွင့်ရှိသူရဲ့ထက်ဝက်လို့ ပြောတယ်။ ဘာပဲဖြစ်ဖြစ် referendum က လိုရဲ့လား။ referendum တခုလုပ်တာဟာ တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေ အများကြီးသုံးရတယ်။ အဲတော့ မလိုအပ်ဘဲနဲ့ အချိန်လည်းကုန်မယ်။ ငွေလည်းကုန်မယ်။ ဒါမျိုးတွေလည်း ပြင်သင့်တယ်လို့ ထင်ပါတယ်။”

SNLD ပါတီ ပြောခွင့်ရသူ ဦးစိုင်းလိတ်ကလည်း မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့နဲ့ တိုးတက်တဲ့ နိုင်ငံရေးလမ်းကြောင်းတွေ ဖော်ဆောင်နိုင်ဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အရေးကြီးတဲ့ အပိုင်းတွေကို ပြင်ဆင်ဖို့လိုအပ်နေတယ်လို့ ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံတော်ကိုအုပ်ချုပ် မင်းလုပ်တဲ့ အစိုးရမင်းများနဲ့ ကျနော်တို့ ပြည်သူတရပ်လုံးကြားထဲက ပဋိဉာဉ်ကြီးတခုပါ။ ကတိကဝတ်ကြီး တခုပေါ့နော်။ အဲ့တော့ ရှိထားတဲ့ ကတိကဝတ်ဟာ သမာသမတ်ကျရဲ့လား။ တရားနည်းလမ်းကျရဲ့လားဆိုတာကို ကျနော်တို့ သုံးသပ်ဖို့လိုတယ်။ ပြည်သူကိုယ်တိုင်က ရွေးချယ်ပြီးတော့မှ တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် ရေးဆွဲထားတဲ့ ဥပဒေ မဟုတ်သေးသ၍ ပြည်သူတွေကို ကိုယ်စားမပြုနိုင်ဘူး။ ပြည်သူတွေရဲ့ အလိုဆန္ဒကို အကောင်အထည် ဖော်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ပြည်သူတွေ လိုချင်တဲ့ အတိုင်းအတာတခုရအောင် ဒီပြည်သူတွေကို ကိုယ်စားမပြုတဲ့ အခြေခံဥပဒေကြီးကို ပယ်ဖျက်ရမယ်။ အသစ်ရေးဖို့ လိုအပ်တယ်။ အဲ့လိုပယ်ဖျက်ဖို့ အသစ်ရေးဖို့ လုပ်တဲ့အခါမှာ အရေးကြီးဆုံးက ၄၃၆ ကို ပြင်မှသာလျှင် ကျနော်တို့ဆန္ဒ ပြည့်ဝမယ်။”

ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြု လက်မှတ်ရေးထိုးတာတွေကို မေလ ၂၇ ရက်နေ့ကစပြီးတော့ ဇူလိုင်လ ၁၉ ရက်နေ့အထိ ၁ လခွဲနီးပါး လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုအဖြစ်နဲ့ ဒီလလယ်ပိုင်းက ရန်ကုန်နဲ့ မန္တလေးမြို့တွေက NLD ရဲ့ လူထုစည်းဝေးပွဲတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သတိပေးခဲ့တာပါ။

အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ လိုက်နာရမယ့် တာဝန်တွေကို ပျက်ကွက်တယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေကို ထိခိုက်စေတဲ့ စကားတွေကို ပြောဆိုခဲ့တယ်ဆိုပြီး ကော်မရှင်က သတိပေးခဲ့တာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG